သရော်စာ

သရော်စာ – အာဆီယံအထူးကိုယ်စားလှယ်ကို ဖမ်းရန် ဝရမ်းထုတ်

အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof  ရန်ကုန်သို့ ရောက်လာလျှင် ဖမ်းချုပ်နိုင်ရန် မင်္ဂလာဒုံမြို့နယ်တရားရုံးက ယနေ့ စနေနေ့ နံနက်တွင် ဖမ်းဝရမ်းထုတ်ပေးလိုက်သည်။

အထူးကိုယ်စားလှယ်အဖြစ် အာဆီယံက ခန့်အပ်ထားသော ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof  မြန်မာနိုင်ငံသို့ ရောက်လာပါက ချက်ချင်းဖမ်းချုပ်နိုင်ရန် စစ်ကောင်စီက ဥပဒေကြောင်းအရ လိုအပ်သော လုပ်ဆောင်မှုများကို ကြိုတင်ဆောင်ရွက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းသည် အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ရန် အထုပ်အပိုးပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းကို ဖိတ်ကြားမည်မဟုတ်ဟု အာဆီယံက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆုံးဖြတ်လိုက်သဖြင့် များစွာအံ့အားသင့်မိကြောင်း ပြောသည်။

အာဏာသိမ်းခေါင်းဆောင်က ၎င်းကို အာဆီယံအစည်းအဝေးများသို့ ဖိတ်ကြားခြင်း မရှိသော်လည်း တာဝန်အရ အစည်းအဝေးသွားတက်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ သူ့ကို မလေးမစားဆက်ဆံသော အာဆီယံအဖွဲ့၏ လုပ်ဆောင်ချက်ကို ကျေနပ်မှုမရှိသဖြင့် အာဆီယံက စေလွှတ်မည့်သူမှန်သမျှကို ဖမ်းချုပ်ရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။

“အာဆီယံက ကျွန်တော့်ကို မဖိတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ မသမာမှုတွေရှိနေတာ တွေ့ရပါတယ်။ ဒီမသမာမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သားအားလုံးထိခိုက်တာတွေရော၊ နိုင်ငံတော်အပေါ်မှာ ထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်၊ ဒါကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကျွန်တော်ပြောကြားလိုပါတယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်ကိုသာမက မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြေရှိသော အာဆီယံခေါင်းဆောင်များကို လိုအပ်သလို ထိန်းသိမ်းထားရန်အတွက် ရန်ကုန်မြို့၏ နာမည်ကျော် အင်းစိန်ထောင်အတွင်း အဆောက်အအုံသစ်များ တည်ဆောက်ရန် အကျဉ်းဦးစီးဌာနသို့ ညွှန်ကြားထားပြီးဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယမန်နေ့ကလည်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက အာဆီယံ၏ လုပ်ပုံကိုင်ပုံနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သေးသည်။ ထိုသတင်းထုတ်ပြန်ချက်မှာ အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဟု အာဆီယံက ဆုံးဖြတ်အပြီး ရက်များမကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။

“လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း” အာဆီယံကို အသိပေးလိုသည်ဟု သတင်းတွင် ခပ်တင်းတင်းရေးသားထားသည်။

ဤအတောအတွင်း နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးများတွင် အရပ်ဘက်ကောင်စီဝင်တို့က NLD ပါတီဝင်များကို ထောင်အသီးသီးသို့ ဆောလျင်စွာ ပို့ရန်၊ အနာဂတ်ရွေးကောက်ပွဲများတွင် မြန်မာ့နည်းမြန်မာ့ဟန် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ကြန့်ကြာမှုမရှိ ထုတ်ပြန်ရန် စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ကြသည်။

စစ်ခေါင်းဆောင်ကမူ  ၎င်းတို့၏ တင်ပြချက်များကို နားထဲဝင်ဟန် မရှိဘဲ အာဆီယံအစည်းအဝေးတက်ရေး၊ မြေအောက်ရထားလမ်းများတည်ဆောက်ရေး စသည့်အချက်များကိုသာ အဓိကထားဆွေးနွေးသွားသည်ဟု ကောင်စီဝင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင်က ဆိုသည်။

“သူကလည်း မြေအောက်လမ်းအကြောင်းပဲ တဖွဖွပြောနေတာ။ ကျန်တာ သိပ်စိတ်မဝင်စားဘူး။ ဒါကြောင့် ကျွန်တော်လည်း လမ်းကူးဥမင်တွေ များများဆောက်သင့်တယ်လို့ အကြံပေးလိုက်တယ်။ အဲဒါတွေက ဆောက်ရင် မြန်မြန်ပြီးတယ်လေ။ အများကြီးလည်း ဆောက်လို့ရတယ်” ဟု မန်းငြိမ်းမောင်က ရယ်ကာမောကာ ပြောပြသည်။

“များများဆောက်တော့ သူလည်း ဖွင့်ပွဲတွေ များများတက်လို့ရတာပေါ့။ ကျွန်တော်တင်ပြတာ သူ သဘောကျပါတယ်။ သေသေချာချာ သူ့စာအုပ်ထဲ လိုက်ရေးသွားတာ တွေ့လိုက်တယ်”

ပြီးခဲ့သည့် သောကြာနေ့အစည်းအဝေးတွင် စစ်ကောင်စီထဲမှ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်တို့က မင်းအောင်လှိုင်ကို ကြောက်သဖြင့် ခပ်မဆိတ်နေကြသော်လည်း အရပ်ဘက်အဖွဲ့ဝင်များက အချိန် ၃ နာရီခန့်ကြာအောင် ဝင်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

အာဆီယံခေါင်းဆောင်များ ဆက်လက်ပြီး စစ်ကောင်စီကို မခန့်လေးစားဆက်ဆံနေပါက အာဆီယံနိုင်ငံများကို ဝင်ရောက်တိုက်ခိုက် ပညာပေးသင့်ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံကို ဆင်ဖြူတစ်ကောင် လက်ဆောင်ပေးလိုက်ပါက ထိုင်းနိုင်ငံသည် မိမိတို့ဘက်မှ ဝင်တိုက်ပေးမည်မှာ သေချာကြောင်း အကြံပြုခဲ့သည်ဟု ကောင်စီဝင် ဦးသိန်းညွန့်က ပြောသည်။

“အာဆီယံနိုင်ငံတွေကို ဝင်တိုက်လိုက်လို့ ပြောရုံရှိသေးတယ် …. ဟိုဒင်း… လက်ဖက်ခြောက်တို့ ဘာတို့က ကျုပ်ကို မျက်လုံးတွေပြူးပြီး ဝိုင်းကြည့်ကြတယ်။ ကျုပ်လည်း သူတို့ကို ဂရုမစိုက်ပါဘူး။ ပြောစရာရှိတာ ပြောရမှာပဲ” ဟု ဦးသိန်းညွန့်က ဆိုသည်။

စစ်ကောင်စီအဖွဲ့ဝင် ဦးသိန့်ညွန့်

အာဆီယံနိုင်ငံများကို ပညာပေးမည်ဆိုပါက စင်ကာာပူကို အမြန်ဆုံးတိုက်ခိုက်သင့်သည်ဟု အကြံပြုသူမှာ ကောင်စီဝင် ဦးခင်မောင်ဆွေဖြစ်သည်။

“စစ်တိုက်ဖို့အရေး ပြောရတာ ကျွန်တော်တို့ အရပ်ဘက်ကောင်စီဝင်တွေက ပြောနေရတာ။ ကောင်စီထဲက စစ်ဗိုလ်ချုပ်တွေက တိုက်ပွဲအကြောင်း တစ်ခွန်းမှ မဟဘူး။ ကျွန်တော်ပြောတာက…. စင်ကာပူကိုသာ ဝင်တိုက်လိုက်၊ အဲဒီမှာ စစ်သားလည်း ရှိတာ မဟုတ်ဘူး၊ နိုင်ငံကလည်း ပိစိလေးဆိုတော့ ကျွန်တော်တို့ စီမံခန့်ခွဲရ လွယ်တယ်။ စင်ကာပူက ကိုယ့်လက်အောက်ခံနိုင်ငံဖြစ်သွားပြီ ဆိုမှတော့ စင်ကာပူကို ငါးနှစ်အတွင်း မီအောင်လုပ်မယ်လို့ ပေးထားတဲ့ ကတိလည်း အလိုလိုတည်ပြီးသားဖြစ်သွားမယ်” ဟု ဦးခင်မောင်ဆွေက လက်ဖျောက်တစ်ချက်တီးပြီး ရှင်းပြသည်။

အရပ်ဘက်ကောင်စီဝင်တို့၏ တိုက်ပွဲသံညံသော တင်ပြချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင်က သဘောကျ ကျေနပ်ဟန်ရှိသည်ဟု ဆိုသည်။

စင်ကာပူကို တိုက်ခိုက်သိမ်းပိုက်ရန် အကြံပြုချက်မှာ မလုပ်ရဲတာ ဘာမှမရှိဟု ကြွေးကြော်ခဲ့ဖူးသော စစ်ခေါင်းဆောင်အတွက် အသစ်အဆန်းမဟုတ်ပေ။

စစ်ခေါင်းဆောင်ကို အာဏာသိမ်းရန် ယမန်နှစ်ကတည်းက မြှောက်ပင့်ပေးခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ တချို့ကလည်း စင်ကာပူကို သိမ်းပိုက်ရန် အကြံပေးခဲ့ဖူးသည်ဟု သိရသည်။

(မှတ်ချက် –  ဒေါ်စိန်အေး ကလောင်အမည်ဖြင့် ရေးသားချက်မှာ သတင်းမဟုတ်သော သရော်စာ ဖြစ်ပါသည်)

Show More
Back to top button