အာဏာသိမ်းပြီးစကာလတွင် မြန်မာပြည်သူတို့က အိမ်တွင်းရှိ သံထည်အိုးခွက်များကို ညစဉ် ညစဉ် တညီတညာတည်း တီးခတ်ရိုက်နှက်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးကို စတင်ပုံဖော်ခဲ့ကြသည်။
သိန်းသောင်းချီသော လူများ လမ်းပေါ်ထွက်ဆန္ဒပြလာခြင်းအပြင် အစိုးရဝန်ထမ်းများ၏ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) များ ဆက်လက်အားကောင်းလာသည့်အခါ အာဏာသိမ်းစစ်အုပ်စု၏ သေစေနိုင် သော လက်နက်ဖြင့် အရပ်သားပြည်သူများအပေါ် နှိမ်နင်းချေမှုန်းမှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်လာ ခဲ့သည်။
မတ်လကုန်ပိုင်းတွင် စစ်အုပ်စု၏ ဖိနှိပ်ရက်စက် သတ်ဖြတ်မှုများကို တန်ပြန်သည့် လက်နက်ကိုင်ခုခံမှုများ စစ်ကိုင်းတိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသအချို့သို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ နှစ်လခန့်ရှိလာပြီဖြစ်သော ဒေသအသီးသီးက ရရာ လက်နက်စွဲကိုင်တော်လှန်မှုများသည် အာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လျက်ရှိသည်။
“ကျွန်တော်တို့က ငြိမ်းချမ်းစွာဆန္ဒပြပြီးတောင်းဆိုခဲ့တာကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြို ခွဲလာတယ်။ အဲ့တော့ ကျွန်တော်တို့လည်း လက်ညှိုးကွေးဖို့ အချိန်ရောက်လာတယ်” ဟု စစ်ကိုင်းတိုင်း ကနီမြို့အခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ လုံခြုံရေးအရ ၎င်း၏အမည်ကို ဖော်ပြနိုင်ခြင်း မရှိပါ။
“ကျွန်တော်တို့က ငြိမ်းချမ်းစွာဆန္ဒပြပြီးတောင်းဆိုခဲ့တာကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြို ခွဲလာတယ်။ အဲ့တော့ ကျွန်တော်တို့လည်း လက်ညှိုးကွေးဖို့ အချိန်ရောက်လာတယ်”
ချင်း၊ ကယားနှင့် စစ်ကိုင်း ဒေသများတွင် နေထိုင်သူများသည် တောပစ်သေနတ်ဟု ခေါ်ဝေါ်ကြသည့် ရိုးရာလက်လုပ်သေနတ်များကို အကျွမ်းတဝင်ရှိကြသူများဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သေနတ်ကိုင်၍ အန်တုတော်လှန်တိုက်ခိုက်ရန် ဦးဆုံးလှုပ်ရှားလာခဲ့ကြသည်။
“ကျွန်တော်တို့မှာ အားကိုးစရာ လက်နက်ဆိုလို့ တူမီးပဲရှိတယ်။ ဒါပေမဲ့ ရရင်ရသလို တော်လှန်မယ်ဆိုပြီး ကိုယ်နိုင်တဲ့ အခန်းကဏ္ဍကနေ ဝင်ပါတာပဲ” ဟု ကနီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
လက်နက်ကိုင်ခုခံသူများသည် ရိုးရာ တောပစ်တူမီးသေနတ်များအပြင် ၎င်းတို့လက်လှမ်းမီသည့် လက်နက်ငယ်အချို့နှင့် လက်လုပ်ဗုံးများကိုလည်း အသုံးပြုလာကြသည်။
စစ်ကိုင်းဒေသအချို့နှင့် ချင်းပြည်နယ် မြို့အများအပြားတွင် လက်နက်ကိုင်ခုခံတော်လှန်သူ ချင်းတိုင်းရင်းသားကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား ပစ်ခတ်မှုများတွင် စစ်သားနှင့် ရဲများ အကျအဆုံးများခဲ့သည်။ စစ်တပ်ဘက်က လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု၍ မတိုက်ခိုက်မီ အချိန်အထိ ဒေသခံကာကွယ်ရေးသမားများက ဗျူဟာကျကျ တိုက်ပွဲဆင်နိုင်ခဲ့ကြသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းစစ်ကူအားဖြည့်ကာ ဖမ်းဆီးခံ ဒေသခံများကို လူသားဒိုင်းသဖွယ် အသုံးပြုလျက် သိမ်းပိုက်ပြီးနောက် ချင်းကာကွယ်ရေးအဖွဲ့သားများ သည် ပြည်သူလူထုကို အထိအခိုက်ခံကာ မခုခံလိုသည့်အတွက် ယာယီနောက်ဆုတ်ပေးခဲ့ရသည်။
မေလနှောင်းပိုင်းတွင်မူ အလားတူ လက်နက်ကိုင်တော်လှန်မှုများသည် ကရင်နီပြည်နယ် ခေါ် ကယားပြည်နယ်တွင် ထပ်မံဖြစ်ပွားလာခဲ့သည်။ ရဲကင်းစခန်းများ သိမ်းပိုက်ဖျက်ဆီးခံရပြီး စစ်အုပ်စု လက်နက်ကိုင်အများအပြား ကျဆုံးပြန်သည်။
စစ်ကောင်စီနှင့် လက်နက်အင်အား လူအင်အား မယှဉ်သာသော်လည်း တူမီးနှင့် လက်လုပ်လက်နက်များ သုံး၍ အထိနာအောင် တိုက်ခိုက်နိုင်ခြင်းမှာ နယ်မြေကျွမ်းကျင်မှု၊ စစ်တပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်သည့် အချိတ်အဆက်ကောင်းမွန်မှုနှင့် လူထုထောက်ခံမှုရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ကရင်နီဒေသခံ တော်လှန်သူများအစုအဖွဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
“နံပါတ်တစ်ကတော့ နယ်မြေကျွမ်းကျင်မှုနဲ့ ဆိုင်မယ်၊ တော်တော်များများ ပို့လာတဲ့ စစ်သားတွေက နယ်မြေကျွမ်းကျင်မှု မရှိဘူး၊ အရင်ကတည်းက ဒီပြည်နယ်မှာ အခြေချတဲ့ တပ်သားတွေ မဟုတ်တော့။ နံပါတ်နှစ်ကတော့ အကုန်လုံးသိတဲ့အတိုင်းပဲ လူထုက ဘယ်သူမှ သူတို့ဘက်မှာ ရှိမနေဘူးဆိုတာပေါ့။ လူထုက ကျွန်တော်တို့နဲ့ တစ်သားတည်း ရှိနေတာက ကျွန်တော်တို့အတွက် ဒုတိယအားသာချက်ပါ” ဟု အဆိုပါ KNDF ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
“ဥပမာ ကျွန်တော်တို့ လိုက်နေတဲ့ သားကောင်တွေဆိုတာ ချေတွေ ကျန်တဲ့ ပြေးနိုင်တဲ့ သတ္တဝါတွေကို ကျွန်တော်တို့ ပစ်တယ်။ သာမန်လူလောက် နှေးကွေးနေတဲ့လူလောက်တော့ ကျွန်တော်တို့အတွက် ပြဿနာ မရှိဘူး”
စစ်ကောင်စီတပ်များကို လက်နက်ကိုင်တော်လှန်နေသည့် ချင်း၊ ကယား၊ စစ်ကိုင်း၊ မကွေး အစရှိသော ဒေသများမှ လူငယ်များသည် တောလိုက်သည့် ရိုးရာဓလေ့ကြောင့် တူမီးနှင့်လက်လုပ်သေနတ်များကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ပြီး ကင်းပုန်းတိုက်ခိုက်စွမ်းရည်လည်း လေ့ကျင့်ထားပြီးသကဲ့သို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“သားကောင်လိုက်တယ်ဆိုရင် ဘယ်လိုမောင်းရတယ်၊ စောင့်ပစ်ရတဲ့သူက ဘယ်လိုစောင့်ပစ်ရတယ်၊ ပြီးတော့ ဘယ်သူက အကျွမ်းကျင်ဆုံး ဖြစ်ပြီးတော့ ဘယ်သူက အမိန့်ပေးပြီး ဘယ်သူက နေရာချထား ပေးလဲဆိုတာက တောလိုက်တဲ့ ဓလေ့မှာ သင်ထားပြီးသား ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
“ဥပမာ ကျွန်တော်တို့ လိုက်နေတဲ့ သားကောင်တွေဆိုတာ ချေတွေ ကျန်တဲ့ ပြေးနိုင်တဲ့ သတ္တဝါတွေကို ကျွန်တော်တို့ ပစ်တယ်။ သာမန်လူလောက် နှေးကွေးနေတဲ့လူလောက်တော့ ကျွန်တော်တို့အတွက် ပြဿနာ မရှိဘူး” ဟု အဆိုပါ KNDF အဖွဲ့ဝင်က ပြောသည်။
ယင်းကဲ့သို့ လက်နက်ကိုင် ခုခံစစ်များ ဖြစ်ပွားနေသည့် ချင်း၊ ကယား၊ စစ်ကိုင်းနှင့် အထက်ပိုင်းဒေသများ တွင် စစ်အုပ်စု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်၊ ပြည်သူ ၁၀၀ နီးပါးသေဆုံးကာ ထောင်သောင်းချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ယင်းဒေသများရှိ သတင်းရင်း မြစ်များ၏ အဆိုအရ သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင်မူ အဆိုပါ ပစ်ခတ်မှုများကို “လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ” ၏ လုပ်ရပ်ဟု ပုံဖော်လေ့ရှိပြီး တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကိုလည်း ဒေသခံခုခံရေးသမားများ၏ ပြောဆိုချက်ထက် အဆမတန် နည်းပါးစွာ ဖော်ပြလေ့ရှိသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ မေလ ၂၁ တွင် ကရင်နီဒေသခံလူငယ်များ၏ ကင်းပုန်းတိုက်ခိုက်မှု ကြောင့် စစ်တပ်၏ လက်နက်ကိုင်အဖွဲ့ဝင် ၃၀ ဦးခန့် ကျဆုံးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ တိုက်ခိုက်ရေးသမားများက ဆိုသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင်မူ သုံးဦးသာ သေဆုံးသည်ဟု ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ ရဲစခန်းကို မေ ၂၃ တွင် ကရင်နီဒေသခံများ သွားရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ရဲစခန်းရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြင် ဖယ်ခုံနှင့် လွိုင်ကော်ဘက်တို့မှ စစ်ကူတက်လာသည့်တပ်သားများ စုစုပေါင်း ၄၀ ခန့် သေဆုံးသည်ဟု ကရင်နီဒေသခံတော်လှန်သူများက ဆိုသည်။ သို့သော် စစ်ကောင်စီကမူ လုံခြုံရေးတပ်ဖွဲ့ဝင် “အချို့” သေဆုံးပြီး အချို့ ပျောက်ဆုံးသည်ဟုသာ နောက်တစ်ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။
မေလကုန်တွင် ဒီးမော့ဆို၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်ချီသေဆုံးကြောင်း ကရင်နီဒေသခံတော်လှန်သူများ စုပေါင်းဖွဲ့စည်းထားသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သော်လည်း စစ်ကောင်စီသတင်းစာတွင်မူ ဖြစ်စဉ်ကိုပင် ယနေ့အထိ ဖော်ပြခြင်း မရှိပေ။
မေ ၂၀ နောက်ပိုင်းတွင် စတင်ခဲ့သည့် ကရင်နီပြည်သူများ၏ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုသည် ဇွန်လဆန်းပိုင်းအထိ အားကောင်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်များနှင့် လက်နက်အင်အားမယှဉ်သာသော်လည်း ကရင်နီပြည်သူများ၏ နိုင်ငံရေးသမိုင်း ကြောင်းအရ ခံယူချက်ပိုမိုခိုင်မာသည့်အတွက် တော်လှန်ရေးအနိုင်ရရန် ယုံကြည်ချက် အပြည့်ရှိသည်ဟု KNDF အဖွဲ့ဝင်က ဆိုသည်။
“ဘယ်သူ့လက်အောက်မှာမှ မနေခဲ့ဖူးဘူး။ ကျွန်တော်တို့ဆီမှာ လာပြီးတော့ ကျူးကျော်တဲ့လူမှန်သမျှ အကုန်လုံး ပြန်ပြီးတော့ တိုက်ထုတ်နိုင်ခဲ့တာတွေချည်းပဲဆိုတော့ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်က နိုင်ခဲ့တယ်၊ ကျွန်တော်တို့ အဖေအမေခေတ်လည်း နိုင်ခဲ့တယ်၊ ကျွန်တော်တို့အချိန်မှာလည်း နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တော့ လုံးဝအပြည့်ရှိတယ်” ဟု ၎င်းက ပြောသည်။
“အကုန်လုံး စည်းစည်းလုံးလုံးနဲ့ တိုက်မယ်ဆိုရင်တော့ ကျွန်တော်ယုံကြည်ပါတယ် မကြာပါဘူး။ ဒီစစ်ကောင်စီတော့ မပြိုလဲစရာ အကြောင်းမရှိဘူးပေါ့လေ။ တကယ်လို့ တစ်နိုင်ငံလုံးသာ အတူတူဝိုင်းပြီး တိုက်မယ်ဆိုရင် နှစ်နဲ့ချီ ကြာလိမ့်မယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ကို နိုင်မှာပါ” ဟု KNDF အဖွဲ့ဝင်က ပြောသည်။
“ဘယ်သူ့လက်အောက်မှာမှ မနေခဲ့ဖူးဘူး။ ကျွန်တော်တို့ဆီမှာ လာပြီးတော့ ကျူးကျော်တဲ့လူမှန်သမျှ အကုန်လုံး ပြန်ပြီးတော့ တိုက်ထုတ်နိုင်ခဲ့တာတွေချည်းပဲဆိုတော့ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်က နိုင်ခဲ့တယ်၊ ကျွန်တော်တို့ အဖေအမေခေတ်လည်း နိုင်ခဲ့တယ်၊ ကျွန်တော်တို့အချိန်မှာလည်း နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တော့ လုံးဝအပြည့်ရှိတယ်”