အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

အသက်၊ ကြွေးနှင့် စပါးကြား ရွေးချယ်ရ ခက်ခဲနေသည့် တောင်သူများ 

အာဏာသိမ်းပြီး နောက်ဆက်တွဲပေါ်လာသော ဆိုးကျိုးများ၊ လုံခြုံရေးကင်းမဲ့မှုနှင့် အကြွေးတင်ခြင်းတို့ကို လယ်ကွင်းထဲ ရုန်းကန်နေရသူတို့ ရင်ဆိုင်နေကြရသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှ ဦးကိုထွေး*ကဲ့သို့ မြေပြန့်ဒေသ တောင်သူလယ်သမားတို့၏ အပျော်ရွှင်ဆုံးအချိန်သည် တစ်နှစ်လျှင် နှစ်ခါမျှသာရှိတတ်သည်။ ငွေရွှင်သည့် ရှားပါးကာလများဖြစ်သော စပါးပေါ်ချိန်နှင့် ပဲပေါ်ချိန်တို့ဖြစ်သည်။  

သို့သော်လည်း လတ်တလောနှစ်များအတွင်း ထိုသို့ ပျော်ရွှင်ရမည့် အချိန်များတွင် အသက်အန္တရာယ်နှင့်ကြုံတွေ့ရမှု၊ အကြွေးဒုက္ခတို့ကိုပါ တပြိုင်နက်တည်း ရင်ဆိုင်နေရသည်။ 

၂၀၂၁ နှစ်ဆန်းပိုင်း ကိုဗစ်ကပ်ဘေးကြောင့် လူအများအပြား သေဆုံးနေချိန်တွင် မဲစာရင်း အကြောင်းပြ အာဏာသိမ်းလိုက်သည့်စစ်တပ်၏ ပစ်ခတ်မှုများကြောင့် နိုင်ငံအနှံ့ ခုခံစစ်ပွဲများ ပေါ်ပေါက်လာပြီး ဦးကိုထွေး အပါအဝင် လယ်သမားတို့၏ဘဝလည်း အကြီးအကျယ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ 

မြန်မာ့တောင်သူလယ်သမားတို့သည် ငွေချေးရခြင်း၊ ပိုင်ဆိုင်မှုပစ္စည်းများ ရောင်းထုတ်ရခြင်း၊ အစားလျှော့စားရခြင်းအပါအဝင် အနုတ်လက္ခဏာဆောင်သည့် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြရသည်ဟု ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာ့ကျေးလက်ဒေသ၏ စီးပွားရေးပြိုလဲမှုကို အပြည့်စုံဆုံး ဖော်ပြထားသည့် အဆိုပါအစီရင်ခံစာတွင်  နိုင်ငံအဆင့် အကျပ်အတည်းနှင့် ဦးကိုထွေးတို့ ရုန်းကန်လှုပ်ရှားနေရမှုကို ထင်ဟပ်နေသည်။  ယခုနှစ်တွင်လည်း ထိုအစီရင်ခံစာက ထောက်ပြထားသလို  ကျေးလက်ဒေသ လယ်သမားများ၏  လူနေမှုဘဝပုံစံ မပြောင်းမလဲ တည်ရှိနေသည်ကို တွေ့ရလေသည်။

လယ် ၄ ဧကနှင့် အကြွေး သိန်း ၁၀၀

ထိုသို့သော မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေ တောင်သူလယ်သမားများတွင် စစ်တောင်းမြစ်ဘေးနေ ဦးကိုထွေးလည်း ပါဝင်သည်။ ပြီးခဲ့သည့်နှစ်တွင် စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် စပါးခင်းများပျက်စီးသွားခဲ့ရာ ဦးကိုထွေး၏ တစ်ခုတည်းသော ဝင်ငွေရလမ်း ပိတ်သွားခဲ့သည်။ ဤသို့ဖြင့် လယ်လေးဧကသာ ပိုင်ဆိုင်သည့် ဦးကိုထွေးသည် အကြွေး သိန်း ၁၀၀ ကျော် တင်လာသည်။

ယခုနှစ်တွင်မူ ဦးကိုထွေး ရေဘေး လွတ်ကင်းသည်။ ထို့ကြောင့် တင်နေသည့် အကြွေးများကို ယခုနှစ်တွင်အနည်းငယ် ပြန်ဆပ်နိုင်မည်ဟု သူယူဆသည်။ ရိတ်သိမ်းပြီးနောက် စပါးလှိုင်းများကို အလေအလွင့်မရှိအောင်ဂရုစိုက်၍  ပုံထားသည်။ စပါးမနယ်မီ သူခိုးရန်လည်း ကြောက်ရခြင်းကြောင့် လယ်ကွင်းထဲရှိ တလင်းပြင်တွင် တဲထိုးပြီး ညအချိန် ကင်းစောင့်ရသည်။

မြို့ပေါ်ရှိ ပုဂ္ဂလိက အထက်တန်းကျောင်းတစ်ကျောင်းတွင် ရောက်နေသည့် သားကြီး၏ တစ်နှစ်စာ ပညာသင်စရိတ်၊ အဆောင်ခနှင့် ထမင်းဖိုးသည် ကျပ်သိန်း ၅၀ ကျော်ခန့် ကုန်နိုင်သည်။ သာမန် အထက်တန်းကျောင်းတက်နေသည့် သမီး၏ တစ်နှစ်စာ ကုန်ကျစရိတ်က ကျပ်သိန်း ၂၀ ခန့်ရှိသည်။ ထိုသို့ တောင်လိုပုံနေသော ကုန်ကျစရိတ်များနှင့် နှိုင်းယှဉ်ပါက ဦးကိုထွေး၏ လယ်လေးဧကမှ ထွက်သော စပါးတင်းရေသည် ဆီးစေ့ခန့်သာရှိလိမ့်မည်ဟု ညမှောင်မှောင်ထဲ ကောက်လှိုင်းပုံကို ကြည့်ပြီး သူတွေးနေမိသည်။

မပျော်သည့်အတွေးနှင့် အိပ်မပျော်တပျော်ရှိနေချိန် ရွာ၏တောင်ဘက် မလှမ်းမကမ်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ရွာသစ်ကျေးရွာဘက်မှ တိုက်ပွဲဖြစ်သံများကြောင့်  မှေးထားသည့် မျက်လုံးကျယ်သွားခဲ့ရသည်။

“တိုက်ပွဲဖြစ်နေတော့ လယ်ထဲမှာ စပါးရိတ်ပြီး ပုံထားပြီးပြီ။ စပစ်ပြီဆိုတော့ စပါးပုံပဲ ထားခဲ့ရမလား။ ထွက်ပြေးရမလားဖြစ်နေတာ။ နောက်ဆုံးရွာနဲ့ဝေးတော့ မပြေးဘဲ လယ်ထဲမှာပဲနေလိုက်တာ”ဟု ဦးကိုထွေးက ဆိုသည်။ 

တိုက်ပွဲများဖြစ်နေချိန် စပါးပုံနားတွင်နေရန် ဆုံးဖြတ်ချက်ချရသည့် အကြောင်းအရင်း ဦးကိုထွေးတွင်

တိတိကျကျရှိနေသည်။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲများမဖြစ်ပွားသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီး စပါးရိတ်သိမ်းချိန်အထိ တိုက်ပွဲမရှိသေး၍ အကြွေးများဆပ်နိုင်ရန် မျှော်လင့်ချက်များဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဦးကိုထွေးက ဆိုသည်။

“တိုက်တိုက်ဆိုင်ဆိုင် … စပါးရိတ်ပြီး မရောင်းရသေးတဲ့အချိန်မှ တိုက်ပွဲကစဖြစ်တော့ ဒုက္ခတွေ ရောက်ကုန်တာ” ဟု ဦးထွေးက ပြောသည်။

ရိတ်သိမ်းတော့မည့် စပါးခင်းအနီး ထိုင်နေသူ တစ်ဦး။ (ဓာတ်ပုံ – AFP)

တိုက်ပွဲများကြား ရောင်းရခက်သည့် စပါး

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့က ရေတာရှည်မြို့ အရှေ့ဘက် ငါးမိုင်ကျော်အကွာ စစ်တောင်းမြစ်ဘေး ရွာသစ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်တပ်နှင့်   ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားရာ ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ၁၅ ဦး ခန့်သေဆုံးပြီး နှစ်ဦး  သုံ့ပန်းဖြစ်သွားသည်အထိ စစ်တပ် အထိနာသွားသည်။

ထိုတိုက်ပွဲအပြီး စစ်တပ်က မြေပြင်စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းရာ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် တောင်သူများသည်လည်း စပါးကိုရောင်းချရန်ပင် အခက် ကြုံလာရတော့သည်။

 ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ပဋိပက္ခများကြောင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရခြင်း၊ သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခြင်း၊ လယ်သမားတို့၏ စိုက်ပျိုးနိုင်စွမ်းထိခိုက်ခြင်းနှင့် ရိတ်သိမ်းခြင်းတို့တွင်လည်း အခက်အခဲများရှိကြောင်း ဖော်ပြထားသည်။

ကုန်းမြင့်ဒေသနှင့် ကမ်းရိုးတန်းဒေသများမှ လယ်သမား (၂၅ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း ) တို့သည်လုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာသွားကြသည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။ လယ်ယာ လုပ်ငန်းသည် ခန့်မှန်းရခက်သည့် ကုန်ဈေးနှုန်းများနှင့် ဝယ်လိုအား၊ ထုတ်လုပ်ကုန်ကျစရိတ် ကြီးမြင့်မှု ရာသီဥတုဖောက်ပြန်မှုနှင့် ပဋိပက္ခများကြောင့် အခက်အခဲများ ပို၍ကြုံလာနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

ယခုရာသီတွင် စပါးစျေးသည် တစ်တင်းလျှင် ကျပ် ၁၀,၀၀၀ ခန့်  ဖြစ်သော်လည်း တိုက်ပွဲများဖြစ်နေသည့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသတွင် ကျပ် ၇,၀၀၀ ဖြစ်နေသည်ဟု ဒေသခံတောင်သူများက ဆိုသည်။

လယ်တစ်ဧကလျှင် သွင်းအားစု၊ ရိတ်သိမ်း စသည့် အထွေထွေ ကုန်ကျစရိတ် ကျပ် ၁၀ သိန်းနီးပါးရှိသော်လည်း ထွက်နှုန်းကျသည့် စပါးကြောင့်  အကြွေးတင်ပြီး ပိုမိုရုန်းကန်နေကြရသည်ဟုလည်း ရေတာရှည်မြို့နယ်နေ တောင်သူတစ်ဦးက ပြောသည်။

“တစ်ဧကကို တင်း ၁၀၀ ထွက်မှ ၁၁ သိန်းကျော်ပဲရှိတာလေ၊ တင်း ၆၀ ဆိုတော့ ဘယ်လောက်မှမရဘူးလေ၊ အရှုံးဘက်ထဲကို သွားတာပဲ၊ အခု  (တစ်တင်း) ၇,၀၀၀ နဲ့ ရောင်းရတော့ ပိုရှုံးတာပေါ့” ဟု ပြောသည်။

“မိုးတွေတအားများပြီးတော့ အပင်တွေကမပေါက်ဘူး၊ ပေါက်တဲ့အပင်တွေကတော့ သေတာတွေလည်း များတယ်။ ရာသီဥတုကလည်း တအားလည်းဆိုးရွားနေတော့ ဆုံးရှုံးမှုတွေ တအားများတာပေါ့”  

ဇွန်လမှစတင်၍ အချိန် ငါးလနီးပါးကြာ စိုက်ပျိုးခဲ့သည့် တောင်သူများသည် ရာသီဥတုဒဏ်နှင့်တိုက်ပွဲဒဏ် နှစ်ခုစလုံး ခံနေရသည်ဟုလည်း သူကဆိုသည်။

စပါး ဈေးကောင်းမရသဖြင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ပင် မကာမိကြသည့်အပြင် လမ်းပန်းဆက်သွယ်ရေးကြောင့် ရောင်းရခက်နေကြသည်။ (ဓာတ်ပုံ –  AFP)

စစ်တပ်သည် မြို့ပေါ်မှ စားနပ်ရိက္ခာများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များထံ မရောက်ရှိစေရန် အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပေးပြီး စစ်ဆေးတင်းကျပ်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။  စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ဆန်စက်များကိုစားသောက်ရန်အတွက် ပမာဏအနည်းငယ်သာ ကြိတ်ခွင့်ပေးထားသည်ဟုလည်း ဆိုသည်။ အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်၏ စီမံခန့်ခွဲမှု အမှားများကြောင့် ဆန်၊ ဆီနှင့် စားသောက်ကုန်များအပါအဝင် အထွေထွေကုန်ဈေးနှုန်း တဟုန်ထိုးမြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ အစားအစာလက်လီ ကုန်ဈေးနှုန်းသည် ၅၄ – ၇၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟုလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ အခြားတစ်ဖက်တွင်မူ လယ်သမားများ ကောက်ပဲသီးနှံ ရောင်းချရာတွင် စျေးကောင်း မရကြပေ။ 

လယ်ကွင်းထဲမှ စပါးများကို မရောင်းချဘဲ စပါးကျီထဲထည့်ရန်၊ နေရာပြောင်းရွှေ့ရန် ရွာတွင် လူငှား၍ မရကြောင်းကို ရေတာရှည်ဒေသခံ တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။ “စပါးကစိုနေသေးတော့ နေပူထဲလှမ်းထားရတယ်၊ လက်နက်သံကြားရင် သွားပြန်အုပ်ထားရတယ်၊ အဲဒီအချိန် ဈေးနှိမ်ပြီးရောင်းလည်း ဝယ်မယ့်သူမရှိဘူး” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ တိုက်ပွဲများပြင်းထန်နိုင်မည်ဟုတော်လှန်ရေးအဖွဲ့များက သတိပေးထား၍ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် နေထိုင်သည့်ဒေသခံအချို့လည်း မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရန်လည်း စီစဉ်နေကြရသည်။

စစ်တောင်းမြစ်ဘေးရှိ ရေတာရှည်မြို့နယ်မှ ခင်တန်း၊ ကျိတ်ပုတီး၊ ရွာသစ်၊ ဆွာရွာမကြီး၊ ထန်းပင်ကုန်း၊ အိုးမြေတူး၊ စည်ပိုင်း၊ ရှမ်းစု စသည့် ရွာများမှဒေသခံများ တိမ်းရှောင်နေကြရသည်။ ထိုသို့ တိမ်းရှောင်နေရသူများထဲတွင် ဦးကိုထွေးလည်း ပါဝင်သည်။

ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ဦးကိုထွေးသည် လယ်လေးဧကမှထွက်သည့် စပါး တင်း ၃၀၀ ကျော်ကို ရောင်းချရာ သိန်း ၂၀ ကျော်သာရရှိသည်။ အကြွေး သိန်း ၁၀၀ တင်နေသော၊ ကလေးနှစ်ယောက်  သားကြီးကျောင်းစရိတ် တစ်နှစ်လျှင် သိန်း ၇၀ ကုန်နေသော လယ်သမားကြီး ဦးကိုထွေးသည် အကြွေးသံသရာထဲ ဆက်လည်နေဦးမည်သာဖြစ်သည်။

ကျေးလက်ဒေသခံအများစုသည် တောင်သူလယ်သမားများဖြစ်ကြရာ ဦးကိုထွေးကဲ့သို့သော ခက်ခဲသည့် အခြေအနေကို  အများအပြား ကြုံတွေ့နေရသည်။

 “မြို့ကို မပြောင်းရွှေ့နိုင်လို့ ကျန်ခဲ့တဲ့သူရယ်၊ တိုက်ပွဲဖြစ်ရင် တခြားရွာကိုရှောင်၊ ပြီးရင် ပြန်လာနဲ့ ဒီလိုနေ နေကြတာ။ အခုက ရွေးကောက်ပွဲရှိတော့ တိုက်ပွဲတွေက ပိုရှိလာနိုင်လို့ ပြောင်းနေဖို့လုပ်နေကြတာ။ ပြီးရင်တော့ လယ်ပဲလုပ်တတ်တာလေ၊ ရွာပဲပြန်လာရမှာပဲ” ဟု ဦးကိုထွေးက ပြောလိုက်သည်။

 (* သတင်းရင်းမြစ်၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။) 

Related Articles

Back to top button