ယမန်နေ့ (ဇန်နဝါရီ ၂) တွင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ သယံဇာတကော်မတီ အတွင်းရေးမှူးသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေတွင် ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။
အသက် ၄၅ နှစ်အရွယ် ဦးအရိန္ဒမာသည် ကောလင်းမြို့ အနောက်တောင်ဘက် ၁၅ မိုင်ကျော်အကွာ ရှမ်း ကလုံးရွာနှင့် ရွှေတွင်းရွာကြားတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း NUG သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အတည်ပြုသည်။
ကနဦးတွင် ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးသည်ဟု ကြားသိခဲ့ရသော်လည်း စစ်ဆေးချက်အရ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း အတည်ပြုသည်ဟု သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားသည်။
“အမှုဖွင့်ပြီး ဆက်လက်စုံစမ်းသွားမှာပါ။ ဖြစ်စဉ်သေချာသိရင်တော့ မဖြစ်မနေ ဖမ်းဆီးအရေးယူမှာပါ” ဟု ဒေါက်တာတူးခေါင်က Myanmar Now ကို ပြောသည်။
ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ကလည်း အမှုကို မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် တာဝန်ရှိသူများက စိစစ်နေသည်ဟု ပြောသည်။
ဦးအရိန္ဒမာသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးစီးအရာရှိ တစ်ဦးဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်လာသူဖြစ်သည်ဟု သိရသည်။ သူသည် ကောလင်းမြို့နယ် သယံဇာတ ကော်မတီ အတွင်းရေးမှူး အဖြစ် ၂၀၂၄ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သည်ဟု ဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုသည်။
အလုပ်ကြိုးစားပြီး အဂတိကင်းသည့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်ပြီး ၎င်းသတ်ဖြတ်ခံရမှုမှာ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်ဟု ဒေါက်တာတူးခေါင်က ဆိုသည်။
ထီးချိုင့်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဝန်းသို မြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကောလင်းမြို့သည် တောတောင်ထူထပ်ပြီး သစ်တောကြိုးဝိုင်း ဧရိယာ တစ်သိန်းကျော်ရှိသည်ဟု အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားသည်။
ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း လပိုင်းအကြာတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုက မြို့ပေါ်ရပ်ကွက်များကို လက်လွှတ်ခဲ့ရသော်လည်း ကျေးရွာအများစုတွင် နယ်မြေစိုးမိုးထားဆဲ ဖြစ်ပြီး အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေသည်။
ကောလင်းမြို့နယ်အတွင်း တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်ခြင်း၊ ရွှေမြေစာများ သယ်ဆောင်ခြင်း၊ သစ်ထုတ်ခြင်း၊ သစ်တောသယံဇာတများ ထုတ်ယူခြင်းတို့ကို ပိတ်ပင်ကြောင်း NUG၏ မြို့နယ်သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။
သို့သော် ဒေသတွင်း မိရိုးဖလာ လုပ်ကိုင်ကြသူများ၊ စစ်ဘေးရှောင်တချို့က ဆက်လက် လုပ်ကိုင်နေကြသည်ဟု သဘာဝသယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောသည်။
“ကျွန်တော်တို့ကလည်း မူဝါဒအတိုင်း ထိန်းကျောင်းရတာရှိတယ်။ တချို့ကလည်း အဲ့ဒါကို မလိုချင်ကြ ဘူး” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးထားသည့် ကနီမြို့နယ်တွင် NUG လက်အောက်ခံ မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူနှင့် သုံးလသား အရွယ် သမီးငယ်တို့ နေအိမ်တွင်ပင် မိသားစုလိုက် သတ်ဖြတ်ခံခဲ့ရသည်။
ထိုအမှုနှင့် ပတ်သက်ပြီး နှစ်လနီးပါးကြာမြင့်လာသည့်တိုင် တရားခံကို မဖမ်းမိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားသော ရတနာပုံတော်လှန်ရေး တပ်ဖွဲ့ (YRF) ဗဟိုဦးဆောင် အဖွဲ့ဝင် ကိုသန်းထိုက် ခေါ် ကိုညီညီသည် ပြီးခဲ့သည့် နှစ်ဩဂုတ်လကုန်ပိုင်းက အရာတော်မြို့နယ်အတွင်း ဦးခေါင်း သေနတ်ပစ်ခတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အမှုအခင်းများကိုင်တွယ်ရာတွင် လူထုစိတ်ကျေနပ်လောက်သည်အထိ ဖြေရှင်းဆောင်ရွက်နိုင်မှု အားနည်းနေဆဲဖြစ်သည်။