တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ နိုဝင်ဘာလကနေ အခု ဒီဇင်ဘာအထိ အရှိန်အဟုန်မြင့် လုပ်ဆောင်နေပါတယ်။
ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာပါ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုတေဇာစန်၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့က ဦးဆောင်ပြီး မန္တလေးမြို့လယ် ဈေးချိုအနီးမှာ ဒီဇင်ဘာ ၃ရက်မနက်အစောပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်၊ မန္တလေးခရီးစဉ်နဲ့ တိုက်ဆိုင်စွာပဲ ဆန္ဒပြလှုပ်ရှားမှု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အမြန်ဆုံး လွှတ်ပေးရေးအပြင် စစ်မှုထမ်း ဥပဒေကို ဖျက်သိမ်းဖို့အချက်တွေကို တောင်းဆို ခဲ့ကြတာပါ။
စစ်ကော်မရှင်က လုပ်မယ့်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက်ရော လူထုအတွက်ပါ ကောင်းမွန်တဲ့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (GSCB) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ ကိုနန်းလင်းက Myanmar Now ကို ပြောပါတယ်။
“ဒီရွေးကောက်က လူထုအတွက် ထွက်ပေါက်လုံးဝ မဟုတ်ဘူး။ တိုင်းပြည်ကို ဆင်းရဲတွင်းချောက်နက်ကြီးထဲ ဆွဲချသွားမယ်။ လူထုကို အာဏာရှင် ချောက်နက်ကြီးထဲကို ဆွဲချသွားမယ့် ထောင်ချောက်တစ်ခု ဆိုတာကို ကျွန်တော်တို့ အရှင်းလင်းဆုံး သတင်းစကားပေးချင်တယ်။ ဒီတိုင်းပြည်မှာ စစ်တပ်က လုပ်ပေးတဲ့ရွေးကောက်ပွဲကနေ တိုင်းပြည်ကောင်းစားသွားတာ၊ ပြည်သူတွေဘဝ အဆင်ပြေသွားတယ်ဆိုတဲ့ ဥပမာရှိရင် ကျွန်တော်တို့ကို ပြပါဦး။ ကျွန်တော်တို့ ကျိန်းသေပေါက် တပ်အပ်ပြောရဲတယ်။ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်အတွက်၊ လူထုအတွက် အပြောင်းအလဲ ဘာမှမဖြစ်နိုင်ဘူး စစ်အုပ်စုနဲ့ မင်းအောင်လှိိုင် အာဏာတည်မြဲရေးအတွက်ပဲ လုပ်လာတဲ့ ရွေးကောက်ပွဲဆိုတာကို လူထုကို အရှင်းလင်းဆုံး၊ အပြတ်သားဆုံး သတင်းစကားပေးတဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက် ဖော်ဆောင်နေတာဖြစ်ပါတယ်” လို့ ကိုနန်းလင်းက ဆိုပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်ရေးကာလအနေနဲ့ သတ်မှတ်ကြောင်း တော်လှန်ရေးအင်အားစုတွေက ကြေညာထားတာပါ။
ရွေးကောက်ပွဲဆန့်ကျင်တာတွေကို လုပ်ဆောင်တဲ့အခါ မိမိလုံခြုံရေးကို အဓိကထားဖို့နဲ့ တရားမဝင် လုပ်ဆောင်တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ကိုယ်မဲပေးခဲ့တယ်ဆိုတဲ့ သမိုင်းမကျန် ခဲ့ဖို့အတွက် ဆက်လက်ဆန့်ကျင်ကြဖို့ တိုက်တွန်းရတာဖြစ်တယ်လို့ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ရန်ကုန်အခြေစိုက် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ကိုရေဘဝဲ က ပြောပါတယ်။
“ဒီလိုဆန့်ကျင်လို့ ဒီလိုသပိတ်မှောက်လို့ ဒါကြီးက ပျက်သွားနိုင်မလားဆိုတော့ မင်းအောင်လှိုင် ပြောတဲ့ စကားတစ်ခုရှိတယ်။ မလုပ်ရဲတာ မရှိဘူးဆိုတာ။ အဲဒီစကားကြောင့်ပဲ အာဏာသိမ်းတယ်။ အဲဒီစကားကြောင့်ပဲ ပြည်သူတွေ၊ ဒီမိုကရေစီ သူရဲကောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို သတ်ဖြတ်ရှင်းလင်းတာမျိုးတွေ လုပ်ခဲ့တာတွေက သာဓကအနေနဲ့။ ပျက်တာ ၊ မပျက်တာထက်ကို ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေ၊ ကိုယ်ရဲ့ ရပ်တည်ချက်တွေက သမိုင်းမှတ်ကျောက်တင်ခံဖို့အတွက်ကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ No Vote Campaign လုပ်ကြဖို့အတွက် နှိုးဆော်တာ ဖြစ်ပါတယ်” လို့ ကိုရေဘဝဲက ဆိုပါတယ်။
စစ်ကော်မရှင်ကလည်း ရွေးကောက်ပွဲအပေါ် ဝေဖန်၊ ဆန့်ကျင်တဲ့လူတွေကို ရှာဖွေဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်ချတာ စတဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်နေပါတယ်။
Myanmar Now က စုဆောင်းထားတဲ့ စာရင်းတွေအရ နိုဝင်ဘာလ ပထမပတ်အထိ စစ်ကော်မရှင်က ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဖမ်းဆီးထားတဲ့လူ ၉၄ ယောက် ထက်မနည်း ရှိပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



