စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားသည့် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) တပ်ဖွဲ့ဝင်တစ်ဦး ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက သတ်ဖြတ်ခံရမှုအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများက ပြောသည်။
YRF ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးတာဝန်ခံ အသက် ၂၈ နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီသည် ဩဂုတ် ၂၇ ရက် ညနေပိုင်းက အရာတော်မြို့နယ် အိုင်လျား (အိုင်သာ) ရွာနှင့် ထန်းတောကုန်းရွာကြား မြေပဲခင်းတွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း YRFက ဆိုသည်။
ထိုအမှုနှင့်ပတ်သက်ပြီး သမ္မတရုံး၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန စသည့် ဌာနများသို့ ဩဂုတ် ၃၀ ရက်တွင် YRF က တိုင်ကြားစာ ပေးပို့ပြီးနောက် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု NUG အစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
အရာတော်မြို့နယ်တွင်အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေသည်ဟု သူက ဆိုသည်။
NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းကလည်း တိုင်ကြားစာ လက်ခံရရှိထားသည်ဟု ပြောသည်။
“ကျူးလွန်တဲ့သူက တကယ်လို့များ (NUG ထိန်းချုပ်မှုအောက်) တပ်ရင်းတပ်ဖွဲ့ကလူဖြစ်တယ်ဆိုရင် တာဝန်ရှိတဲ့ဌာနတွေက တာဝန်ရှိတဲ့အတိုင်း ဆက်လက်ပြီး တရားမျှတမှု ဖော်ဆောင်သွားဖို့၊ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ မုံရွာနှင့်ကပ်လျက်တည်ရှိသည့် အရာတော်မြို့နယ်သည် တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းရာမြို့နယ်ဖြစ်သည်။ လူသတ်မှုဖြစ်ပွားခဲ့သည့် နေရာမှာ အရာတော် – ရွှေဘို – ဒီပဲယင်း – ဘုတလင် လမ်းပေါ်တွင် တည်ရှီပြီး အရာတော်မြို့ မြောက်ဘက် ၁၇ မိုင် ခန့် ကွာ ဝေးသည်။
အရာတော်မြို့မြောက်ဘက်ရှိ နောင်ကြီးအိုင်ရဲစခန်းကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့မြောက်ဘက်ပိုင်းရှိ ကျေးရွာများကိုလည်း နယ်မြေစိုးမိုးထားကြောင်း သိရသည်။
ကိုညီညီသည် ဩဂုတ် ၂၀ ရက်နေ့က တပ်ဖွဲ့မှ စတင်ခွင့်ယူထားခြင်းဖြစ်ပြီး ဩဂုတ် ၂၈ ရက်တွင် တပ်ဖွဲ့ကို ပြန်လည်ရောက်ရှိမည်ဟု အကြောင်းကြားထားကြောင်း YRF မှ သိရသည်။
ဩဂုတ် ၂၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့မှ အရာတော်မြို့နယ် ဥသျှစ်ကြီးရွာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု YRF က ဆိုသည်။
ဦးခေါင်းသေနတ်ဒဏ်ရာရှိသည့် ကိုညီညီ၏ ရုပ်အလောင်းကို ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက တောင်ယာလုပ်ငန်းခွင်ဝင်သူများက တွေ့ ရှိခဲ့ရပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များကို အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကဆိုသည်။
တော်လှန်ရေးအင်အားစုများကြား ချိတ်ဆက်စုံစမ်းမှုအရ သေဆုံးသူမှာ YRF အဖွဲ့ဝင်ဖြစ်ကြောင်း ထိုနေ့ ညနေပိုင်းတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ် ပကဖ တာဝန်ခံက ဆိုသည်။
“သူ့နောက်ကြောင်း အချက်အလက်အသေးစိတ်က ကျွန်တော်တို့ဘာမှ မသိရဘူး။ ဘယ်သူနဲ့သွားတယ်၊ ဘယ်ရွာကိုသွားတယ်၊ ဘယ်ကပြန်လာတယ်ဆိုတာမသိရဘူး။ ကျွန်တော်တို့မြို့နယ်အနေနဲ့တော့ လိုက်ဖို့တော့ တော်တော်ခက်တယ်”ဟု အရာတော်မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
ကိုညီညီသည် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် မန္တလေးတိုင်း လူငယ်ရေးရာကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာသူဖြစ်ကြောင်း သိရသည်။
၎င်းပါဝင်သည့်ရတနာပုံတော်လှန်ရေးတပ်ဖွဲ့သည် စစ်ကိုင်းတိုင်းတွင် အခြေပြုလှုပ်ရှားလျက်ရှိပြီး ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်ဒေသတွင် တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုမှာ ကြားကာလ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်သည့် လုပ်ရပ်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေး အမြန်ဆုံးဖြေရှင်းပေးရန် YRF က ဩဂုတ်လ ကုန်ပိုင်းတွင် တောင်းဆိုထားသည်။
“တရားခံကိုအပြစ်ရှိတဲ့အတိုင်း အပြစ်ပေး အရေးယူပြီးတော့မှ ကျွန်တော်တို့ ရဲဘော်အတွက် တရားမျှတမှုရရှိရေးနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ယခုလို ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်ဖို့လည်းမျှော်လင့်ပါတယ်” ဟု YRF တပ်ဖွဲ့ဝင် ကိုမြတ်သူက ပြောသည်။
ဇူလိုင်လဆန်းကလည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦး လည်ပင်းလှီးဖြတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံကိုဖမ်းမိထားပြီး တရားစွဲထားသည်ဟု NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
ပဋိပက္ခများနှင့် တရားဥပဒေမဲ့လုပ်ရပ်များကို NUG က ဖြေရှင်းရန် ကြန့်ကြာနေမှုများသည် မြေပြင်တွင် စစ်ကောင်စီကို ပုံစံအမျိုးမျိုးဖြင့် တော်လှန်နေသူများအတွက် အန္တရာယ်ပိုမိုကြီးမား လာသည်ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုများတွင် ဦးဆောင်သူ မချောစုဟန်က ပြောသည်။
“ဖြေရှင်းပေးဖို့ ကြန့်ကြာတဲ့အခါမှာ တခြားသောလက်နက်ကိုင်အဖွဲ့အစည်းတွေက ဘာမြင်လာလဲ ဆိုတော့ ငါတို့သတ်လို့ရတာပဲ။ ငါတို့လုပ်လို့ရတာပဲ။ ရှေ့မှာလုပ်ပြတာတွေကို ဘာမှ အရေးယူတာမျိုး မရှိဘူး ထပ်ပြီးတော့ ကျူးလွန်လို့ရတယ်ဆိုတဲ့ပုံစံမျိုး အချိုးတွေ ချိုးလာတာကို တွေ့ရတယ်” ဟု မချောစုဟန်က ဆိုသည်။
“NUG က လေပဲရှိတယ်။ တကယ်အရေးမယူဘူး။ သူတို့ဘာမှမလုပ်နိုင်ဘူး။ စာပဲထုတ်နိုင်တာကွဆိုတဲ့ အချိုးမျိုး တွေ ချိုးလာတာတွေ့ရတယ်”
စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာတွင် တော်လှန်ရေး၏ ပင်မမျက်နှာစာ တစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် စစ်တပ်တပ်စွဲထားသည့်မြို့ပေါ်ရပ်ကွက်များမှအပ ကျေးရွာအများစုတွင် တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု ပိုမိုကျယ်ပြန့်လာပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေရှိသည်။
သို့သော်လည်း စစ်ကိုင်းတိုင်းတွင် လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ဖြစ်ပွားသည့် ပဋိပက္ခများကို NUG က ကိုင်တွယ်ဖြေရှင်းနိုင်မှု နည်းပါးနေဆဲဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။