အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သတင်းသမားအချို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော် လွတ်

နိုင်ငံတကာထောက်ခံမှု ရရှိစေရန် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနေရာ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ နိုင်/ကျဉ်း ၆၀၀ ကျော် လွတ်လာသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးအကျဉ်းကျခံနေရသည့် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ဒီဇင်ဘာလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာရာ စုစုပေါင်း ၆၀၀ ကျော်လွတ်မြောက်လာသည်ဟု နိုင်ငံရေးအကျဉ်းသားအရေး တက်ကြွလှုပ်ရှားသူများထံက သိရသည်။ 

ဒီဇင်ဘာလ ၁ ရက်နေ့တွင် အင်းစိန်ထောင်၊ အိုးဘိုထောင် နှင့် သာယာဝတီထောင်တို့ အပါအဝင် အကျဉ်း ထောင် ၁၁ ခု မှ နိုင်/ကျဉ်း ၂၆၈ ဦး လွတ်မြောက်လာခဲ့ပြီး အရေအတွက် အတိအကျကို ထပ်မံထုတ်ပြန် သွားမည်ဟု  နိုင်ငံရေးအကျဉ်းသားများကွန်ရက်-မြန်မာ (PPNM) က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန် ထားသည်။ 

ထို့နေ့က ပြန်လည်လွတ်မြောက်လာသူများတွင် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ BBC Media Action ၏ အလွတ်တန်းထုတ်လုပ်ရေးမှူးနှင့် အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့လည်း ပါဝင်သည် ဟု ၎င်းတို့ နှင့် နီးစပ်သူများထံက သိရသည်။ 

စစ်အာဏာသိမ်းပြီးလပိုင်းအကြာ  ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ၎င်းတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က အပြင်  မထက်ထက်ခိုင်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ဦးစည်သူအောင်မြင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ အင်းစိန်ထောင်မှ ဦးစည်သူအောင်မြင့် အပါအဝင် နိုင်/ကျဉ်း အမျိုးသား ၃၀ ဦး နှင့် အမျိုးသမီးနှစ်ဦး လွတ်မြောက်လာသည်ဟု သိရသည်။ 

ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်မှ နိုင်/ကျဉ်း အမျိုးသား ၇၇ ဦး ၊ အမျိုးသမီးခြောက်ဦး လွတ်မြောက် လာခဲ့ပြီး BBC Media Action ၏ အလွတ်တန်းထုတ်လုပ်ရေးမှူး နှင့် အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင် လည်း ပါဝင်သည်ဟု ထိုအကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်/ကျဉ်း တစ်ဦးထံက သိရသည်။ 

“မဲပေးဖို့ လွှတ်လိုက်တယ်လို့တော့ ပြောတယ်။ ပါတီကို မကြည့်နဲ့ လူကိုကြည့်ပါတဲ့” ဟု ၎င်းက ပြောသည်။  

လွတ်မြောက်လာသူအများစုသည် ပုဒ်မ ၅၀၅ ၊ ၁၇/၁ ၊ ၁၂၄ (က)၊ ၅၂ စသည့် နိုင်ငံရေးပုဒ်မများ ပါဝင်ပြီး ထောင်အာဏာပိုင်များက နိုင်/ကျဉ်း အမျိုးသားအချို့နှင့် အမျိုးသမီးသုံးဦး ကို သာယာဝတီ ရဲစခန်းသို့ ခေါ်ဆောင်ကာ ထပ်မံ စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“မနေ့က လွတ်တဲ့အထဲက တချို့ကို သာယာဝတီရဲစခန်းမှာ ထပ်စစ်တယ်။ မိန်းကလေးသုံးယောက်နဲ့ ယောက်ျားလေးတွေပါသွားတယ်။ နောက်မှု ကပ်ခံရတာရှိ၊ မရှိခေါ်စစ်တာ။ ထောင်ထဲကို SB (ထောက်လှမ်းရေး) က လာခေါ်တာ” ဟု ၎င်းက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောသည်။ 

နိုင်ငံတကာထောက်ခံမှုရရှိရန် ကြိုးပမ်းနေသည့်အနေဖြင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့် စစ်ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ပုဒ်မ ၅၀၅-က ဖြင့် ထောင်ကျနေသည့်  အကျဉ်းသား/အကျဉ်းသူ ၇၂၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ 

နိုဝင်ဘာလ ၂၆ ရက်နှင့်၂၇ ရက်တို့တွင် တစ်နိုင်ငံလုံးအကျဉ်းထောင် ၁၂ ခုမှ ၁၇၃ ဦး လွတ်မြောက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေး အိုးဘိုထောင်မှ ၂၃၂ ဦး လွတ်မြောက်သည်ဟု PPNM စာရင်းများအရ သိရသည်။

ထို့ကြောင့် PPNM ၏ နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ဒီဇင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်များအရ လွတ်မြောက်လာသူ အရေအတွက်သည် စုစုပေါင်း ၆၇၃ ဦး ရှိသည်။

ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ ခုနှစ်မှ စ၍ ထောင်ဒဏ်ချမှတ်ခံနေရသည့် ကရင်ပြည်နယ် မြဝတီမြို့အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြန်လွတ်လာကြောင်း ကရင်သတင်းဌာန (KIC) တွင် ဖော်ပြထားသည်။

သို့ရာတွင် ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်း နောက်ဆက်တွဲထိခိုက်ဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်၌ သွားရောက်သတင်းယူ‌နေစဉ် ဖမ်းဆီးခံလိုက်ရသည့် Myanmar Now သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက် မှာမူ လွတ်ငြိမ်းတွင် ပါဝင်လာခြင်း မရှိသေးပေ။

၎င်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့်  စွပ်စွဲတရားစွဲဆိုခဲ့သည်။  

ကိုစိုင်းဇော်သိုက်အား အင်းစိန်ထောင်အတွင်း၌ ပြုလုပ်သည့် စစ်ခုံရုံး၌ ပထမဆုံးရုံးထုတ်ချိန်မှာပင် ခုခံ​ချေပခွင့်၊ တရားခွင်စစ်ဆေးခြင်းမရှိဘဲ ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချခံရသည်။

စစ်တပ်၏ ယခင်ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းနှင့်ပြစ်ဒဏ်လျှော့ပေါ့မှုများအတွင်း ကိုစိုင်းဇော်သိုက်သည် ထောင်ဒဏ် နှစ် ၂၀ မှ  ၁၀ နှစ် လျော့သွားသည်ဟု  မိသားစုဝင်များထံက သိရသည်။  လတ်တလော ပြစ်ဒဏ် လျော့မလျော့ မသိရသေးကြောင်း ဆိုသည်။ 

စစ်ကော်မရှင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ ၇၂၄ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်ဟု ထုတ်ပြန်ထားရာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာနိုင်သည်ဟု နိုင်/ကျဉ်းဟောင်းများက သုံးသပ်သည်။ 

ထို့ပြင် စစ်ကော်မရှင်က ပုဒ်မ ၅၀၅-က ဖြင့် တိမ်းရှောင်နေရသည့် ၅၂၆၈ ဦးကို အမှုရုပ်သိမ်းပေးခဲ့ပြီး နိုင်/ကျဉ်း ၂၃၆၁ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်ဟု နိုဝင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကော်မရှင်က နိုင်/ကျဉ်းများအား  ပြန်လည်လွှတ်ပေးနေသည်ဟုဆိုသော်လည်း အကျဉ်းထောင် အသီးသီးတွင် နိုင်/ကျဉ်း နှစ်သောင်းကျော် ကျန်ရှိနေသေးပြီး လွတ်ရက်နီး၍ လွတ်မြောက်လာသူများကိုလည်း နောက်ထပ် ပုဒ်မများကပ်ကာ ထပ်မံ ဖမ်းဆီးနေဆဲဖြစ်သည်ဟု  နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်-မြန်မာ(PPNM)  တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။ 

“ ၁၇/၁ ပုဒ်မ ကပ်ခံထားရသူတွေကို ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးနေတာကိုလည်း တွေ့နေရပါတယ်။ အနည်းဆုံးသုံးဦးလောက်ကတော့ ထောင်ဘူးဝမှာပဲ ပြန်လည်ဖမ်းဆီးနေတယ်လို့ ကြားသိနေရပါတယ်” ဟု ၎င်းက ပြောသည်။ 

သို့ရာတွင် အင်းစိန်အကျဉ်းထောင်မှ နိုင်/ကျဉ်း အမျိုးသားခုနစ်ဦးကို နောက်ထပ်ပုဒ်မများတပ်ကာ ပြန်လည် ဖမ်းဆီးခဲ့သည်ဟု အဆိုပါထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။  

“ကိုဖိုးသော် အပါအဝင် ကျားခုနစ်ယောက် နောက်မှုကပ်တယ်လို့ သိရတယ်။ အင်းစိန်ဗဟိုကလွတ်တဲ့ အမျိုးသမီးနှစ်ယောက်က ဒေါက်တာသဉ္ဇာ နဲ့ မသီ ခေါ် သီသီခိုင်တို့ပါ” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးပတ်လမ်း၊ Utopia Tower ရှိ အားကစားခန်းမ တစ်ခုတွင်  ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်တွင် လက်လုပ်မိုင်းစမ်းသပ်သည်ဟု စွပ်စွဲပြီး စစ်တပ်က MMA လက်ဝှေ့ကစားသမား ဖိုးသော်ကို ဖမ်းဆီးထားခြင်းဖြစ်သည်။ 

စစ်ကော်မရှင်တပ်က ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အမီ နိုင်/ကျဉ်းများကို ပြန်လွှတ်ပေးနေ သော်လည်း တစ်ဖက်တွင်လည်း ရွေးကောက်ပွဲဥပဒေဖြင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဆက်လက် ဖမ်းဆီးနေဆဲဖြစ်သည်။ 

ရွေးကောက်ပွဲ ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဇာတ်ပို့ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်​ဆောင် အုန်းဒိုင်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရသည်။ 

ထို့ပြင် စစ်တပ်ကဦးဆောင်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်မှုဖြင့် ရန်ကုန်မြို့မှ အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း ၊ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ် နှင့် အသက် ၁၉ နှစ် အရွယ် မယမင်းထက် တို့ကိုလည်း ထောင်ဒဏ်နှစ် ၅၀ နီးပါး ချမှတ်ခဲ့သည်။

ပုံစာ-နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ လွတ်မြောက်လာသူ နိုင်/ကျဉ်းစာရင်းအား PPNM က ထုတ်ပြန်ထားစဉ်။  (နိုဝင်ဘာလ ၂၇ ရက်နေ့က အိုးဘိုထောင်မှ လွတ်မြောက်လာသူ ၂၃၂ ဦး စာရင်းဖြည့်စွက်ထားသည်) ။

Related Articles

Back to top button