သရော်စာ

ခြောက်လသားနဲ့ပြိုင် ဘယ်သူနိုင် (သရော်စာ)

အခုဆိုရင် နိုင်ငံတကာပြိုင်ပွဲကြီးတစ်ရပ်ကို စီရင်ကျင်းပလို့နေပါတယ်။ 

ဒီပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး နိုင်ငံပေါင်းရာနဲ့ချီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးကို စီရင်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ‘ဤဇမ္ဗူမှာ ငါလိုလူ မရှိဘူးဟေ့’ ရယ်လို့ ဟစ်ကြွေးလို့ ရတဲ့ ပြိုင်ဘက်ကင်းအာဏာရှင် မိုက်ရူးရဲတဇောက်ကန်းတစ်ယောက် ဒီကမ္ဘာမှာ ရှိခဲ့ပါလားဆိုတာကို သမိုင်းမှတ်တမ်းတင်ထားနိုင်ခဲ့စေဖို့ပဲ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲဟာ ကမ္ဘာပေါ်က အာဏာရှင်အုပ်စိုးခဲ့ကြတဲ့နိုင်ငံတွေက စစ်အာဏာရှင်၊ အရပ်သားအာဏာရှင် အသေထွက်၊ အရှင်ထွက်၊ ငုတ်တုတ်ထင်ရှားတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြတဲ့ ပြိုင်ပွဲပဲဖြစ်ပါတယ်။

ဒီ ၂၀၂၂ ခုနှစ် နောက်ဆုံးရအချက်အလက်တွေအရ လက်ရှိမှာ အာဏာရှင်တွေအုပ်စိုးတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံ ရှိထားပြီး အဲဒီ ၅၇ နိုင်စလုံးလည်း ဒီပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်လာတာတွေ့ရသလို ဟိုးယခင့်ယခင်များက အာဏာရှင် အသေထွက်၊ အရှင်ထွက် လက်ဟောင်းကြီးများလည်း ပါဝင်ယှဉ်ပြိုင်လာခဲ့ကြတာ တွေ့ရပါတယ်။

လစ်ဗျားလို၊ အီရတ်လို၊ ဖိလစ်ပိုင်လိုနိုင်ငံတွေကဆိုရင်တော့ အသေထွက်နဲ့ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ အာဏာရှင်များဖြစ်ကြတဲ့ ကဒါဖီ၊ ဆဒန်ဟူစိန်၊ ဖာဒီနန်မားကို့စ်တို့ကိုယ်စား သူတို့ဆွေမျိုးသားချင်းတွေထဲကဖြစ်စေ ဒါမှမဟုတ် လက်ရှိနိုင်ငံကို အုပ်စိုးနေသူတွေထဲကဖြစ်စေ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရကြမှာ ဖြစ်ပါတယ်။ 

ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ ရုရှ၊ တရုတ်နိုင်ငံတွေကတော့ ငုတ်တုတ်ထင်ရှား အာဏာရှင်များ အစုအဖွဲ့မှာ ပါဝင်ပြီး လက်ရှိအုပ်စိုးနေသူတွေကပဲ ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ အဲဒီလို ငုတ်တုတ်ထင်ရှား အာဏာရှင်များအစုအဖွဲ့မှာ လတ်လတ်ဆတ်ဆတ်အာဏာရှင်နုနုဖြစ်တဲ့ ကျုပ်တို့မြန်မာနိုင်ငံက သတ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမအလလည်း ပါဝင်လာပါတယ်။ သူသာ ပြီးခဲ့တဲ့နှစ်က အာဏာရူးပြီး အာဏာမသိမ်းခဲ့ဘူးဆိုရင် ဒီအခွင့်အရေးကြီးကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပြီး မြန်မာနိုင်ငံဟာ အသေထွက် နေဝင်းနဲ့ အရှင်ထွက် သန်းရွှေတို့သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ပဲ ရှိပါလိမ့်မယ်။ 

ဟော…အခုဆိုရင် အဲဒီ့ပြိုင်ပွဲကြီးဟာ ပတ်လည်ပွဲ၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တွေကို ကျော်လွန်လို့ ဗိုလ်လုပွဲကြီးဆီ ရောက်ရှိလို့လာပါပြီ။ ဗိုလ်လုပွဲတို့ထုံးစံအတိုင်း နှစ်ဖက်ပြိုင်ဘက်တို့ဟာ အကြိတ်အနယ်ယှဉ်ပြိုင် အနိုင်ယူကြရမှာပါ။ ဒီဗိုလ်လုပွဲမှာတော့ နှစ်ဖက်ပြိုင်ဘက်တို့ဟာ သူ့ထက်ငါ လူစွမ်းကောင်းဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆို ယှဉ်ပြိုင်သွားရမှာလည်း ဖြစ်ပါတယ်။

ဒီဗိုလ်လုပွဲကို တက်လှမ်းလာတဲ့ ယှဉ်ပြိုင်ဘက်နှစ်နိုင်ငံကတော့ အိမ်ရှင်မြန်မာနဲ့ ရုရှတို့ပဲဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံ ဟာ လတ်တလောကာလမှာတင် လူသားတို့အပေါ် ရက်စက်မှုအပေါင်းသရဖူဆောင်းထားသူကြီးများ ကြီးစိုးထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ကြီးစိုးထားသူတွေကတော့ ထူးထွေပြောပြမိတ်ဆက်စရာမလိုတဲ့ အာဏာရှင်ဘိုးအေကြီးပူတင်နဲ့ ခြောက်လတစ်ခါ အာဏာသက်တမ်းတိုးနေရတဲ့ ခြောက်လသားအာဏာရှင် မအလတို့ပဲဖြစ်ပါတယ်။ 

အနှီ ပူတင်ဟာဆိုရင်တော့ ‘ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ’ ဆိုတဲ့ ဘွဲ့တံဆိပ်တော်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ဆက်ကပ်ခြင်းခံထားရသူဖြစ်ပါတယ်။ ယူကရိန်းကို သူပဲ ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး သူပဲ မရှုမလှထွက်ပြေးလာရတဲ့ ကျော်စောမှုကို ပိုင်ဆိုင်ရာကနေ ဒီဘွဲ့ထူးကို ရရှိလာခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့အာဏာရှင် ခေါင်းဆောင်ကြီးလို့ မအလက လက်အုပ်ချီမိုး ချီးကျူးစကားအဆိုခံထားရသူလည်းဖြစ်ပါတယ်။ 

အနှီ မအလဟာဆိုရင်လည်း အဝေးနိုင်ငံတွေ မဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတွေကတောင် ပစ်ပယ်ခြင်းခံရသူပါ။ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းကို ခံရပြီး အဖပျောက် သားတစ်ယောက်ပမာဖြစ်နေသူပါ။ အဲ့ဒီလို အဖေပျောက်ရှာရင်း ပူတင့်ဆီ ရောက်သွားသူလို့ဆိုပါတော့။ 

ပူတင်ဆိုတာကလည်း ဒင်းလိုပဲ အဖက်လုပ်သူမှ မရှိတော့တာကိုး။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့။ အထီးကျန်သူချင်း တွေ့ကြသည်ပေါ့။ အခုလည်း ဗိုလ်လုပွဲမှာ ဆုံကြပြန်ပါတယ်။

ဒီဗိုလ်လုပွဲမှာတော့ ရုရှသမ္မတပူတင်က သူဘယ်လောက် မိုက်ရူးရဲသလဲ၊ သူဘယ်လောက် တဇောက်ကန်းသလဲ၊ သူဘယ်လောက် ဉာဏ်တိမ်သလဲဆိုတာတွေကို ယူကရိန်းကျူးကျော်စစ်ပွဲကနေပဲ အများစုကို ထုတ်နုတ်ပြလို့ ပြိုင်ပွဲကို စဖွင့်ပါတယ်။

သူ့ဆီမှာ အကောင်းဆုံး၊ အလန်းဆုံးဆိုတဲ့ တင့်ကားတွေ၊ ဒုံးတွေ၊ တိုက်လေယာဉ်တွေ၊ သင်္ဘောတွေ ဘယ်လောက်အထိ အဆုံးအရှုံးခံ မိုက်ကန်းခဲ့သလဲဆိုတာတွေကို အချက်အလက်နဲ့တကွ အသေးစိတ်ထုတ်နုတ်ယှဉ်ပြိုင်ပါတယ်။

ယူကရိန်းပြည်သူများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခြိမ်းခြောက်နိုင်သူ၊ မိမိစစ်သည်ခြောက်သောင်းကျော်ရဲ့ အသက်ကို ပေးစေပြီး စစ်ကိုခေါ်ခဲ့တဲ့ အရူးမိုက်ဆုံးလူတစ်ယောက်အဖြစ်လည်း သူ့ကိုယ်သူ ဂုဏ်ဖော် ဝင့်ကြွားစကားဆိုကာ ပြိုင်ပွဲဝင်ပါတယ်။ 

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျန်ပါသေးတယ်ပေါ့။ ကုန်သွားခဲ့လေပြီဖြစ်တဲ့ စစ်သည်ခြောက်သောင်းကျော် နေရာမှာ အစားဖြည့်ဖို့နဲ့ ခွက်ခွက်လန်ရှုံးနေတဲ့ စစ်ပွဲကို အဖတ်ဆယ်နိုင်ရေးအတွက် နိုင်ငံသားတွေစစ်မှုထမ်းဖို့ ဆင့်ခေါ်လိုက်ချိန်မှာပဲ နိုင်ငံတွင်းကနေ ပြည်ပထွက်ပြေးခိုလှုံသူ နှစ်သိန်းကျော်ရှိတဲ့အုပ်စိုးသူအဖြစ် ထုတ်ဖော်ပြောဆိုရင်း ပူတင်ဟာ ရင်ကော့၊ ခေါင်းမော့လျက် ဘယ်ညာလက်နှစ်ဖက်ခါးကိုထောက်လို့ ဂုဏ်ယူဝင့်ကြွားရင်း သူ့ဘက်က ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပါတယ်။ ‘ငါလိုလူ ဤဇမ္ဗူမှာ ရှိသေးရဲ့လား”ဆိုတဲ့ မာန်အပြည့်နဲ့ပေါ့။

ဒီမှာတင်ပဲ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မအလအလှည့် ရောက်လာပါတယ်။ သူလည်း အနီးစပ်ဆုံးကာလဖြစ်တဲ့ အာဏာသိမ်းအကြမ်းဖက်မှုတွေကနေ ထုတ်နုတ်ယှဉ်ပြိုင်လာပါတယ်။ 

ပလာတာလု၊ ထမင်းထုတ်ခိုး၊ စတိုးဆိုင်ဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်ပုံ၊ အာဏာဖီဆန် ဆန္ဒပြကြတဲ့ လူထုကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ချေမှုန်း သတ်ဖြတ်ခဲ့ပုံ၊ ရွာတွေကို မီးတင်ရှို့ခဲ့ပုံတွေကို ပါးစပ်က အမြှုပ်တစီစီထွက်တဲ့အထိ ပြောဆိုရင်း ယှဉ်ပြိုင်ပါတယ်။

အဲဒီ့လိုပြောဆိုယှဉ်ပြိုင်ရင်း ပြိုင်ဘက်ပူတင်ကို အကဲခတ်ပါတယ်။ ပူတင်က ခါးထောက်မပျက်၊ ရင်ကော့မပျက်၊ ခေါင်းမော့မပျက်တော့ သူ့ရဲ့ ယှဉ်ပြိုင်မှုကို အရှိန်ထပ်တင်ပါတယ်။ 

ဒီတစ်ခါမှာတော့ မအလက ကိုဗစ်ကာလမှာ အောက်ဆီဂျင်လုယူတာတွေ၊ ဆေးဆိုင်တွေက ဆေးတွေ အတင်းအဓမ္မလုယူတာတွေ၊ ပြည်သူကို ကုသပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးတာတွေ၊ ဆေးဆိုင်တွေကို ပိတ်သိမ်းခိုင်းတာတွေ၊ ကန်တစ်ဒေါ်လာ လေးထောင်စျေးထိပေါက်အောင် လုပ်နိုင်ခဲ့တာတွေ၊ စက်သုံးဆီစျေး သုံးလေးထောင်ထိရောက်အောင် စွမ်းဆောင်ခဲ့တာတွေ၊ ရွှေစျေး သိန်း ၂၀ အထက် အရောက်ပို့ခဲ့တာတွေ ထုတ်ပြောပါတယ်။ ပြောပြီး ပထမနည်းအတိုင်း ပူတင်ကို လှည့်ကြည့် အကဲခတ်ပြန်ပါတယ်။ ပူတင်မျက်နှာ အနည်းငယ် ပျက်လာပါပြီ။ ခါးနည်းနည်းကိုင်းလာပါပြီ။ ထောက်ထားတဲ့လက် ဖြေလျှော့လာပါပြီ။

ဒီလိုနဲ့ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမအလဟာ သူ့ရဲ့ ယှဉ်ပြိုင်မှုကို အရှိန်ထပ်မြှင့်ပါတယ်။ 

အပြစ်မဲ့ပြည်သူများစွာကို စစ်ကြောရေးခေါ် အသေသတ်ခဲ့ပုံ၊ မိန်းမကြီးငယ်အသွယ်သွယ်ကို အဓမ္မပြုကျင့်ခဲ့ပုံ၊ ဆန္ဒပြလူငယ်တွေကို ပြည်သူလူထုရှေ့မှာပဲ အရှင်လတ်လတ်ကားနဲ့ တိုက်သတ်ပုံတွေကို ထုတ်ပြောပါတယ်။ နောက် ကိုဂျင်မီ၊ ကိုဇေယျာသော်တို့လို အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ် ပစ်ခဲ့တာတွေလည်း ထပ်ဖြည့်ပြောပါတယ်။ 

နောက်ပြီး သားကို ဖမ်းမမိလို့၊ သမီးကို ဖမ်းမမိလို့ အဖေ၊ အမေ သက်ကြီးရွယ်အိုတွေကို ဖမ်းပြီး သတ်ပစ်တာတွေ၊ အဖေကို မမိလို့၊ အမေကို မမိလို့ လူမမည်အရွယ် ကလေးငယ်တွေအထိ ဖမ်းဆီးထောင်သွင်းအကျဉ်းချတာတွေ၊ စစ်ဘေးရှောင်နေရတဲ့ အနယ်နယ်အရပ်ရပ်က စစ်ဘေးဒုက္ခသည်လူထုအပေါ် လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲချခဲ့တာတွေ၊ ကလေးငယ်လေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ၊ ဦးတည်ချက်တည့်တည့်နဲ့ လေယာဉ်ပေါ်က ဗုံးကြဲချ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ချခဲ့တာတွေအထိ ထုတ်ပြောလာပါတယ်။ 

နောက်ဆုံး ဖမ်းဆီးခံလိုက်ရ၊ ပစ်သတ်ခံလိုက်ရတဲ့ သူ့စစ်သားတွေကိုတောင် ကယ်ဖို့၊ အလောင်းကောက်ဖို့ဝေးစွ သေချင်သေ၊ ကြေချင်ကြေ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင် ပစ်ပစ်ခါခါ လျစ်လျူရှုထားပြီး “ငါ့လက်ကလွတ် ဗြွတ်” ဆိုတဲ့ ဗျူဟာကို သုံးနေတာကအစ ထုတ်ဖော်ပြောဆိုရင်း သူ့ရဲ့ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပါတော့တယ်။

ဒိုင်တွေဆီက ဆုံးဖြတ်ချက်အဖြေကတော့ အာဏာရှင်ဘိုးအေကြီးပူတင်ကို ခြောက်လတစ်ခါ အာဏာရှင်သက်တမ်းတိုး အသက်ဆက်နေရတဲ့ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမအလက ပြတ်ပြတ်သားသား အနိုင်ရသွားတယ်ဆိုတာပါပဲ။

အခုဆိုရင်တော့ မိုက်ရိုင်းယုတ်မာမှုမှာ သူမတူအောင် ပြိုင်ဘက်ကင်းတဲ့ အာဏာရှင်ပူပူနွေးနွေးဆုရှင် ခြောက်လသားလေးဟာ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ကမ္ဘာတစ်ဝန်းကို ချိတ်ထဘီလှန်ပြ၊ ဘောင်းဘီဇစ်ဖြုတ်ပြရင်း ဂုဏ်ယူဝင့်ကြွားလျက်ရှိနေပါတော့တယ်။    ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More
Back to top button