အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကရင်ပြည်နယ်ခရီးစဉ်အတွင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဘားအံမြို့ရှိ ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇထံ သွားရောက်တွေ့ဆုံခဲ့သည်။
အာဏာသိမ်းမှု လေးလပြည့်မြောက်လာချိန်တွင် စစ်ကောင်စီအပေါ် ဆန့်ကျင်တော်လှန်မှု ပိုမိုအားကောင်းလာလျက်ရှိပြီး အာဏာသိမ်းစစ်ခေါင်းဆောင် တိုင်းခန်းလှည့်လည်စဉ်အတွင်း ဆရာတော်သံဃာတော်များကို အရေးတယူဖူးတွေ့လျက်ရှိသည်။
မေ ၃၁ က ကရင်ပြည်နယ်မြို့တော် ဘားအံရှိ မဘသဦးဆောင်ဆရာတော်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားရောက်တွေ့ဆုံစဉ် လှူဒါန်းမှုများပြုလုပ်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်ဟု စစ်တပ်က ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော်လည်း အသေးစိတ်ကိုမူ မသိရပေ။
ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တိုင်းပြည်ကို အုပ်ချုပ်နေစဉ်ကာလအတွင်း အစိုးရကို ဆန့်ကျင်သော၊ တပ်မတော်ကို ထောက်ခံသော လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် မဘသဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည်။
စစ်ခေါင်းဆောင်က မဘသဆရာတော်ကို အရေးတယူသွားရောက်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ အထင်ကရစာသင်တိုက်ကြီးတစ်ခုမှ ရဟန်းတစ်ပါးကမူ စစ်တပ်သည် မဘသကို အလိုရှိသည့်အချိန်တွင် ထုတ်သုံးလေ့ရှိသည်သာဖြစ်၍ ယခုအချိန်တွင် ထိုသို့တွေ့ဆုံမှုမှာ မထူးဆန်းဟု မိန့်သည်။
“လက်ဝါးချင်းရိုက်လုပ်နေကြတဲ့သူတွေ တွေ့ဆုံတာပဲ” ဟု စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နေ့စဉ်ရက်ဆက် ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်လေ့ရှိသူ အထက်ပါဆရာတော်က မိန့်ကြားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ မဘသနှင့် မိတ်ဖက်အင်အားစုများ၏ လှုပ်ရှားမှုများ ပေါ်ပေါ်ထင်ထင် မတွေ့ရှိရသေးဘဲ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည့် နာမည်ကျော် မဘသဦးဆောင်ဆရာတော် ဦးဝီရသူမှာ စစ်ကောင်စီလက်ထက်တွင် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
မေလအတွင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက “ဆရာတော်ကို (ဦးဝီရသူ) ဗိုလ်ချုပ်တို့က မေ့ထားပေမဲ့ ကျွန်မတို့က တစ်နေ့မှ မေ့မရပါဘူးဆိုသည့် သတင်းစကားပေးလိုကြောင်း” ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကရင်ပြည်နယ်ခရီးစဉ်အတွင်း ဇွဲကပင်ကျောင်းဆရာတော်အပြင်၊ လမင်းပရိယတ္တိစာသင်တိုက်၊ မဲဘောင်ကျောင်းတိုက်၊ မိုးကယ်ကျောင်းတိုက်၊ တောင်ကလေးကျောင်းတိုက်တို့မှ ဆရာတော်များနှင့်လည်း တွေ့ဆုံခဲ့သေးကြောင်း စစ်ကောင်စီ၏သတင်းစာများတွင် ဖော်ပြသည်။
ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇကမှာ မဘသအသွင်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌအဖြစ် အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသအစား တာဝန်လွှဲပြောင်းရယူခဲ့သူဖြစ်သည်ဟု RFA သတင်းဌာနက ၂၀၁၉ ခုနှစ်၊ ဩဂုတ်တွင် သတင်းဖော်ပြဖူးသည်။
ထို့အတူ စစ်ကောင်စီဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း ထပ်မံသွားရောက်ခဲ့သည့် မဲဘောင်ကျောင်းတိုက်သည်လည်း ယခင်ကပင် စစ်တပ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အင်တာနက်စာမျက်နှာတွင် တရားဝင်လွှင့်တင်ထားသည့် သတင်းအရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် အရပ်သားဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ စစ်ကောင်စီကို ဆန့်ကျင်ရန် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေချိန်တွင် တပ်မတော်သားဆရာဝန်များ၏ အကူအညီဖြင့် မဲဘောင်ကျောင်းတိုက်အတွင်း ဇွဲကပင်ဇီဝိတဒါနဆေးခန်းကို မတ် ၁၅ရက်က ဖွင့်လှစ်ခဲ့သည်။
မဘသအဖွဲ့နှင့် ဦးဆောင်ဆရာတော်များမှာ ၂၀၁၅ ရွေးကောက်ပွဲ၌ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး တိုင်းပြည်ကို ငါးနှစ်နီးပါး အုပ်ချုပ်ခွင့်ရခဲ့သည့် NLD ပါတီနှင့် ပါတီဝင်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ အစဉ်တစိုက် ပြုလုပ်လေ့ရှိသည်။
ထိုလှုပ်ရှားမှုများကို စစ်တပ်က တိုက်ရိုက်ပါဝင်ပတ်သက်သည့် အထောက်အထားမတွေ့ရသော်လည်း ဦးဆောင်လှုပ်ရှားသည့် မဘသကဲ့သို့သော အဖွဲ့အစည်းများကို ငွေလှူဒါန်းခြင်းများ ရှိခဲ့သည့်အပြင် မဘသဦးဆောင်ဆရာတော်များနှင့် စစ်ခေါင်းဆောင်များအကြား နီးကပ်သည့် ဆက်ဆံရေးရှိသည်။
၁၉၈၀ ပြည့်နှစ်၊ မြန်မာနိုင်ငံဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ သုဓမ္မာ၊ ရွှေကျင်ကဲ့သို့သော ဂိုဏ်းကြီး ၉ ဂိုဏ်းမှလွဲ၍ အခြားဂိုဏ်းခွဲများ၊ ဂိုဏ်းသစ်များ မဖွဲ့စည်းရ၊ မတည်ထောင်ရဆိုသည့် သံဃအခြေခံစည်းမျဉ်းများနှင့် သွေဖည်နေသဖြင့် မဘသအဖွဲ့ကို NLD အစိုးရက ၂၀၁၇ ခုနှစ် မေလတွင် ဖျက်သိမ်းခဲ့သည်။
သို့သော် ဖျက်သိမ်းခံရပြီး လေးရက်အကြာတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ် မဘသကို အသွင်ပြောင်းခဲ့ပြန်သဖြင့် ၂၀၁၉ ဇူလိုင်တွင် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ၄၅ ရက်အတွင်း နိုင်ငံအနှံ့ရှိ ဆိုင်းဘုတ်များကို ဖြုတ်သိမ်း၍ ဖျက်သိမ်းရန်၊ မလိုက်နာပါက အရေးယူမည်ဟုပင် NLD အစိုးက ကြေညာခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးချိန်မှစ၍ ဇွန် ၁ ရက်အထိ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၈၄၀ ကျော် သေဆုံးခဲ့ရပြီး ၄၄၀၀ ကျော် ဖမ်းဆီးခံထားရချိန် အာဏာသိမ်းစစ်ကောင်စီကို ပြည်သူလူထု၏ ဆန့်ကျင်တော်လှန်မှု အားကောင်းနေချိန်တွင် အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် မဘသဦးဆောင်ဆရာတော်ကို သွားရောက်တွေ့ဆုံခဲ့သည်။
ဇွဲကပင်ကျောင်းဆရာတော်ကို အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ မဘသလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လေ့ရှိသူ ဦးသက်မျိုးဦးက “ပြည်သူလူထုက (စစ်ကောင်စီကို) ကန့်ကွက်နေတယ်ဆိုတဲ့နေရာမှာ ပြည်သူအကုန်လုံး မဟုတ်ဘူး။ မလိုလားတဲ့သူရှိသလို၊ လိုလားတဲ့လူရှိတယ်။ လက်နက်တွေ၊ ဘာတွေသွားလှူတယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ”ဟု မှတ်ချက်ပြုသည်။



