တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံနှင့် ခင်ပွန်းဖြစ်သူတို့ ယမန်နေ့ နံနက်အစောပိုင်း၌ အသတ်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် အမည်မသိလူအချို့က ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ကို ၎င်းတို့နေအိမ်တွင်း ဝင်ရောက်၍ ဓားဖြင့် ခုတ်သတ်သွားခြင်းဖြစ်ကြောင်း အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“အကြမ်းဖျင်းကတော့ ည ၁ နာရီဝန်းကျင်လောက်မှာ အမည်မသိလူတစ်စုကနေပြီး ဓားနဲ့ ခုတ်သတ်သွားတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရောက်ချိန် ဆရာမကြီးတို့လင်မယား အသက်မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဒေါ်အေသီအောင်သည် မြို့နယ်ပညာရေး ဘုတ်အဖွဲ့၏ တာဝန်ခံအဖြစ် ဆောင်ရွက်နေသလို ပုလောမြို့နယ်အတွင်း NUG ၏ ပညာရေးကျောင်းများ ဖွင့်နိုင်ရေး ကြိုးပမ်းသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဆရာမကြီးဟာ ပညာရေးကျောင်းတွေ ဖွင့်လှစ်နိုင်ရေး အစွမ်းကုန်ကြိုးစားခဲ့သလို အောင်မြင်အောင်လည်း ဆောင်ရွက်နိုင်ခဲ့တယ်”
မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရမှုကို ၎င်းတို့အနေဖြင့် စုံစမ်းမည်ဖြစ်ပြီး ကျူးလွန်သူအား ဖမ်းမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။
ပြည်သူလူထုအနေနှင့် ပြစ်မှုကျူးလွန်သူနှင့်သက်ဆိုင်သော သတင်းများရပါက သတင်းပို့နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရခြင်းသည် ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း ပညာရေးဝန်ထမ်းများအား အကြမ်းဖက်သည့် လုပ်ရပ်ဖြစ်သဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထိုတပ်ရင်းက ဆိုသည်။
ပုလောမြို့နယ်သည် တော်လှန်ရေးအားကောင်းသည့်နယ်မြေဖြစ်ပြီး NUG တပ်ရင်းတပ်ဖွဲ့များလည်း အခြေစိုက်သလို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄) နယ်မြေဖြစ်သည်။
“တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ဖြစ်သွားတဲ့အမှုဆိုတော့ အဖြစ်မှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူကို ဥပဒေအရ ထိရောက်စွာ အပြစ်ပေးနိုင်ဖို့က ကျွန်တော်တို့တာဝန်ပါ” ဟု အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ပုလောမြို့ ၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးမိုးနိုင်နှင့် ဒီဇင်ဘာလ ၆ ရက်နေ့က ပုလောမြို့နယ်၊ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌ အသက် ၆၄ နှစ်အရွယ် ဦးကြည်သန်းတို့ကို မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း က ဖမ်းဆီးစဉ် သေဆုံးမှုဖြစ်ပေါ်ခဲ့သေးသည်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နောက်က လိုက်လံပစ်ခတ်နေစဉ် ဦးမိုးနိုင် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ခဲ့ရကြောင်း ၊ ဦးကြည်သန်းကို ဖမ်းဆီးစဉ်ကလည်း လက်နက်လုယူ၍ ပြန်ပစ်ရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း PDF မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
တော်လှန်ရေးစိုးမိုးမှု အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ကနီနယ်အတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က NUG မြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့် ဇနီး၊ သုံးလကျော်အရွယ် သမီးငယ်တို့အား ဓားဖြင့် ထိုးသတ်ခဲ့သည့်အမှု တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း ကျုးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပေ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမိန့်ပေးစေခိုင်းသူများနှင့် ကျူးလွန်သူအားလုံးကို ဖော်ထုတ်ကာ တရားမျှတမှုရရှိရန် ဆောင်ရွက်သွားမည်ဟု အခင်းဖြစ်ပြီးနောက်ရက် နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပုလောမြို့နယ် ပညာရေးတာဝန်ခံ သတ်ဖြတ်ခံရမှုအပေါ် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကို မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးသလို NUG ပညာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်မထားသေးပေ။



