သရော်စာ

သရော်စာ၊ “များများသတ်လေ သာသနာကို စောင့်ရှောက်လေပဲ ဒကာကြီး” 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းခန်းလှည့်လည်စဉ်အတွင်း နာမည်ကျော် အဘိဓဇမဟာဗာလနံဆရာတော်ဘုရားကြီးထံ သွားရောက်ကာ ခြေတော်ဦးခိုက် ဖူးမြော်ခဲ့လေသည်။  

“ဒကာကြီး သတ်တာတွေ နည်းသေးလို့လားမသိဘူး။ ကွန်ထရိုး သိပ်မကောင်းသေးဘူး။ တပ်ထဲတွေမှာလည်း အထိန့်တလန့်ဖြစ်နေတယ်လို့လည်း ကြားတယ်၊ မလုပ်တတ်ရင်ဆင်းဘာညာဆိုပြီး ဝေဖန်နေကြတယ်လို့လည်း ကြားတယ်၊ ဖြစ်ပါ့မလား ဒကာကြီး” ဟု ဒကာတော်ဗိုလ်ချုပ်မင်းကြီး ရောက်ရောက်ချင်း ဆရာတော်က မဆိုင်းမတွ မိန့်လေသည်။ 

“မတစ်ထောင်သားတွေဆိုတော့လည်း တပ်ထဲမှာလည်း တိုးတိုးကျိတ်ကျိတ် ဒီလိုပြောနေတာတော့ သိရပါတယ်ဘုရား၊ ဘယ်သူ့ကမှတော့ ပေါ်ပေါ်တင်မပြောကြပါဘူးဘုရား။ တပည့်တော်ထိန်းနိုင်မှာပါဘုရား” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဝံ့မရဲ ပြန်လျှောက်လေသည်။

“အရှင်ဘုရားလုပ်ထားပေးတဲ့ ယတြာအစီအမံတွေနဲ့ အရှင်ဘုရားတိုက်တွန်းမှုကြောင့် ရလာတဲ့ သာသနာတော်ဆိုင်ရာ သူရဲကောင်းဘွဲ့တွေကို ငဲ့ညှာနေလို့သာ အခုလောက်ပဲ သတ်သေးတာပါဘုရား။ ရခိုင်ပြည်က ကုလားဆိုးတွေကို နှိမ်နင်းတုန်းကဆို တစ်ရွာမကျန် တစ်ယောက်မကျန် အကုန်ရှင်းဆိုပြီး တပည့်တော်လုပ်ခဲ့တာပါဘုရား” ဟုလည်း ဗိုလ်ချုပ်မင်းကြီးက အရဲကိုးလျှောက်ထားလေသည်။ 

ဆရာတော်ဘုရားသည်ကား အာဏာသိမ်းမည်ကို ကြိုတင်သိရှိခဲ့သူပီပီ အာဏာသိမ်းမှုကို ဆန့်ကျင်သူအပေါင်းကို မလွဲဧကန် သတ်ရဖြတ်ရမည်ကိုလည်း နားလည်ထားပြီးဖြစ်လေသည်။ သို့တည်းကြောင့်လည်း ဒကာတော်ဗိုလ်ချုပ်မှူးကြီးကို လူသတ်သမားကြီးအဖြစ် အထင်မရောက်စေရန် စကြဝဠာတစ်ခွင်လုံးတွင် အကြီးဆုံးဖြစ်တော်မူသော ထိုင်တော်မူ ကျောက်ဆင်းတုဘုရားကြီးတစ်ဆူ ကြိုတင်တည်ထားစေခဲ့သည်။

ဗြိတိသျှခေတ်တွင် ပေါ်ပေါက်ခဲ့သော YMBA အသင်းခေါ် ဗုဒ္ဓသာသနာကလျာဏယုဝအသင်းကြီး၏ ထိပ်တန်းဘွဲ့များဖြစ်သည့် ‘မဟာမင်္ဂလဓမ္မဇောတိကဓဇ’ ဘွဲ့၊  ‘အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ’ ဘွဲ့နှင့် ‘သတိုးသီရိ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ’ ‘အဂ္ဂမဟာသွားရည်စီသူ’ စသည့် ဘွဲ့တော်ကြီးများဖြင့်လည်း ဆရာတော်က ဒကာတော် ဗိုလ်ချုပ်မင်းကို ဂုဏ်သရေထွန်းပြောင်စေခဲ့သည်။ 

“ဒေါ်စုကြည်ပါတီနဲ့ ပတ်သက်လို့ အာဏာမသိမ်းခင်ကတော့ မဲစာရင်းမှားတယ်ဆိုပြီး လှုံ့ဆော်လိုက်တယ်။ အာဏာသိမ်းပြီးတော့ မဲခိုးတယ်လို့ပြောင်းပြီး လှုံ့ဆော်နေပါတယ်ဘုရား” ဟု ဆရာတော်ရှေ့မှောက်တွင် ခေတ္တခဏမျှ ခပ်မဆိတ်ဖြစ်နေရာမှ ဗိုလ်ချုပ်မှူးကြီးက ရုတ်တရက်လျှောက်ထားလေသည်။ 

“အာဏာသိမ်းရတဲ့အကြောင်းမှာ မဲခိုးတယ်ဆိုတာအပြင် တပည့်တော်တို့ တပ်တွင်းက လက်အောက်ခံ အဆင့်ဆင့်အရာရှိအရာခံတွေ လက်ခံအောင် ကိုနီလုပ်သွားတဲ့ အတိုင်ပင်ခံရာထူးဟာ ၂၀၀၈ ခြေဥနဲ့ မညီတဲ့အကြောင်း ဒါကို တပ်ကကန့်ကွက်ပေမဲ့လည်း NLD က လွှတ်တော်မှာ မဲအများနဲ့ ဘယ်လိုအနိုင်ကျင့် ပြဋ္ဌာန်းခဲ့တယ်ဆိုတာရယ်၊ မဘသကိုဖျက်တာဟာ ဗုဒ္ဓသာသနာအသင်းတွေကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့အကြောင်း၊ NLD အာဏာရလာပြီး သိပ်မကြာခင် တပည့်တော်တို့ ပြည်ခိုင်ဖြိုးဝန်ကြီးချုပ်ဟောင်းတွေ ယူသွားတဲ့ ဘီလျံချီငွေတွေပြန်တောင်းတဲ့ကိစ္စဟာ နိုင်ငံရေးအရလက်စားချေမှုတွေဖြစ်တဲ့အကြောင်း၊ ဒါ့ကြောင့် အခုလို အာဏာကို ယူလိုက်ရတယ်လို့ တပည့်တော်ကတော့ ကြုံရင်ကြုံသလို တပ်တွင်းမိန့်ခွန်းတွေမှာ ထည့်ပြောနေပါတယ်ဘုရား။ တရားဝင်သတင်းထုတ်ပြန်ချက်တွေမှာလည်း ဒီလိုအတိအကျမဟုတ်ပေမဲ့ ဒီသဘောထားပေါ်လွင်အောင် ထည့်ရေးခိုင်းထားပါတယ်ဘုရား” ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်လျှောက်ထားလေသည်။ 

ဆရာတော်ဘုရားသည် ၎င်း၏ မည်းမှောမှောင်လှသော မျက်နှာတော်ကို တစ်ချက်မော့လိုက်ပြီး ဒကာတော် ဗိုလ်ချုပ်မှူးကြီး သဘောတော်ကျစေမည့် အကြောင်းအရာတစ်ခု ဟောပြောရန် စဉ်းစားလိုက်ရာ အသောကဘုရင်ကြီးသည် ၎င်း၏ ခေါင်းထဲသို့ ရောက်ရှိလာလေသည်။ 

အသောကဘုရင်သည် နန်းတွင်းအာဏာလုပွဲတွင် ရာဂဏန်းမျှသော ညီအစ်ကိုများကို သတ်ဖြတ်ခဲ့ခြင်း၊ ကာလိင်္ဂတိုင်းနိုင်ငံသို့ ကိုလိုနီပြုကျူးကျော်စစ်ဆင်နွှဲရာတွင် လူပေါင်းတစ်သိန်းငါးသောင်းကျော်ကို သတ်ဖြတ်ခဲ့သော်လည်း နောက်နောင်တွင် တရားဓမ္မကျင့်ကြံအားထုတ်ပြီး သာသနာပြုမင်းကြီးအဖြစ် ရောက်ရှိခဲ့ပုံကို သတိရသွားလေသည်။ 

သို့သော် အသောကမင်းကြီး တရားကျင့်ကြံပြီးနောက် အမှန်တကယ်ပြောင်းလဲသွားပုံကို ထုတ်ဖော်ဟောပြောလျှင် သူကိုယ်တိုင်ကျင့်သုံးမှုမရှိသော ကိုယ်ကျင့်သီလ၊ အကျင့်ခြိုးခြံမှု တပေါစနှင့် သည်းခံမှု ခန္တီတရားတို့ကို ဒကာတော်အားလည်း ကျင့်သုံးခိုင်းရန် သင့်တော်မှုမရှိဟု ယူဆသဖြင့် ထိုအပိုင်းကိုမူ ကျော်ပြီးဟောရန် ဆရာတော်မဟာဗာလာနံ ဆုံးဖြတ်လိုက်လေသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ပရိသတ်မှာ ရာဂဏန်းပင်မပြည့်သော်လည်း ထောင်သောင်းချီသော ပရိသတ်ရှေ့တွင် ဟောပြောနေသည့်အလား အာလုပ်သံအပြည့်ဖြင့် ဆရာတော်က “သတ်တာဖြတ်တာ ဘာမှ နောက်မတွန့်နဲ့ ဒကာကြီးရ။ History of Buddhism ဘုန်းကြီးတို့ ဗုဒ္ဓဘာသာသမိုင်းတလျှောက်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင် အသောကဘုရင်ကြီးလောက် ကြီးမြတ်တဲ့ဘုရင် ဘယ်သူမှ မရှိဘူး။

သူလည်းပဲ သတ်စရာရှိတာကို အားရပါးရသတ်သွားတာပဲ။ နောင်ကျတော့လည်း သူ့ဟာနဲ့သူ အများက လက်ခံသွားတာပဲ၊ သတ်စရာရှိတာကိုသာ ဆက်သာသတ် ဒကာကြီး၊ များများသတ်လေ သာသနာပြု မင်းကောင်းမင်းမြတ်ဖြစ်ဖို့ နီးစပ်လေပဲ ဒကာတော်ရေ” ဟု ဟောလိုက်ရာ ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတော်ဖြစ်သူ ကြူကြူလှတို့၏ ညှိုးငယ်နေသော မျက်နှာများမှာ တစ်မုဟုတ်ချင်း ပြုံးယောင်သန်းလာတော့သည်။ 

“မှန်ပါ့ဘုရား။ ဆူပူဆန္ဒပြတဲ့သူအပြင် တပည့်တော်တို့ကို ရရာလက်နက်နဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတွေကိုလည်း လက်နက်ကြီးလက်နက်ငယ်နဲ့ အမှုန့်ချေနေပါတယ်ဘုရား။ သူတို့ကိုပါ NLD အစွန်းရောက် တံဆိပ်ကပ်ပေးပြီး အစိုးရသတင်းစာတွေကနေ လှုံ့ဆော်ပေးနေပါတယ်ဘုရား။ ဒါမှ ကိုးလိုးကန့်လန့်ဖြစ်ပြီး သူတို့လုပ်ရပ်တွေ ရပ်ဆိုင်းသွားမလားလို့ပါဘုရား” ဟု တရားတော်အပြီး ဗိုလ်ချုပ်မှူးကြီးက ဝမ်းသာအယ်လဲလျှောက်ထားလေသည်။

“နောက်ပြီး တပ်ထဲမှာလည်း တပည့်တော်ကို စင်ပြိုင်ပြုနိုင်မယ့်သူတွေအားလုံးကို ရှင်းထားပြီးပါပြီဘုရား။ ဒေါ်စုကြည်နဲ့ ဆက်ဆံခဲ့တဲ့ ဗိုလ်ချုပ်ကြီးကြီးတွေကိုလည်း အာဏာထိန်းတဲ့နေ့ကတည်းက အနားပေးထားပါတယ်ဘုရား။ အတွင်းမီးအပြင် အပြင်မီးအတွင်း မရောက်ဖို့ တပ်မိသားစုဝင်တွေကိုပါ အကျယ်ချုပ်ထားပါတယ်ဘုရား။ တပည့်တော်နိုင်မှာပါဘုရား” ဟု ဗိုလ်ချုပ်မှူးကြီးက ထပ်ဆင့်လျှောက်ထားလေသောအခါ ဆရာတော်က အားရဝမ်းသာ သာဓုသုံးကြိမ် ခေါ်လေသည်။  

အခမ်းအနားများပြုလုပ်ရာတွင် ရှေးဘုရင်များလက်ထက်ကဲ့သို့‌ မောက်တိုမောက်ရှည်ဝတ်ဆင်သော စစ်သည်တော်များခြံရံ၍ ပြုလုပ်ရန်၊ သက်ဦးဆံပိုင်ဘုရင်ကဲ့သို့ နေထိုင်သွားလာရန်၊ လက်အောက်ငယ်သားများကို ခါးကိုကုန်းလျက် အသေအချာ အရိုအသေပြုစေရန် ညွှန်ကြားထားသင့်ကြောင်းလည်း ဒကာတော် ဗိုလ်ချုပ်မင်းကြီးမပြန်မီ ဆရာတော်က လက်ဆောင်သဘောမျိုး ဖြည့်စွက်မိန့်ကြားလိုက်လေသည်။ 

မောင်ဘကွန်း၏ သရော်စာသည် သတင်းမဟုတ်ပါ။

Show More
Back to top button