အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးလေ့လာသုံးသပ်ချက်

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကြား တရုတ်၏ လက်ဝေခံနိုင်ငံ ဖြစ်လာသော မြန်မာ

ကျားဖြန့်လုပ်ငန်း အခြေစိုက်ရာ မြန်မာပြည်တွင် ရွေးကောက်ပွဲအပြီး အကြွေးနွံနစ်စေမည့် တရုတ်စီမံကိန်းကြီးများ အန္တရာယ်၊ တရုတ်အလိုကျရုပ်သေးအစိုးရတို့ ပေါ်ပေါက်လာဖွယ်ရှိနေသည်။

၂၁ ရာစု ကွန်မြူနစ်တရုတ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာ နယ်ပယ်တိုင်းတွင် အင်အား တောင့်တင်းလာပြီး ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ အဆင့်အတန်းအတွက် အမေရိကန်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်မှု ပြင်းထန်လာချိန်၊ တရုတ်အကူအညီ ပိုမိုလိုအပ်လာသော အာဏာသိမ်းစစ်တပ်အုပ်ချုပ်သည့် အိမ်နီးချင်း မြန်မာနိုင်ငံသည် တရုတ်အလိုကျ လက်ဝေခံနိုင်ငံများဖြင့် အုပ်စုဖွဲ့မှုအတွင်း ထိပ်ဆုံးကပါဝင်လာသည်။  
ဤရာစုနှစ်၏ လေးပုံတစ်ပုံသို့ ရောက်ရှိလာချိန်တွင် တရုတ်နိုင်ငံ၌ သန္ဓေတည် ပေါက်ဖွားခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ အများအပြားကို စိုးရိမ်ပူပန်မှုများ သို့မဟုတ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့သော ဖြစ်ရပ်ကြီး နှစ်ခုစလုံး မြန်မာနိုင်ငံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီး၊ ထိုဖြစ်ရပ်ကြီး နှစ်ခုအပေါ်မူတည်၍ တရုတ်က မြန်မာကို လက်ဝေခံနိုင်ငံအဖြစ် စနစ်တကျ သွတ်သွင်းနေမှုကိုလည်း ထင်ထင်ရှားရှား မြင်လာရသည်။ 

ပထမဖြစ်ရပ်သည် ၂၀၁၃ ခုနှစ် အင်ဒိုနီးရှားခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင် စတင် ကြေညာခဲ့သော “ဘီအာအိုင်” (Belt and Road Initiative – BRI) သို့မဟုတ် တရုတ်ဗဟိုပြု ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းသစ်ဖော်ဆောင်ခြင်း ဖြစ်သည်။ ဘီအာအိုင်သည် ဆယ်စုနှစ်တစ်စုအကြာတွင် ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုထက် များစွာပိုမိုသော၊ အမေရိကန်ဦးဆောင်သည့် ဒုတိယ ကမ္ဘာစစ်လွန် ကမ္ဘာ့စနစ်ကြီး (World Order) ကို စိန်ခေါ်လာသော၊ တရုတ်ဗဟိုပြု ကမ္ဘာလွှမ်းခြုံဖြစ်စဉ်ကြီးတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်လာကြသည်။ 

တနည်းအားဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ၄၅ ဦးမြောက် အမေရိကန်သမ္မတ ဖြစ်လာပြီး “အမေရိကန် ပထမ” (America First) ဟု ဒေါ်နယ်ထရမ့် မကြွေးကြော်မီ သုံးနှစ်စောပြီး  ရှီကျင့်ဖျင်က ဘီအာအိုင်ကို “တရုတ် ပထမ” (China First) စီမံကိန်းကြီးအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။ ဘီအာအိုင်သည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်စေခဲ့သော အကြောင်းတရားအဖြစ် ယခုအခါ ကမ္ဘာ့နေရာအနှံ့တွင် တွေ့မြင်နေရပြီ ဖြစ်သည်။

ဒုတိယဖြစ်ရပ်သည် တရုတ်ပြည်တွင်း နည်းပညာပေါက်ကွဲမှု၏ ဘေးထွက်ဆိုးကျိုးအဖြစ် တရုတ်နိုင်ငံအတွင်း သန္ဓေတည်ပေါက်ဖွားလာသော တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ၂၀၂၀ ပြည့်လွန်နှစ်များတွင် တရုတ်နှင့် နယ်စပ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် အရှေတောင်အာရှဒေသတွင်းနိုင်ငံများအထိ ပျံ့နှံ့ လာပြီး၊ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအဖြစ် ကြီးထွားကျယ်ပြန့် ခြိမ်းခြောက်လာ ခြင်း ဖြစ်သည်။ 

သို့ရာတွင် အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနှင့် ထိုင်းနိုင်ငံအထိ တရုတ်အစိုးရက တရုတ်နိုင်ငံသား ပြည်ပြေးရာဇဝတ်သားများ အဓိကလုပ်ကိုင်သော ကျားဖြန့်ဂိုဏ်းများကို လိုက်လံနှိမ်နင်းရာတွင် သက်ဆိုင်ရာ နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားမှု လျော့နည်းပြီး  အင်အားကြီးနိုင်ငံဟူသော သူ၏ ဩဇာအာဏာကို အလွန်အကျွံ သုံးစွဲလာကြောင်း တွေ့ရှိရသည်။

ဘီအာအိုင်နှင့် ကျားဖြန့် – တရုတ်မွေးဖွားလိုက်သော ကမ္ဘာ့ပြဿနာ

တရုတ် ဘီအာအိုင်သည် ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲသည့် နိုင်ငံများအတွက် အခွင့်အလမ်းကောင်းအဖြစ် တရုတ်က တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်ခဲ့သည်။ သို့သော် နိုင်ငံတကာပညာရှင်များနှင့် အစိုးရများက တရုတ်သည် စီးပွားရေးဖွံ့ဖြိုးမှုအခြေခံအားနည်းသော ဆင်းရဲသည့်နိုင်ငံများကို ပြန်လည်ပေးဆပ်ရန် အတိုးနှုန်းအလွန်မြင့်မားသော၊ တရုတ်စီးပွားရေးကိုသာ အကျိုးအမြတ်ကြီးမားစေသော ချေးငွေ ဘီလီယံပေါင်း များစွာ ထုတ်ချေးခြင်းကြောင့် ထိုနိုင်ငံများ ကြွေးမြီထောင်ချောက် (Debt Trap) အတွင်း သက်ဆင်းရတော့ မည် ဟု ကျယ်ကျယ်လောင်လောင် သတိပေးထားကြသည်။ 

ထို့ကဲ့သို့ သတိပေးခဲ့သည့်အတိုင်း ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဆူနာမီလှိုင်းပမာ ဝင်ရောက်သွားသော ဘီအာအိုင် စီမံကိန်းများကြောင့် ထိုနိုင်ငံများသည် အကြွေးနွံနစ်သော ပြဿနာများကို ရင်ဆိုင်နေရသည့် အချက်အလက်များ ယခုအခါ ပေါ်ပေါက်လာနေပြီ ဖြစ်သည်။

ဘီအာအိုင် စီမံကိန်းများ အကောင်အထည်ဖော်မှု ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်လာချိန်၊ ဩစတြေးလျနိုင်ငံ အခြေစိုက် Lowy Institute ၏ သုတေသန လေ့လာချက်အသစ်များအရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့အဆင်းရဲ ဆုံးနှင့် စီးပွားရေးအရ ထိခိုက်လွယ်သော နိုင်ငံပေါင်း ၇၅ နိုင်ငံ၏ တရုတ်နိုင်ငံသို့ BRI စီမံကိန်းချေးငွေကြွေးမြီများ ပြန်လည်ပေးဆပ်ရမှုသည် အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံအထိ စံချိန်တင် မြင့်မားခဲ့ကြောင်း လေ့လာတွေ့ရှိ ရသည်။ 

ဖွံ့ဖြိုးရေးပညာရှင်များက ဘီအာအိုင် စီမံကိန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို အမှန်တကယ် အကျိုးဖြစ်ထွန်း စေသလား ဆန်းစစ်ကြသည့်အခါ ယခင်က မရှိဖူးသော ခေတ်မီမှုမျိုး ရရှိ သွားသဖြင့် အကျိုးရှိသည်ဟု အပေါ်ယံ ယူဆနိုင်သည်။  ဥပမာ ကုန်းတွင်းပိတ် ဆင်းရဲသော လာအိုနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ တွေ့မြင်ရသော ခေတ်မီအမြန်ရထားကို ပိုင်ဆိုင်ရရှိသွားခြင်းမျိုး ဖြစ်သည်။ တရုတ်အစိုးရကလည်း ၎င်းတို့အကူအညီဖြင့် ထိုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဘီအာအိုင် စီမံကိန်းများ မည်မျှအကျိုးရှိကြောင်း ကျယ်ကျယ် ပြန့်ပြန့် ဝါဒဖြန့်ထားသည်။

သို့သော် စီမံကိန်းအကောင်အထည်ဖော်ပုံကို သေချာလေ့လာလျှင် တရုတ်အစိုးရထံမှ ချေးငွေကို အတိုးနှုန်း မြင့်မားစွာဖြင့် ရယူခဲ့ကြပြီး၊ တရုတ်ကုမ္ပဏီများနှင့်သာ စာချုပ်ချုပ်ဆို အကောင်အထည်ဖော်ရခြင်း၊ တရုတ် နိုင်ငံထုတ် တည်ဆောက်ရေးပစ္စည်းများကိုသာ ဝယ်ယူကြရခြင်း၊ တရုတ်အလုပ်သမားများကို အဓိကထား အသုံးပြုခြင်းများကြောင့် တရုတ်စီးပွားရေးကို နိုင်ငံတကာသို့ အချိန်တိုအတွင်း အလျှင်အမြန် ချဲ့ထွင်ပေးသော စီမံကိန်းများအဖြစ်သာ တွေ့မြင်ကြရသည်။ 

တနည်းအားဖြင့် တရုတ်အစိုးရက ၎င်းတို့၏ စုဆောင်းငွေ အမေရိကန်ဒေါ်လာ ငွေမာ (Hard Currency) များကို ငွေသားဖြင့် ထုတ်ချေးခြင်းမဟုတ်ဘဲ၊ တရုတ်စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သောပစ္စည်းများကို စီမံကိန်း တည်ဆောက်သော တရုတ်ကုမ္ပဏီများသို့ ရောင်းချ၊ တရုတ်အလုပ်သမားများကို အလုပ်အကိုင်အခွင့် အလမ်းနှင့် လစာပြန်ပေးပြီး၊ တရုတ်စီးပွားရေးကို ဆတိုးအကျိုးအမြတ် ကြီးစွာဖြစ်ထွန်းစေသော “ကျားဖြန့်” (လှည့်စားခြင်း) နည်းလမ်းတစ်ခု ဖြစ်သည်။ 

တရုတ်နိုင်ငံအတွင်းမှ သန္ဓေတည်ပေါက်ဖွားခဲ့သော ဒုတိယပြဿနာသည် တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ် ဂိုဏ်းများ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများသို့ ဖြန့်ကြက်အခြေစိုက်လှုပ်ရှားလာခြင်း ဖြစ်သည်။ တရုတ် ကျားဖြန့်ဂိုဏ်းများသည် သမ္မတရှီကျင့်ဖျင်၏ ကမ္ဘာအနှံ့ ဖြန့်ကြက်မည့် ဘီအာအိုင်စီမံကိန်းများတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ အသွင်ယူ၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဖိလစ်ပိုင် စသည့် နိုင်ငံများရှိ အခြေခံ အဆောက်အဦ တည်ဆောက်ရေးစီမံကိန်းများဖြစ်သော အထူးစီးပွားရေးဇုန်များနှင့် မြို့သစ်စီမံကိန်းများသို့ တရားဝင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအသွင်ယူ၍ စတင်ဝင်ရောက် လှုပ်ရှားလာခြင်း ဖြစ်သည်။ 

Global Initiative against Transnational Organized Crime (GT–TOC) အဖွဲ့ကြီး၏ ဖြစ်စဉ်အထူးပြု လေ့လာချက်များအရ ကမ္ဘောဒီးယားနိုင်ငံရှိ သီဟာနုဗေးလ် အထူးစီးပွားရေးဇုန် (Sihanoukville Special Economic Zone)၊ လာအိုနိုင်ငံရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန် (Golden Tringle Special Economic Zone)၊ မြန်မာနိုင်ငံရှိ ရွှေကုက္ကိုမြို့သစ် (Shwe Kokko New City) နှင့် ဖိလစ်ပိုင်နိုင်ငံရှိ ဘမ်ဘန် အိမ်ရာစီမံကိန်း (Bamban Housing Compound) တို့တွင် တရုတ်ကျားဖြန့်ဂိုဏ်းများသည် သက်ဆိုင်ရာနိုင်ငံတို့၏ ဥပဒေ များကို အသုံးချ၍ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအသွင်ဖြင့် တရားဝင် မှတ်ပုံတင် တည်ထောင်ပြီး၊ စက်မှု ဇုန်များ၊ မြို့သစ်များနှင့် အိမ်ရာစခန်းများတွင် အဆောက်အအုံများစွာ တည်ဆောက်ကြပြီး၊ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ခြေကုပ်နေရာများအဖြစ် အသုံးပြုလာကြသည်။ 

မြန်မာနိုင်ငံဖြစ်စဉ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်မျဉ်းအဖြစ် သတ်မှတ် ထားသော သောင်ရင်းမြစ်ဘေးတွင် ၂၀၁၇ ခုနှစ်က စတင်ခဲ့သော ရွှေကုက္ကိုလ်မြို့သစ် (တရုတ်ကုမ္ပဏီအမည် ကို အစွဲပြုပြီး Yatai New City ဟုလည်းခေါ်သည်) စီမံကိန်းကို တရုတ်အစိုးရလက်အောက်ခံ ဟောင်ကောင် ကျွန်းတွင် တရားဝင်မှတ်ပုံတင်ထားသော၊ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်သော Yatai International Holding Group က ကနဦးတွင် အဆင့်မြင့်လူနေအိမ်ရာစီမံကိန်းအဖြစ် အယောင်ပြတည်ဆောက်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ အခြေစိုက်ရာ မြို့သစ်ဖြစ်လာခဲ့သည်။ ထိုမှ တစ်ဆင့် နှစ်အနည်းငယ်အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် KK Park, Shunda Park စသည့် တရုတ် ကျားဖြန့်ဂိုဏ်းများအခြေစိုက် အိမ်ရာစခန်းများ အသီးသီး ပေါ်ပေါက်လာသည်။   

ထိုဖြစ်ရပ်အားလုံးသည် တရုတ်နိုင်ငံတွင် စတင်ပေါက်ဖွား သန္ဓေတည်ခဲ့သော ဖြစ်ရပ်ကြီးများဆိုလျှင် ငြင်းမရ သော အမှန်တရား ဖြစ်သည်။ တရုတ်နိုင်ငံသားများ ကျူးလွန်သော ထိုဖြစ်ရပ်များအတွက် တရုတ်အစိုးရ ခေါင်းဆောင်များတွင် အပြည့်အဝ တာဝန်ရှိသည့်အလျောက်၊ ၎င်းတို့၏ တာဝန်ယူတာဝန်ခံမှုကို အပြည့်အဝ ပြသခြင်းဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခု၏ အဆင့်အတန်းနှင့် ထိုက်တန်ကြောင်း ပြသရမည် ဖြစ်သည်။ 

သို့သော် တရုတ်ခေါင်းဆောင်များသည် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် တရုတ်လူမျိုး သိန်းသောင်းချီ ဝင်ရောက်ကျူးလွန်နေသော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများပြဿနာကို ရင်ဆိုင်နေရသော နိုင်ငံများတွင် ကျားဖြန့်နှိမ်နင်းရေးကို အကြောင်းပြု၍ ဩဇာလွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းလာသည်ကို တွေ့ရှိနေရသည်။ ဥပမာ ကျားဖြန့်နှိမ်နင်းရေးကို အကြောင်းပြု၍ တရုတ်ခေါင်းဆောင်များသည် မြန်မာ့ပြည်တွင်းရေးပြဿနာများအပေါ် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လာသည်ကို ၂၀၂၃ ခုနှစ် နောက်ပိုင်း ပိုမိုတွေ့မြင်လာရ သည်။ 

ထို့အပြင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများမှဖမ်းမိသော ထောင်သောင်းချီသော တရုတ်လူမျိုး အမြောက်အများကို တရုတ်နိုင်ငံသို့ လေယာဉ်ခရီးစဉ်များစွာဖြင့် ပြန်လည်ခေါ်ယူသွားကြ သော်လည်း၊ ၎င်းတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် မည်ကဲ့သို့ စုံစမ်းစစ်ဆေး အပြစ်ပေးအရေးယူ လျက်ရှိသည်ကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်းမရှိပေ။ 

မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသတွင် တရုတ်အစိုးရ၏ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများ နှိမ်နင်းမှု လုပ်ရပ်များကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံမှ ဖမ်းဆီးခေါ်ဆောင်သွားသော တရုတ်နိုင်ငံသားခံယူထား သည့် ကိုးကန့်ဒေသခေါင်းဆောင်များကို ကျားဖြန့်ခေါင်းဆောင်များအဖြစ် သေဒဏ်ချမှတ်ခဲ့ကြောင်း တရုတ်သတင်းဌာနများက အကြီးအကျယ် ဝါဒဖြန့်ထုတ်လွှင့်ခဲ့သည်။ သို့သော် ကိုးကန့်ဒေသသို့ ဝင်ရောက် အခြေချပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်သည့် တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အစစ်အမှန် မည်သူမည်ဝါ ဖြစ်သည်ကိုမူ တရုတ်အစိုးရ ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ တရုတ်အစိုးရ၏ ထိုလုပ်ရပ်သည် လွန်စွာသံသယဖြစ်ဖွယ် ကောင်းပါသည်။

၂၀၂၅ ဇူလိုင်လ ပုသိမ်ကြီးမြို့နယ် တိုက်ပွဲများအတွင်း အာဏာသိမ်းတပ် ဆုံးရှုံးလိုက်ရသည့် လက်နက်ပစ္စည်းများထဲတွင် တရုတ်အစိုးရလက်နက်စက်ရုံများက ပေးပို့သော   လက်နက်ကြီးကျည်များလည်း ပါဝင်သည်။ (ဓာတ်ပုံ – MDY-PDF)

တရုတ်၏ “လက်ဝေခံနိုင်ငံ” အဖြစ် စနစ်တကျ သွတ်သွင်းခံနေရသော မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကီလိုမီတာ ထောင်ချီ နယ်နိမိတ်ထိစပ်နေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လွန်ခဲ့သောငါးနှစ်အတွင်း တရုတ်၏ မြန်မာအပေါ် ဩဇာလွှမ်းမိုးချဲ့ထွင်မှုသည် မြန်မာ-တရုတ်ဆက်ဆံရေး သမိုင်းတစ်လျှောက် မကြုံဖူးသော စိုးရိမ်စရာကောင်းသည့်အခြေအနေ ရောက်ရှိ နေပြီ ဖြစ်သည်။ 

နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနှင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ဆယ်စုနှစ်နှင့်ချီ ခံစား နေရသော မြန်မာနိုင်ငံသည် တရုတ်အတွက် ပထဝီနိုင်ငံရေးအရအလွန်အရေးပါသောနိုင်ငံဖြစ်ပြီး၊ တရုတ် ခေါင်းဆောင်များသည် မြန်မာနိုင်ငံမှတစ်ဆင့် ဘီအာအိုင် ခေါင်းစဉ်ဖြင့် အိန္ဒိယသမုဒ္ဒရာအထိ ထိုးဖောက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းမ (China-Myanmar Economic Corridor – CMEC) ကို အကောင် အထည်ဖော်ရန် ကြိုးပမ်းနေသော်လည်း၊ မြန်မာ့ပြည်တွင်းရေး ပြဿနာများကြောင့် တရုတ်ခေါင်းဆောင်များသည် မြန်မာကို တရုတ်၏ “လက်ဝေခံနိုင်ငံ” (Satellite State) အဖြစ် သွတ်သွင်းရေး ရည်မှန်းချက်ကို မြန်မြန်ဆန်ဆန် ရှေ့တိုးအကောင်အထည်ဖော်နိုင်ခြင်းမရှိ ဖြစ်နေသည်။ 

ထို့ကြောင့် တရုတ်အစိုးရသည် စစ်ရှုံးနိမ့်နေပြီး အကူအညီအလွန်အမင်းလိုအပ်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံကူညီပေးပြီး၊ CMEC တစ်လျှောက် ဘီအာအိုင် စီမံကိန်းများ အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းနေသည်။ ထို့ကြောင့် တရုတ်၏ မြန်မာပြည်တွင်း အကျိုးစီးပွားများကို လွတ်လပ်စွာ ချဲ့ထွင်နိုင်ရန် မြန်မာ့ပြည်တွင်းရေးကို (၎င်းတို့ကလွဲ၍) ပြင်ပနိုင်ငံများက ဝင်ရောက်စွက်ဖက် ခြင်းကို လက်မခံကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လူသိရှင်ကြား ကြေညာခဲ့ပြီး၊ မြန်မာကို တရုတ်၏ “လက်ဝေခံနိုင်ငံ” ဖြစ်ရေး စီမံကိန်းကြီးကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။  

မြန်မာသည် တရုတ်၏ လက်ဝေခံနိုင်ငံအဆင့်သို့ အလျင်အမြန်ကျဆင်းသွားရခြင်း၏ အဓိက တရားခံမှာ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိုက်မဲဆုံးနှင့် အညံ့ဖျင်းဆုံး တိုင်းပြည်ကို ဖျက်ဆီးခဲ့သော လုပ်ရပ်များကြောင့်ဆိုလျှင် မှားအံ့မထင်။ ယခုအခါ ၎င်း၏အာဏာတည်မြဲရေးအတွက် တရုတ်၏ ကျားကန်ပေးမှု ရယူထားရသော မင်းအောင်လှိုင်သည် ဒီမိုကရေစီ အမည်ခံ အတုအယောင် ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းနေပြီ ဖြစ်သည်။ 

ရွေးကောက်ပွဲအလွန်တွင် တရုတ်ကြိုးဆွဲ ရုပ်သေးအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး၊ မြန်မာ့မြေကို အသုံးချပြီး တရုတ်အလိုကျ CMEC စီမံကိန်းများကို လက်ခံအကောင်အထည်ဖော်ခြင်းဖြင့် တရုတ်အကြွေးနွံထဲမှ ရုန်းထွက်မရသော လက်ဝေခံနိုင်ငံ ဖြစ်လာတော့မည် ဖြစ်သည်။ 

တရုတ်၏ ပထဝီနိုင်ငံရေး “နယ်ရုပ်တစ်ခု” ဖြစ်လာသော မင်းအောင်လှိုင်

တရုတ်သည် အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ ပထဝီတည်နေရာအရ အိန္ဒိယသမုဒ္ဒရာကို ထိုးဖောက်ရန် ကုန်းတွင်း တံတား (Land Bridge) အဖြစ် မြန်မာနိုင်ငံကို အသုံးချရန် အထူးပစ်မှတ်ထားပြီး ဒေါ်လာဘီလီယံပေါင်း များစွာ ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား အခြေခံအဆောက်အဦစီမံကိန်းကြီးများ တည်ဆောက်ပေးမည် ဟု မြန်မာစစ်ခေါင်းဆောင်များကို ဆယ်စုနှစ်နှင့်ချီ ဆွဲဆောင်သိမ်းသွင်းလျက် ရှိသည်။  

စင်စစ် သမ္မတရှီကျင့်ဖျင် အာဏာမရမီကတည်းက တရုတ်အစိုးရအဆက်ဆက်သည် စစ်အာဏာရှင်ဟောင်း သန်းရွှေနှင့် ညှိနှိုင်းသဘောတူညီခဲ့ကြပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည့် အကြီးစား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီး (၄) ခုကို တည်ဆောက်ရန် စီမံကိန်းချဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းများသည် သမ္မတရှီကျင့်ဖျင် လက်ထက်ရောက်လာသည့်အခါ မြန်မာတွင် နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်များနှင့် ကြုံကြိုက်ခဲ့ပြီး၊ လွန်ခဲ့သော ဆယ်စုနှစ် (၂၀၁၀ – ၂၀၂၀) ကာလအတွင်း ဘီအာအိုင် စီမံကိန်းကြီးများအဖြစ် အသွင်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး၊ မြန်မာကို ဘီအာအိုင် အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ 

ထိုစီမံကိန်းလေးခုသည် (၁) မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေပိုက်လိုင်းစီမံကိန်း၊ (၂) ဧရာဝတီမြစ်ဆုံနှင့် မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ၊ (၃) ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် (၄) မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းတို့ ဖြစ်သည်။ ထိုစီမံကိန်း လေးခု၏ ခန့်မှန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ  ဘီလီယံ ၅၀ ခန့်ရှိပြီး၊ နိုင်ငံ့စီးပွားရေးတစ်ခုလုံး၏ ထုတ်လုပ်မှုတန်ဖိုး (GDP) ထက် များစွာကျော်လွန်နေသည်။ အကယ်၍ ထိုစီမံကိန်းများကို တရုတ်ချေးငွေများဖြင့် အကောင်အထည် ဖော်ခဲ့လျှင် ယနေ့အချိန်တွင် မြန်မာသည် တရုတ်နိုင်ငံအပေါ် ဒေါ်လာဘီလီယံပေါင်းများစွာ အကြွေးတင်နေပြီး၊ သီရိလင်္ကာနိုင်ငံထက် တရုတ်၏ ကြွေးမြီထောင်ချောက်ထဲ စောစီးစွာ ကျရောက်နေပြီ ဖြစ်သည်။   

သို့သော် သန်းရွှေကိုဆက်ခံသော ဗိုလ်ချုပ်ကြီးဟောင်းနှင့် သမ္မတဟောင်း သိန်းစိန်အစိုးရ လက်ထက်တွင် ထိုစီမံကိန်းများအနက် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ကုန်ကျသော မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတစ်ခုသာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ 

သို့သော် ဒေါ်လာ ဘီလီယံ ၂၀ ခန့်ကုန်ကျမည့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်ဆည်စီမံကိန်း ခုနစ် ခု၊ ဒေါ်လာ ရှစ်ဘီလီယံကျော် ကုန်ကျမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ဒေါ်လာ ရှစ်ဘီလီယံကျော် ကုန်ကျမည့် မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်း၊ တန်ဖိုးမသိသေးသော မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းများကို အကောင်အထည်ဖော်နိုင်ခြင်းမရှိပါ။ ဧရာဝတီမြစ်ဆုံ- မြစ်ညာရေအားလျှပ်စစ်စီမံကိန်း ခုနစ်ခုလုံးကို မြန်မာပြည်သူများ အကြီးအကျယ် ဆန္ဒပြဆန့်ကျင်မှုကြောင့် သမ္မတဟောင်း သိန်းစိန်က ရပ်ဆိုင်းခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှုံးနိမ့်သွားသော သမ္မတဟောင်း သိန်းစိန်အစိုးရသည် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အစိုးရထံ အာဏာမလွှဲပြောင်းမီ ရက်ပိုင်း အလိုတွင် တရုတ်အစိုးရအလိုကျ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုကို ဒေါ်လာ ရှစ်ဘီလီယံခန့် ကုန်ကျမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို လုပ်ပိုင်ခွင့်ပေးကာ ထိုးအပ်ခဲ့သည်။ 

သို့သော် NLD အစိုးရသည် စီမံကိန်းအရွယ်အစားနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံအထိ ခက်ခက်ခဲခဲညှိနှိုင်း လျှော့ချခဲ့ပြီး၊ စီမံကိန်းချေးငွေကိုလည်း တရုတ်အစိုးရ တစ်ခုတည်းမှ မဟုတ်ဘဲ ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသော ရှာဖွေချေးယူနိုင်မည့် စည်းကမ်ချက်ကို ချမှတ်ပြီး၊ အတိုးနှုန်းမြင့်မားသော တရုတ်ကြွေးမြီထောင်ချောက် အန္တရာယ်မှ ကာကွယ်ခဲ့သည်။  

၂၀၂၁ ခုနှစ်တွင် NLD အစိုးရကို စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသော လက်နက်ကိုင် တော်လှန်ရေးကြောင့် တရုတ်နယ်စပ်ဒေသများအားလုံးနီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရသော စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုနယ်မြေများ ပြန်လည်ရရှိရန် ပြန်လည်ထိုးစစ်မဆင်နိုင်သည့်အပြင် ၎င်း၏အာဏာ တည်မြဲရေးအတွက် ခြိမ်းခြောက်ခံလာရသည်။ ထိုအခါ တရုတ်အစိုးရထံမှ စစ်လက်နက်အကူအညီ အပါအဝင်၊ တရုတ်နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဩဇာရော အင်အားပါ အသုံးပြု ဖိအားပေးထိန်းချုပ် ပေးရန် တရုတ်ခေါင်းဆောင်များရှေ့ ဒူးထောက်အညံ့ခံ အကူအညီတောင်းခဲ့သည်။ 

တရုတ်အကူအညီ အလွန်အမင်းလိုအပ်နေသော မင်းအောင်လှိုင်သည် အပြန်အလှန်အားဖြင့် တရုတ်အလိုကျ မြစ်ဆုံဆည်စီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြင်ဆင်လာပြီး၊ စီမံကိန်း အကောင်အထည် ဖော်ရေး ကော်မတီအသစ်များ ပြင်ဆင်ဖွဲ့စည်းလာသည်။ ထိုအချင်းအရာများကို လေ့လာသုံးသပ်ရလျှင် မြန်မာနိုင်ငံထဲက တရုတ်အစိုးရ အလွန်လိုချင်နေသော CMEC မဟာဗျူဟာစီမံကိန်းများကို တရုတ်အကူအညီ ရရှိရေးနှင့် အလဲအလှယ်ပြု၍ တရုတ်လက်ထဲ မင်းအောင်လှိုင် ထိုးအပ်လိုက်ရပြီဟု ယူဆရသည်။ 

အပြန်အလှန်အားဖြင့် တရုတ်သည် မင်းအောင်လှိုင်ကို ထွက်ပေါက်ဖြစ်စေမည့် ရွေးကောက်ပွဲကို ငွေကြေး အကူအညီ၊ နည်းပညာအကူအညီများပေးကာ အကြီးအကျယ်ထောက်ခံနေပြီး၊ တရုတ်နယ်စပ် အခြေစိုက် “ဝ” ၊ မိုင်းလား၊ ကိုးကန့်၊ တအာင်း စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို “ဖြတ် ငါး ဖြတ်” ဗျူဟာ ဖြင့် ပိတ်ဆို့ဖြတ်တောက် ဖိအားပေးပြီး၊ မင်းအောင်လှိုင်နှင့် အပစ်ရပ်စဲရန်၊ သိမ်းပိုက်နယ်မြေများ ပြန်ပေးအပ် ရန်နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) တို့ကို မဆက်ဆံ၊ မကူညီရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်လာသည်။   

စစ်အာဏာသိမ်းပြီး ငါးနှစ်ကာလအတွင်း တရုတ်အစိုးရ၏ မြန်မာ့အရေး ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်မှုများက စံချိန်ချိုးခဲ့သည်။ မြန်မာ့အရေးတွင် ပြင်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံ ဟု မျက်နှာပြောင်တိုက် ကြေညာလာသည်အထိ ဖြစ်လာသည်။ တရုတ်ရည်ညွှန်းသော ပြင်ပနိုင်ငံများဆိုသည် မှာ အမေရိကန်နိုင်ငံ ဖြစ်ပြီး၊ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို အမေရိကန်နှင့် မပတ်သက်ရန် တင်းကျပ်စွာ တားမြစ်စောင့်ကြည်နေသည်။ 

လက်ရှိ အခြေအနေတွင် တရုတ်နိုင်ငံသည် မြန်မာ့မြေကိုနင်း၍ အိန္ဒိယသမုဒ္ဒရာကို အပြည့်အဝ အသုံးချ နိုင်မည့် ၎င်းတို့၏ သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာ (Two Oceans Strategy) ကို အကောင်အထည်ဖော်ရန် အလွန်နီးစပ်သော အခြေအနေသို့ ရောက်ရှိလာနေပြီ ဟု သုံးသပ်တွေ့ရှိရသည်။ 

ထိုင်ဝမ်ကျွန်းကို တရုတ်က စစ်ရေးအရ အင်အားသုံးသိမ်းပိုက်မည်ဆိုလျှင် အမေရိကန်ရေတပ်က မလက္ကာ ရေလက်ကြားကို ပိတ်ဆို့ဖြတ်တောက်နိုင်ခြေရှိသောကြောင့်၊ တရုတ်တစ်နိုင်ငံလုံးအတွက် လိုအပ်သောရေနံ ၈၀ ရာခိုင်နှုန်း ကို အရှေ့အလယ်ပိုင်းဒေသမှ ရေလမ်းဖြင့် သယ်ယူပို့ဆောင်နိုင်ခြင်းမရှိတော့မည့် အကျပ်အတည်းနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။ အကယ်၍ မြန်မာ့မြေမှတဆင့် အိန္ဒိယသမုဒ္ဒရာကို အတားအဆီးမရှိ အသုံးချနိုင်မည်ဆိုလျှင် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဝယ်ယူရသော ရေနံကို မြန်မာမှတစ်ဆင့် ကုန်းလမ်းမှ ပိုက်လိုင်းများဖြင့် သယ်ယူနိုင်မည် ဖြစ်သည်။ 

မလက္ကာရေလက်ကြားကို ပိတ်ဆို့ခံရမှုကြောင့် ဖြစ်ပေါ်လာမည့် စွမ်းအင်အကျပ်အတည်းကို ကျော်လွှားနိုင်မည် ဆိုလျှင် တရုတ်၏ ထိုင်ဝမ်ကျွန်းကို စစ်ရေးအရ ပြန်လည်သိမ်းပိုက်ရေးအစီအစဉ် ပို၍နီးစပ်သွားပေလိမ့်မည်။ ထို့ကြောင့် မြန်မာသည် တရုတ်အစိုးရအတွက် ထိုင်ဝမ်ကျွန်းကို ပြန်လည်သိမ်းပိုက်ရေးတွင် အရေးပါသော ထောက်ပို့လမ်းကြောင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီး ပြည်တွင်းစစ်နွံထဲ ထိုးစိုက်ကျဆင်းနေသော မြန်မာစစ်တပ်သည် သမိုင်းတစ်လျှောက် အင်အားအနည်းဆုံးအခြေအနေသို့ ရောက်ရှိနေသည်ကို သိရှိနေသော တရုတ်အစိုးရသည် မြန်မာစစ်တပ်ကို အကူအညီပေးခြင်းဖြင့် သမိုင်းနှင့်ချီပြီး ၎င်းတို့စောင့်မျှော်နေသော အကြီးမာဆုံးအခွင့်အလမ်းကြီး သိမ်းပိုက် ရရှိတော့မည် ဖြစ်ကြောင်း ကောင်းစွာတွက်ချက်ထားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်အစိုးရအတွက် အလွန်အသုံးကျသော ပထဝီနိုင်ငံရေး “နယ်ရုပ်တစ်ခု” အဖြစ် အသုံးချခံနေရပြီဟု သုံးသပ်တွေ့ရှိရသည်။ 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ၂၅ ရက်နေ့က ရန်ကုန်မြို့ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် တွေ့ရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နောက်လိုက်များ။ (ဓာတ်ပုံ – စစ်ကောင်စီ)

အမေရိကန်နှင့် တရုတ်၏ ဆုံမှတ်ဖြစ်လာသော မြန်မာမြေပေါ်မှ တရုတ်ကျားဖြန့်ပြဿနာ 

စင်စစ် အမေရိကန်-တရုတ် ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် မြန်မာနိုင်ငံသည် ခပ်ဝေးဝေး နေရာတွင်သာ ရောက်နေပြီး၊ မည်သည့် အခန်းကဏ္ဍမျှ မရှိသလို၊ မည်သို့မျှ သက်ရောက်ရိုက်ခတ်ခြင်းမျိုး မရှိနိုင်ဟု ယခင်က ယူဆ ခဲ့ကြသည်။ သို့သော် သမ္မတထရမ့်၏ ဒုတိယသက်တမ်းတွင် ပြောင်းလဲလာသော ကုန်သွယ်ခွန်တိုးမြှင့်မှု ဗျူဟာသည် တရုတ်တစ်နိုင်ငံတည်း ပစ်မှတ်ထား တိုးမြှင့်ကောက်ခံမှုမျိုးမဟုတ်တော့ဘဲ၊  ကုန်သွယ်ဘက်နိုင်ငံများ အားလုံးအပေါ် တိုးမြှင့်ကောက်ယူလာရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ သည်။ 

သို့သော် မြန်မာအပေါ် ကုန်သွယ်ခွန်တိုးမြှင့်ခြင်းကြောင့် အဓိက အထိနာသွားသည်မှာ မြန်မာထက် တရုတ်နိုင်ငံ ဖြစ်နေကြောင်း စိတ်ဝင်စားဖွယ် တွေ့ရသည်။ စင်စစ် မြန်မာနိုင်ငံသားများက အမေရိကန်ဈေးကွက်သို့ တင်ပို့သော ကုန်ပစ္စည်း များစွာမရှိလှပေ။ သို့သော် တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံများ လာရောက်ဖွင့်လှစ် ရင်းနှီးမြှုပ်နှံကြပြီး၊ အမေရိကန်ဈေးကွက်သို့ အဝတ်အထည်များ အဓိက တင်ပို့ နေကြခြင်းကြောင့် ဖြစ်သည်။ 

သမ္မတထရမ့်၏ ကုန်သွယ်ခွန်တိုးမြှင့်ကြောင်း အကြောင်းကြားစာ ရရှိခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကို အမေရိကန်သမ္မတက အသိအမှတ်ပြုသည်ဟု သွေးနားထင်ရောက်ပြီး၊ ထိုကိစ္စကို အကြောင်းပြု၍ သမ္မတထရမ့်ထံ အကြောင်းပြန်ကြားစာပေးပို့ကာ အမေရိကန်နှင့်ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းခဲ့ သေးသည်။ သို့သော် သမ္မတထရမ့်က မင်းအောင်လှိုင်၏ စာကို မည်သို့မျှမတုံ့ပြန်ခဲ့ပါ။   

ဤနေရာတွင် အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးအားပြိုင်မှုတွင် မည်သို့မျှ ဆက်နွယ်နိုင်ခြင်းမရှိဟု ထင်ရ သော မြန်မာနိုင်ငံသည် မထင်မှတ်ဘဲ ဆက်နွယ်သက်ရောက်မှု ရှိနေသည်ကို စတင်မြင်တွေ့လာရသည်။ ထိုမှတစ်ဆင့် ယခုအခါ မြန်မာ့မြေပေါ် ခြေကုပ်ယူပြီး အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တရုတ်ကျားဖြန့်ဂိုဏ်း များကို စတင်နှိမ်နင်းရန် အမေရိကန်အစိုးရသည် Scam Center Strike Force (SCSF) ကို ဖွဲ့စည်းဆောင်ရွက် လာရာ နောက်ထပ်ကြုံတွေ့လာရမည့် မြန်မာ့မြေပေါ်တွင် အမေရိကန်နှင့် တရုတ် အားပြိုင်မှုဖြစ်စဉ်များ ၏ ဆုံမှတ်အသစ်တစ်ခု ပေါ်ပေါက်လာပြီဟု ဆိုနိုင်သည်။

အမေရိကန်အစိုးရသည် တရုတ်ကျားဖြန့်ခေါင်းဆောင်ပိုင်းအကြောင်း သတင်းပေးနိုင်မည်ဆိုလျှင် ဆုငွေပေးမည် ဟု ကြေညာလာပါသည်။ တရုတ်ကျားဖြန့်ဂိုဏ်းများ၏ ခေါင်းဆောင်ပိုင်းသည် တရုတ်နိုင်ငံသားများ အဓိက ဖြစ်နေပြီး အကယ်၍ တရုတ်နိုင်ငံသား ကျားဖြန့်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်က ဖမ်းဆီး ရမိပြီး အမေရိကန်တရားရုံးတွင် ရုံးတင်စစ်ဆေးအပြစ်ပေးနိုင်ရန် ခေါ်ဆောင်မည်ဆိုလျှင်၊ သို့မဟုတ် တတိယ နိုင်ငံတစ်ခုက အမေရိကန်အလိုရှိနေသော တရုတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန် သို့ လွှဲပြောင်းပေးမည်ဆိုလျှင် တရုတ်အစိုးရ မည်ကဲ့သို့ တုံ့ပြန်မည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ 

အကယ်၍ အမေရိကန်အစိုးရ အလိုရှိနေသော တရုတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တစ်ဦးကို မြန်မာ့ မြေပေါ်တွင် ဖမ်းဆီးရမိလျှင် သို့မဟုတ် အမေရိကန် Strike Force က မြန်မာ့မြေပေါ်တွင် အဓိကကျူးလွန်နေ သော တရုတ်နိုင်ငံသားအမြောက်အများပါဝင်သည့် ကျားဖြန့်ဂိုဏ်းကို ဝင်ရောက်စီးနင်းလျှင် တရုတ်အစိုးရ မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်က အလွန်စဉ်းစားဖွယ်ကောင်းသော အချက်ဖြစ်သည်။ 

ထိုသို့ဖြစ်မလာနိုင်ဟု ကံသေကံမ မပြောနိုင်ပါ။ ထို့ကြောင့် မြန်မာသည် အမေရိကန်နှင့် တရုတ်တို့၏ ဆုံမှတ် ဖြစ်လာနေပြီလောဟု မေးခွန်းထုတ်ရင်း၊ ဘီအာအိုင် နှင့် ကျားဖြန့် ပြဿနာကို အကြောင်းပြု၍ တရုတ်သည် မြန်မာကို ၎င်းတို့၏ လက်ဝေခံနိုင်ငံအဖြစ် စနစ်တကျ သွတ်သွင်းနေပြီ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Related Articles

Back to top button