အညာဒေသ ရွာတစ်ရွာရဲ့ ရွာလယ်က အိမ်တစ်အိမ်မှာ ကျောင်းဆရာ၊ သူ့ဇနီးနဲ့ သုံးလကျော်အရွယ် သူတို့ရဲ့ တစ်ဦးတည်းသော သမီးငယ်လေးအပါအဝင် မိသားစု သုံးဦးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့ညမှာ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်နေ့မွန်းလွဲမှာ ဓားဒဏ်ရာကိုယ်စီနဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နေထိုင်တဲ့ မြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေး မိသားစု အသတ်ခံရမှုဟာ တစ်နှစ်ပြည့်လာပြီ ဖြစ်ပေမဲ့ ကျုးလွန်သူတရားခံကို ဖော်ထုတ်အရေးယူနိုင်တာ မရှိသေးပါဘူး။
လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပညာရေးအသိုင်းအဝိုင်းသာမက တော်လှန်ရေးအင်အားစု အသီးသီးက ရှုတ်ချခဲ့ကြသလို ၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒေသခံလူထုလူတန်းစားအစုံကလည်း လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမိန့်ပေးစေခိုင်းသူတွေနဲ့ ကျူးလွန်သူအားလုံးကို ဖော်ထုတ်ပြီး တရားမျှတမှုရရှိဖို့ တစိုက်မတ်မတ် ဆောင်ရွက်သွားမယ်လို့ အခင်းဖြစ်ပြီး နောက်ရက် နိုဝင်ဘာလ ၆ ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။
“ယခုကဲ့သို့ တရားလက်လွတ် မတရားသတ်ဖြတ်ခံရခြင်းအမှုနှင့် ပတ်သက်၍ မည်သည့်လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန်ကန့်ကွက် ရှုတ်ချပြီး အသေးစိတ်မှတ်တမ်းတင်လျက် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုရရှိနိုင်ရန် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည်” လို့ လည်း ဖော်ပြထားတာတွေ့ရပါတယ်။
ဒါပေမဲ့ သေဆုံးသူမိသားစုအတွက် တရားမျှတမှုကတော့ တစ်နှစ်ပြည့်တဲ့အထိ ဝေဝါးနေဆဲ အခြေအနေပါ။
“အမှုက အခုလို တစ်နှစ်ပြည့်လာတဲ့အထိမှာတော့ ကွင်းဆက်ပြတ်နေသလိုဖြစ်နေတယ်။ လိုက်ဖို့ တကယ် ခက်ခဲတာလား။ ဘယ်လိုအခြေနေတွေ ရှိလဲတော့မသိဘူး။ အခုထိတော့ ဒီအမှုက ဘယ်ဌာနကမှ လိုက်ပြီး ဖော်ထုတ်ပေးနိုင်တာမျိုး မရှိဘူး။ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ပြောပေမဲ့ ပညာရေးဝန်ကြီးဌာနထက် ဒီအမှုကို ဖော်ထုတ်ပေးရမှာက ပြည်ထဲရေးဌာနကပါ။ ပြည်ထဲရေးဌာနက အားကောင်းဖို့တော့လိုပါတယ်” လို့ တော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေတဲ့ ယင်းမာပင်ခရိုင်ဒေသခံ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်ဟာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်ခရိုင်တွင်းမှာရှိပြီး ခရိုင်လေးမြို့နယ်ထဲက တခြားနယ်မြေတွေလိုပါဘဲ။ မြို့ပေါ်ကလွဲရင် ကျေးရွာတွေဟာ စစ်တပ်ခြေချလို့ မရသလို တော်လှန်ရေးအဖွဲ့တွေက ကြားကာလအစိုးရအဖွဲ့ ယန္တရားနဲ့ လည်ပတ်နေတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။
“ဒီဖြစ်စဉ်ဟာ တော်လှန်ရေးအချင်းချင်းကြားက အတွင်းပဋိပက္ခပါဘဲ။ အချင်းချင်းကြား သတ်ဖြတ်တယ်ဆိုတာ ကိုယ်ကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတာမျိုး၊ အမှန်တရားနဲ့ ပတ်သက်ပြီး အချင်းချင်းကြား ဝေဖန်တဲ့အပေါ် မခံမရပ်နိုင်တာမျိုးကြောင့်ပါ ” လို့ ကနီမြို့နယ်သား တော်လှန်ရေးသမားတစ်ဦးက သုံးသပ်ပါတယ်။
ဦးဝင်းဌေးမိသားစုအသတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းဌာနတွေနဲ့ ပြောဆိုဖို့ တွန့်ဆုတ်ခဲ့ကြသလို ဖြေဆိုသူတွေ အနေနဲ့လည်း မြေပြင်အခြေအနေအရ အများစုဟာ အမည်ကိုထုတ်ဖော် ပြောဆိုလိုစိတ် မရှိကြပါဘူး။
ဦးဝင်းဌေး ဘယ်လိုလူလဲ
ဦးဝင်းဌေးဟာ အထက်တန်းပြ ကျောင်းဆရာကနေ CDM လုပ်ထားသူဖြစ်ပြီး မြို့နယ်အတွက် ပညာရေးတာဝန်ခံ အလုပ်တွေသာမက တော်လှန်ရေးမှာလည်း ထောက်ပို့လုပ်ငန်းတွေမှာ အားတက်သရော လုပ်ကိုင်တတ်သူလို့ သူနဲ့အရင်းနှီးဆုံး မိတ်ဆွေတွေထဲက ကျောင်းဆရာတစ်ဦးက ရှင်းပြပါတယ်။
သူဟာ အာဏာသိမ်းမှု အစောပိုင်းကာလမှာကတည်းက ကနီမြို့နယ်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သလို CDM ဝန်ထမ်းတွေကို စာရင်းပြုစုရေးမှာလည်း ဦးဆောင်ခဲ့သူလို့ ဆိုပါတယ်။
“တကယ်အနေအေးပြီး တော်လှန်ရေးမှာလည်း တတ်နိုင်တဲ့နေရာက ဝင်ပြီးထမ်းသူပါ။ တိုက်ပွဲတွေမှာ ဒဏ်ရာရ ရဲဘော်တွေကို ဆေးကုသရေးဆီပို့တာတွေမှာဆို တောက်လျှောက်လုပ်ပေးခဲ့တာ။ အစိုးရအဖွဲ့မှာ မြို့နယ်ပညာရေး တာဝန်ခံဆိုပေမဲ့ လုပ်နိုင်အား အဲဒီထက်ပိုပါတယ်” လို့ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာက ပြောပါတယ်။
ကနီဒေသခံ နောက်တစ်ဦးပြောပြတာကတော့ ဦးဝင်းဌေးဟာ ပညာရေးနဲ့ အမှန်တရားကို တန်ဖိုးထားသူလို့ သုံးသပ်ပြပါတယ်။ ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး အများစုက အာရုံစိုက်မှုနည်းနေချိန်တွေမှာ သူက ပညာရေးအတွက် အမြဲအလေးထားလုပ်ဆောင်တာမျိုးလည်း တွေ့ရတယ်လို့ လုပ်ဖော်ကိုင်ဖက် တချို့က သုံးသပ်ပြပါတယ်။
“ဦးဝင်းဌေးက အမှန်တရား မြတ်နိုးတဲ့သူဆိုတော့ သူ့လုပ်ရပ်အပေါ်မှာ မကြိုက်လို့ ရန်စသဘောမျိုး တုံ့ပြန်တယ်လို့ သုံးသပ်မိတယ်။ တော်လှန်ရေးကာလမှာ ကောင်းချင်တဲ့စိတ်နဲ့ လုပ်ကိုင်နေတဲ့ ပညာတတ်တစ်ယောက်ကို မိသားစုလိုက် သတ်ဖြတ်တာက ရက်စက်ယုတ်မာမှုပါ။ တော်လှန်ရေးသမား အချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်လို့ ရတာကို အခုလို တုံ့ပြန်တာ ဆိုးပါတယ်။ NUG ပညာရေးတာဝန်ခံဆိုတာ ပညာရေးကဏ္ဍအတွက် ပညာရှင် တစ်ယောက်ပါပဲ” လို့ ယင်းမာပင်မြို့နယ်က တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်။
ဦးဝင်းဌေး သေဆုံးချိန်က အသက် ၃၅ နှစ် ဝန်းကျင်သာရှိသေးပြီး ဇနီးဖြစ်သူ ဒေါခြိမ့်ခြိမ့်သဲဝေ က အသက်၂၅ နှစ်ဝန်းကျင်နဲ့ သမီးငယ်လေး မရွှေဝတ်ရည်လွှာကတော့ သုံးလကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။

ဦးဝင်းဌေး မိသားစုသတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့် အမှုမှန်ပေါ်ပေါက်ရေးလှုပ်ရှားမှုကို ယခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ကနီမြို့နယ်အတွင်း ဒေသခံတချို့၊ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီတို့က ဦးဆောင် ပြုလုပ်ခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းထဲက NUG ဝန်ထမ်းတွေ လုပ်ကြံခံရမှု
စစ်ကိုင်းတိုင်းမှာ NUG ယန္တရားအောက် တာဝန်ထမ်းဆောင်နေတဲ့ မြေပြင်ဝန်ထမ်းတွေ လုပ်ကြံခံရမှုဟာ ဦးဝင်းဌေးမိသားစု ဖြစ်စဉ်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ကောလင်းမြို့နယ် သယံဇာတ ကော်မတီ အတွင်းရေးမှူး ဦးအရိန္ဒမာဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင်ဟာလည်း ၂၀၂၄ ခုနှစ် မေလ ၂၃ ရက် ညနေပိုင်းမှာ ပျောက်ဆုံးနေပြီး မေလ ၂၄ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ ပုလဲမြို့နယ် ပအဖ ခေါင်းဆောင်ရဲ့ နေအိမ်မြေအောက်ခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ ကနီမြို့နယ်၊ တပုန်းကျေးရွာ ပညာရေးတာဝန်ခံ ဦးဝင်းဌးနဲ့ မိသားစုဟာ နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာလည်း ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာ (ပအဖ) ခေါင်းဆောင် ဦးသိန်းဝေဟာ နံနက် ၆ နာရီဝန်းကျင်လောက်မှာပဲ သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်မှာ ဝက်လက်မြို့နယ် ပအဖရုံးအဖွဲ့မှူး ဦးမျိုးအောင်နဲ့ ညီမတော်စပ်သူ အမျိုးသမီးတစ်ဦးဟာ ရွာသာကြီးတိုက်နယ် ၊ ရွှေဂျိုးဖြူရွာမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရပြန်ပါတယ်။ အဲဒီလုပ်ကြံမှုကို စစ်အုပ်စုရဲ့ လက်ချက်လို့ ပြောဆိုကြတာ ရှိပေမဲ့ တိတိကျကျ အတည်ပြုနိုင်တာမျိုးတော့ မတွေ့ရသေးပါဘူး။
ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ျာ ဟာလည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ အရုဏ်တက်ချိန်မှာ သူနေထိုင်ရာနေအိမ်မှာ လုပ်ကြံခံရပါတယ်။ ဒီအမှုကတော့ လုပ်ကြံ သတ်ဖြတ်သူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှာတော့ ဝက်လက်မြို့နယ် မကျီးကန်(မြောက်)ရွာ ပအဖ တာဝန်ခံ ဦးမင်းသန့် ဟာ မကျီးကန်ကျေးရွာကနေ လှတောကျေးရွာကို ဆိုင်ကယ်နဲ့ စျေးဝယ်သွားရာ အပြန်လမ်းမှာ ဦးခေါင်းကို သေနတ်နဲ့တေ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
NUG ရဲ့ အရပ်ဘက်ဝန်ထမ်းတွေနဲ့ ပကဖအပါအဝင် လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ် ခုနစ်ခုဟာ တော်လှန်ရေး စိုးမိုးနယ်မြေတွင်းမှာဖြစ်ခဲ့ပြီး ဆားလင်းကြီးမြို့နယ်က ပကဖ အသတ်ခံရမှုသာ တရားခံကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေအတွင်း သတ်ဖြတ်ခံရမှုတွေမှာ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်မှု အားနည်းနေဆဲဖြစ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ တော်လှန်ရေးအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားကြပါတယ်။
ဒေသခံတော်လှန်ရေးသမားတွေကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုတွေဟာ အတွင်းပဋိပက္ခဖြစ်စဉ်လို့ပဲ ကောက်ချက်ချကြပါတယ်။

NUG မဟုတ်တဲ့ သတ်ဖြတ်ခံရမှုတွေလည်း ရှိနေ
နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသော်လည်း တရားဥပဒေစိုးမိုးရေးနဲ့ အမှုအခင်းတွေ ကိုင်တွယ်ရာမှာ လူထုစိတ်ကျေနပ်လောက်တဲ့အထိ ဖြေရှင်းဆောင်ရွက်နိုင်မှု အားနည်းနေဆဲဖြစ်ပါတယ်။
NUG အဖွဲ့ဝင်တွေသာမက တော်လှန်ရေးအဖွဲ့ဝင်တွေ ပစ်ခတ်၊ သတ်ဖြတ်လုပ်ကြံခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားတဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) ဗဟိုဦးဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးဌာနတာဝန်ခံ၊ အသက် ၂၈ နှစ်အရွယ် ကိုသန်းထိုက် ခေါ် ကိုညီညီဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့ ညနေမှာ ပစ်ခတ်သတ်ဖြတ်ခံရပါတယ်။
အရာတော်မြို့နယ် အိုင်လျား (အိုင်သာ) ရွာနဲ့ ထန်းတောကုန်းရွာကြား မြေပဲခင်းထဲမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ YRF က ဆိုပါတယ်။
ဒီအမှုကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက ပြောကြားထားပေမဲ့ အခုချိန်အထိ တရားခံ ဘယ်သူဘယ်ဝါဆိုတာတောင် မသိရသေးပါဘူး။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသမှာ တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုက ကြားကာလ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်တဲ့ လုပ်ရပ်ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံး ဖြေရှင်းပေးဖို့ YRF က တောင်းဆိုထားပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ပထမပတ်ကလည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦး လည်ပင်းလှီးဖြတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ညက ရွာပြင် သုသာန်အနီး အင်တာနက်သုံးရန် သွားရောက်ခဲ့ပြီး အပြန်မှာ သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ မိသားစုဝင်တွေက အဲဒီတုန်းက ပြောပါတယ်။
ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံကိုဖမ်းမိထားပြီး တရားစွဲထားတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က မနှစ်က စက်တင်ဘာလ လဆန်းမှာ ပြောထားပါတယ်။
ဦးဝင်းဌေးမိသားစုလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပါအဝင် စစ်ကိုင်းတိုင်းထဲက သတ်ဖြတ်ခံရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးနေဘုန်းလတ်ကို ဆက်သွယ် မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ဒေသခံ CDM ကျောင်းဆရာတစ်ဦးကတော့ ဦးဝင်းဌေးအမှုက ဖုံးဖိခံနေရတယ်လို့သာ ယူဆကြောင်း သူက အခုလို မှတ်ချက်ပြုပါတယ်။
“ အမှုဟာ ဆွေးတယ်မရှိဘူးလို့ ဆိုရိုးရှိပေမဲ့ အာဏာတွေ ပုဂ္ဂိုလ်စွဲတွေကြောင့် ဦးဝင်းဌေးအမှုက အဖုံးခံ နေရပါတယ်။ ဒီအမှုကို ပြည်သူသိအောင်ဖော်ထုတ်မပေးနိုင်ခြင်းဟာ ရိုးသားတယ်လို့ မမြင်မိပါ။ ဒီမိုကရေစီ ပြည်သစ်ဆီကိုသွားနေကြတယ်ဆိုပေမဲ့ ဒဏ်ရာများနေတဲ့တိုင်းပြည်ရဲ့ အောက်စီဂျင်ပိုက်ကို တက်နင်းနေတာနဲ့ အတူတူပါပဲ”
လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ၊ ဦးဝင်းဌေးမိသားစုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု တရားမျှတမှု ဘယ်မှာလဲ၊ ၁၁၅ ရက်သား ကလေးငယ်ရဲ့ လွတ်လပ်စွာ ရှင်သန်ခွင့် ဘယ်မှာလဲ ၊ မတရားမှုကို ခေါင်းငုံ့မခံ ပညာရေးဖြင့် ဒို့တွန်းလှန်၊ ဦးဝင်းဌေး အမှုမှန်ပေါ်ပေါက်ရေး အားလုံးကူညီဆောင်ရွက်ပေး စတဲ့ အသံတွေက ဦးဝင်းဌေးမိသားစုလိုက် သတ်ဖြတ်ခံရပြီးနောက် တရားမျှတမှုကို လိုလားသူတွေရဲ့ တောင်းဆိုသံတွေပါ။
ပညာရေးတာဝန်ခံ ဦးဝင်းဌေး မိသားစုလိုက် သတ်ဖြတ်ခံရမှုရဲ့ ကျူးလွန်သူတရားခံကို ဒီနေ့ထိ မဖော်ထုတ်နိုင်မှုက တော်လှန်ရေးကာလ အုပ်ချုပ်ရေးယန္တရားမှာ အားနည်းချက်တွေ၊ ပြုပြင်ပြောင်းလဲရမှာတွေ ရှိနေသေးတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပါ။
ဒီအခြေအနေက ဒေသခံပြည်သူတွေရဲ့ လူမှုဘဝမလုံခြုံမှုနဲ့ စိုးရိမ်မှုကို မြင့်တက်စေပါတယ်။
မိသားစုလိုက် ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ တရားခံကို မဖော်နိုင်သေးမှုဟာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို ဖော်ဆောင်နေတယ်ဆိုတဲ့ တော်လှန်ရေးပုံရိပ်နဲ့ လူထုယုံကြည်မှုကို ထိခိုက်စေပါတယ်။
ဒါပေမဲ့ ဒီအမှုအခင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက အလေးအနက်ထားပြီး အမြန်ဆုံးဖြေရှင်း ဖော်ထုတ်မယ်လို့ ပြည်သူတွေက မျှော်လင့်နေကြဆဲပါ။



