ထိုင်းနယ်စပ်အနီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ အပြန်အလှန်ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်ဘက်အခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီးပြီးနောက် ထိုင်းစစ်တပ်က နယ်ခြားမြစ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ ကုန်သွယ်လှေဂိတ်များကို သီတင်းတစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်က ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မင်းလက်ပံဒေသရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) စင်တာကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ဝင်ရောက်စီးနင်းခဲ့ပြီး ထိုဒေသအနီးတစ်ဝိုက်ကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို KNU နှင့် တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။
ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) က မင်းလက်ပံဒေသအနီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၆၀ မမ လက်နက်ကြီးများ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ကာ လူအချို့ဒဏ်ရာရခဲ့ပြီးနောက် လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်စပ်လှေဂိတ်များကို ပိတ်ပင်ခြင်းဖြစ်ကြောင်း မြဝတီမြို့ခံများနှင့် ကုန်တင်လှေဂိတ်လုပ်သားများကပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) ၂ နာရီဝန်းကျင်မှစ၍ သောင်ရင်းမြစ်ဖြတ်၍ ကုန်စည်သယ်ယူသော လှေဂိတ်များ ပိတ်မည့်အကြောင်း ထိုင်းစစ်တပ်က လှေဂိတ်ပိုင်ရှင်များကို အကြောင်းကြားခဲ့သည်ဟု အမည်မဖော်လိုသည့် လှေဂိတ်လုပ်သားအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“မနေ့က ၂ နာရီမပိတ်ခင်တုန်းက ပုံမှန်အလုပ်လုပ်လို့ရတယ်။ ၂ နာရီမှာ ပိတ်သွားတော့ အလုပ်လုပ်လို့ မရတော့ဘူး။ ဂိတ်ကကျတော့ ကုန်ပစ္စည်းပဲ အသွားအပို့ပဲ။ လူတွေဘာတွေကျတော့မရဘူး လူပေးမကူးဘူး။ လှေဖြတ်တာ ဘာမှမရှိတော့ဘူး လှေဂိတ်ဝင်းထဲမှာတော့ အလုပ်သမားတစ်ယောက်တောင် မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ထိုင်းနှင့် တရားဝင်ကုန်သွယ်ရန် မြဝတီနယ်စပ်တွင် အမှတ် ၁ နှင့် ၂ တံတားမှ ခွင့်ပြုထားပြီး တရားမဝင်ကုန်သွယ်မှု တားဆီးရေးအကြောင်းပြချက်ဖြင့် အမှတ် ၂ တံတားကို စစ်ကော်မရှင်က ပြီးခဲ့သည့် ဩဂုတ်လ လလယ်ပိုင်းတွင် ပိတ်ပင်ထားသည်။
လက်ရှိတွင် လှေဂိတ်များပိတ်လိုက်သော်လည်း အမှတ် ၁ တံတားမှ လူအဝင်အထွက်နှင့် ကုန်စည်များ သယ်ယူခွင့်ပြုထားသည်ဟု အမည်မဖော်လိုသည့် မြဝတီမြို့ခံ နောက်ထပ် အမျိုးသားတစ်ဦးက ဆိုသည်။
“အကြာကြီးတော့ မဟုတ်ဘူး။ သူတို့ပြောတာတော့ တစ်ပတ် ပိတ်မယ်လို့တော့ ကြေညာထားတာပဲလေ။ ယိုးဒယားဘက်ကလာတဲ့ပစ္စည်းတွေ ကုန်ဈေးနှုန်းတော့ တက်မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
နယ်စပ်မတည်ငြိမ်မှုများကြောင့် ခွင့်ပြုထားသောလမ်းကြောင်းများမှလွဲ၍ အခြားလမ်းကြောင်းများမှ ကုန်ပစ္စည်း တင်သွင်းမှုကို ဒီဇင်ဘာလ ၅ ရက်နေ့အထိ ဆိုင်းငံ့ထားရန် ထိုင်းစစ်တပ်ကလည်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မြန်မာဘက်မှ ၆၀ မမ လက်နက်ကြီးကျည် ငါးလုံးသည် ထိုင်းဘက်ခြမ်းသို့ ကျရောက်မှုကြောင့် ထိုင်းစစ်တပ်က သတိပေးသည့်အနေဖြင့် ၁၂၀ မမ မီးခိုးအမြောက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ယနေ့ ရေးသားဖော်ပြခဲ့သည်။
မဲဆောက်-မြဝတီလမ်းကြောင်းတွင် အမှတ် ၁ နှင့် ၂ တံတားမှ ကုန်သွယ်ရန် သတ်မှတ်ထားသော်လည်း သောင်ရင်းမြစ်ကိုဖြတ်၍ လှေဂိတ်များမှတစ်ဆင့် မြန်မာဘက်အခြမ်းသို့ လိုင်စင်မဲ့ ထိုင်းကုန်စည်များကို ယခင်ကတည်းက တင်သွင်းခဲ့သည်။
သို့ရာတွင် ထိုလှေဂိတ်များသည် စစ်ကောင်စီနှင့်ဆက်နွယ်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) အပါအဝင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) တပ်များက အဓိက ထိန်းချုပ်ထားသည်။
ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကို ထိန်းချုပ်၍ နယ်စပ်မြို့ မြဝတီနှင့် လေးကေ့ကော်ဒေသအထိ နယ်မြေစိုးမိုးမှုရလာသော စစ်ကော်မရှင်က ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းတွင် KK Park ကျားဖြန့်စင်တာကိုစီးနင်းခြင်းနှင့် သောင်ရင်းမြစ်ကမ်းရှိ ကုန်တင်လှေဂိတ်များကို ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့သည်။
နယ်မြေပြန်ထိန်းချုပ်နိုင်ပြီဖြစ်၍ လိုင်စင်မဲ့ ထိုင်းကုန်စည်များ တင်သွင်းသော သောင်ရင်းမြစ်ကမ်းဘေး လှေဂိတ် ၃၀ ရှိ သိုလှောင်ရုံ၊ လှေဆိပ်ကင်းတဲ၊ လှေဆိပ်အဆင်းလှေကားနှင့် ကုန်တင်ကုန်ချလမ်းများကို ရှင်းလင်းခဲ့ကြောင်း စစ်ကော်မရှင်ကထုတ်ပြန်ခဲ့သည်။



