သတင်း

ကနီမြို့နယ် ပညာရေးတာဝန်ခံနှင့် မိသားစု သတ်ဖြတ်ခံရမှု ဖော်ထုတ်မည်ဟု NUG ပြော

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၏ NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ၊သူ၏ဇနီးနှင့် သုံးလသားသမီးငယ်တို့သည် နိုဝင်ဘာ ၄ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစုဝင်များ သတ်ဖြတ်ခံရမှုကို ဖော်ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၆ရက်)တွင် ထုတ်ပြန်သည်။ 

ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနှင့် သုံးလအရွယ် သမီးငယ်တို့မှာ ပြီးခဲ့သည့်နိုဝင်ဘာ ၄ ရက်နေ့က ကနီမြို့နယ်၊ တပုန်းရွာနေအိမ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

“ကိုဝင်းဌေးက အိပ်ယာထဲမှာ ဓါးနဲ့ထိုးသတ်ခံရတဲ့ အနေအထားပေါ့။ အိပ်တာတောင် ပုံမပျက်ဘူးပေါ့။ မိန်းမဖြစ်သူကတော့ ကုတင်ပေါ်ကနေ မြေကြီးပေါ်ကို ဇောက်ထိုးအနေထားနဲ့ သူကတော့ ရုန်းရင်းဆန်ခတ်နဲ့ ခုတ်ခံရတဲ့အနေအထားလို့ မျက်မြင်တွေ့တဲ့သူတွေက ပြောတယ်။ သားအမိ သားအဖသုံးယောက်ပဲရှိတာပေါ့။ ကလေးကတော့ လည်ပင်းကို ဓါးနဲ့လှီးထားတယ်” ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည့် သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး သေဆုံးသူဦးဝင်းဌေး၏ မိတ်ဆွေက ပြောသည်။ 

ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရှိ တပုန်းရွာမှာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ကျေးရွာဖြစ်ပြီး ဦးဝင်းဌေးတို့မိသားစုမှာ ထိုရွာတွင် အိမ်ငှားနေထိုင်ကြခြင်းဖြစ်သည်။ 

ထိုမိသားစု အိမ်ပြင်ထွက်မလာသည်ကို ပတ်ဝန်းကျင်မှ သတိပြုမိပြီး ဝင်ရောက်ကြည့်ရှုရာမှ မိသားစုလိုက်သတ်ဖြတ်ခံရသည့် အခြေအနေကို သိခဲ့ရခြင်းဖြစ်သည်ဟု ဦးဝင်းဌေး၏ မိတ်ဆွေက ဆိုသည်။ 

ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကောက်ယူခဲ့ပြီး ယနေ့ (နိုဝင်ဘာ ၆) ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့သည်။

ကနီမြို့သည်တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းပြီး မြို့ပေါ်မှအပ ကျေးရွာအများ စုတွင် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။ 

ဦးဝင်းဌေးနှင့် မိသားစု မတရားသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ ကျူးလွန်ခြင်းကို ကန့်ကွက်ရှုတ်ချပြီး တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ရတနာပုံတော်လှန်ရေးတပ် (YRF) မှ တပ်ဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံခဲ့ရသည်။ 

ထိုအမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။

Show More

Related Articles

Back to top button