သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရစဉ် ဒဏ်ရာရခဲ့သည့် ဒုရဲအုပ် သေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ ယမန်နေ့ (ဇွန် ၂) နံနက်ပိုင်းက ရဲနှင့် စစ်ကားလေးစီးကို ဒေသခံ လက်နက်ကိုင်အဖွဲ့တစ်ခုက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် ဒုရဲအုပ်တစ်ဦး ယနေ့တွင် သေဆုံးခဲ့သည်။ 

ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ကန့်ဘလူမြို့အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ ဝါးညိုတောင်အနီး၌ ရဲနှင့် စစ်ကားများကို ဒေသခံလက်နက်ကိုင်အဖွဲ့က လက်လုပ်မိုင်း၊ လက်လုပ်တူမီးသေနတ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ခဲ့သူများကို ကိုးကား၍ မြို့ခံလူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

“ဝါးညိုတောင်ဘက်ကနေ (မြို့ဘက်ကို)ဆင်းလာတဲ့ ရဲကားကို ဖြတ်တိုက်တာ။ မိုင်းဆွဲတာတွေ၊ တူမီးနဲ့ပစ်တာတွေ ပါတယ်လို့ ကြားတယ်။ ဒုရဲအုပ်က ခေါင်းထိတယ်။ ရဲတပ်သားတစ်ယောက်က ပခုံးထိသွားတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ဦးခေါင်းဒဏ်ရာရရှိခဲ့သူ ဒုရဲအုပ်စိုးကျော်ဇင်မြင့် ဆိုသူသည် ယနေ့ (ဇွန် ၃) နံနက်၌ သေဆုံးသွားသည်ဟု မြို့ခံများထံမှ သိရသည်။ ဒုရဲအုပ်စိုးကျော်ဇင်မြင့်၏ ရုပ်အလောင်းကို ကန့်ဘလူမြို့နယ်ရဲစခန်းဝန်းရှိ ရဲဓမ္မာရုံ၌ ထားရှိပြီး ၎င်း၏ ဇာတိ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်သို့ ပို့ဆောင်မည်ဟု သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နံနက် ၁၀ နာရီဝန်းကျင်တွင် ကန့်ဘလူမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင်များ တပ်ကူရောက်လာသဖြင့် ပြောက်ကျားတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်သူ ရွာသားတစ်ဦးက ပြောသည်။ 

“မိုင်းတစ်လုံးကွဲတယ်။ မိုင်းကွဲတော့ ရဲတစ်ယောက်က သေနတ်နဲ့ပစ်မလို့ တောထဲကို ချိန်လိုက်တယ်။ ကားက ဆောင့်ထွက်သွားတော့ သေနတ်နဲ့ပစ်မဲ့ ရဲက ပြုတ်ကျကျန်ခဲ့တယ်။ ပြီးတော့ စစ်သားတွေက တောနင်းပြီး လိုက်ရှာတယ်။ ပြောက်ကျားအဖွဲ့က လက်နက်တွေချခဲ့ပြီး ပြေးသွားကြတယ်။ သေနတ်က လက်လုပ်သေနတ်တွေ” ဟု ၎င်းရွာသားက ပြောသည်။

စစ်သားများက ပြောက်ကျားအဖွဲ့ကျန်ခဲ့သည့် လက်လုပ်သေနတ် ၈ လက်ကို သိမ်းဆည်းပြီးနောက် ဆက်မလိုက်တော့ဘဲ အနီးအနားရှိ စံပယ်နံ့သာရွာ၊ နမ့်မလွန်ရွာများအတွင်း ဝင်ရောက်ရှာဖွေခဲ့ပြီး ရွာသားများကို သိမ်းဆည်းရလက်နက်များကို ခေါ်ယူပြသခဲ့သည်ဟု အဆိုပါရွာသားက ဆက်ပြောသည်။

လက်ရှိတွင် ကန့်ဘလူမြို့အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က လုံခြုံရေးတင်းကျပ်ထားပြီး မြို့အဝင်အထွက်ကို ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း မြို့ခံများက ဆိုသည်။

Related Articles

Back to top button