သတင်း

သုံးလကြာဖမ်းဆီးထိန်းသိမ်းခဲ့ရသည့် မြိတ်မြို့မှ လူငယ် ၃၀ ကျော် ထောင်ဒဏ်များ ချမှတ်ခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် သုံးလကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်အာဏာရှင်ဆန့်ကျင်သူ လူငယ် ၃၂ ဦးကို မြိတ်အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားသည့် စစ်ကောင်စီ၏ အထူးတရားရုံးက ဇွန် ၈ ရက်တွင် ထောင်ဒဏ်အသီးသီး ချမှတ်လိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေစဉ် မတ် ၉ ရက်က ဖမ်းဆီးခြင်းခံခဲ့ရသည့် ထိုလူငယ် ၃၂ ဦးအနက် ၃၀ ဦးကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ လူစုခွဲရန် အမိန့်ပေးမှုကို ဆန့်ကျင်မှုဆိုင်ရာပုဒ်မ ၁၄၅ တို့ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံရန်၊ ကျန်နှစ်ဦးကို ပုဒ်မ ၅၀၅ (က)နှင့် ပုဒ်မ ၁၄၅ အပြင် လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းကိုင်ဆောင်မှု ပုဒ်မ ၂၈၆ ပါတပ်၍ ထောင်ဒဏ် ၄နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။  

ထောင်ဒဏ် ၄ နှစ်အထိ ချမှတ်ခံခဲ့ရသူ အသက် ၁၉ နှစ်အရွယ်ဝန်းကျင် လူငယ်နှစ်ဦးအနက် တစ်ဦးဖြစ်သူ ကိုဇော်မျိုးနိုင်၏ လက်ထဲတွင် ယမ်းတွေ့သည်ဆိုသော စစ်ကောင်စီ၏ စွပ်စွဲချက်မှာ တရားမျှတမှုမရှိကြောင်း ၎င်း၏ ဆွေမျိုးတစ်ဦးက Myanmar Now ကို ပြောသည်။

“ကလေး(ကိုဇော်မျိုးနိုင်)ဆီက ဘောလုံးမီးပန်းလေး နှစ်လုံးမိတယ်လို့ ပြောကြတယ်။ အဲဒါကို လက်နက်ကိုင်ဆောင်မှုနဲ့ ၂ နှစ်ထပ်ချတာ။ ဘောလုံးမီးပန်းက ဖောက်လိုက်ရင် အငွေ့ထွက်တဲ့ဟာလေးလို့ ကြားရတယ်။ ကလေးက လုပ်လည်း မလုပ်တတ်ဘူး။ မျှတမှုမရှိဘူးလို့ ခံစားရတယ်” ဟု ၎င်းက ပြောသည်။

မြိတ်မြို့တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေစဉ် မတ် ၉ ရက်က လူငယ် ၇၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အချို့ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၃၂ ဦးကိုမူ စစ်ကောင်စီက ပုဒ်မများတပ်၍ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“တချို့ကျတော့လည်း အလုပ်ကိစ္စနဲ့ ရောက်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတယ်ဆိုတာ အဖမ်းခံရတဲ့သူတွေက တရားခွင်မှာ ချေပကြတယ်။ ဒါပေမယ့် တရားသူကြီးက အမိန့်ချတဲ့အခါမှာ ဒီနေရာဟာ အခင်းဖြစ်တဲ့နေရာဖြစ်တဲ့အတွက် တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ စုဝေးနေတာဟာ ဆန္ဒပြဖို့ဖြစ်တယ်။ အလုပ်ကိစ္စမဖြစ်နိုင်ဘူးဆိုတဲ့ပုံစံနဲ့ အမိန့်ချသွားတယ်” ဟု အမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

မြတ်မြို့၊ ကွက်သစ်ရပ်ကွက်၊ D လမ်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမည့် ပြည်သူများ စုဝေးနေချိန်တွင် စစ်တပ်နှင့် ရဲက လမ်းကို နှစ်ဖက်ပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ကိုးတန်းကျောင်းသားပါမကျန် ဖမ်းဆီးခံခဲ့ရသလို အမျိုးသမီးငယ်တစ်ဦးဆိုလျှင် လည်ပင်းကို ရာဘာကျည်ဖြင့်တေ့၍ ပစ်ခတ်ဖမ်းဆီးခံရသည်။

ဖမ်းဆီးခံရသူများကို မြိတ်မြို့လေဆိပ်အနီးရှိ လေတပ်အတွင်းခေါ်ဆောင်ကာ တစ်ယောက်မကျန် ဒူးထောက်ခိုင်းကာ သံခါးပတ်ခေါင်း၊ သစ်သားတုတ်၊ ပိုက်များနှင့် ရိုက်နှက်ခဲ့သည့်အပြင် အချို့သောသူများသည် ချိန်းကြိုးဖြင့် အကြမ်းပတမ်းရိုက်နှက်ခံခဲ့ရသည်ဟု ပြန်လည်လွတ်မြောက်လာသူများက Myanmar Now ကို အတည်ပြုခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံရသူများကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဟစ်ကြွေးသီဆိုလေ့ရှိသည့် ‘ကမ္ဘာမကျေဘူး’သီချင်းနှင့် ‘စစ်အာဏာရှင်အလိုမရှိ’ စသည့် ကြွေးကြော်သံများကို ထပ်တလဲလဲ သီဆိုခိုင်းခဲ့ပြီး စစ်သားများက ‘စစ်ခွေးဆိုတော့ ကိုက်တတ်တယ်’ ဟု အော်ဟစ်ကာ လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခဲ့သည်။

“သပိတ်စစ်ကြောင်းမှာ ဘယ်လိုအော်သလဲ။ သီချင်းဘယ်လိုဆိုသလဲ။ လက်ဘယ်နှချောင်းထောင်သလဲ၊ ဆိုခိုင်းပြီး ရိုက်တယ်။ အမေစုပုံတက်တူးထိုးတာလို့လည်း သီးသန့်ခေါ်ပြီး ရိုက်တယ်။ ငါတို့ကို စစ်ခွေးခေါ်တာ။ ငါတို့က စစ်ခွေးဆိုတော့ ခွေးဆိုတာက ကိုက်တတ်တယ်လို့ ပြောပြောပြီးတော့ ရိုက်တာ”ဟု ဖမ်းဆီးရိုက်နှက်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ဇွန် ၉ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၅၈၉ ဦး သေဆုံးခဲ့ရပြီး လူပေါင်းခြောက်ထောင်နီးပါး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက AAPP ၏ စာရင်းမှာ မှားယွင်းသည်၊ တရားမဝင်အဖွဲ့အစည်းဖြစ်၍ အရေးယူမည်ဟုဆိုထားသော်လည်း ၎င်းတို့လက်ချက်ဖြင့် သေဆုံး၊ ဖမ်းဆီးခံရသူအရေအတွက်ကိုမူ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လေ့မရှိပေ။

Show More

Related Articles

Back to top button