
နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်၊ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးများနှင့် စပ်လျဉ်း၍ ဥပဒေပြုအာဏာပိုင်ဖြစ်သည့် လွှတ်တော်အသိုင်းအဝိုင်းတွင် တင်ပြ၊ ဆွေးနွေးနေပြီး အစိုးရ၏ မူဝါဒသဘောထား ပြန်ကြားချက်ကို စောင့်ဆိုင်းနေဆဲကာလတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သော ပြောကြားချက်ကို ဇွန်လ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြခဲ့သည်။
ဝန်ကြီးက ‘နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံသည်’ ဟု ပြောကြားကြောင်း သတင်းတွင် ဖော်ပြထားသည်။ လွတ်လပ်ပွင့်လင်းလာသည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ‘ပြောင်းလဲချိန်တန်ပြီ’ ဟု ကြွေးကြော်ပြီး တစ်ခဲနက်သော လူထုဆန္ဒမဲဖြင့် နိုင်ငံ့အာဏာကို လွှဲပြောင်းရယူနိုင်ခဲ့သော ပြည်ထောင်စုအစိုးရ၏အဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ တရားဝင်ပြောကြားချက်၊ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပြည်ထောင်စုအစိုးရ၏ နိုင်ငံရေးမူဝါဒဖြစ်သလောဟူသော ဝိဝါဒများ၊ ပွတ်တိုက်မှုများ ဖြစ်ပေါ်လာသည်။
ယနေ့အချိန်အထိ ဥပဒေပြုမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့က တစ်စုံတစ်ရာ သဘောထားမှတ်ချက်ပေးခြင်း၊ စကားရပ်၏ အနက်အဓိပ္ပာယ်ကို တိတိကျကျ ဖွင့်ဆိုပေးခြင်း၊ တည့်မတ်ထိန်းကျောင်းပေးခြင်းများ ပြုလုပ်ရန် ပျက်ကွက်နေပြီး အငြင်းပွားမှုများ ပိုမိုကျယ်ပြန့်လာရန် အလားအလာကြီးမားနေဆဲဖြစ်သည်။
ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတိုင်းတွင် တည်ဆဲဥပဒေပါ စကားရပ်၏ အနက်အဓိပ္ပာယ်ကို တိတိကျကျ ဖွင့်ဆိုပြဋ္ဌာန်းထားလေ့ရှိပြီး၊ ယင်းဥပဒေနှင့်အညီ ဥပဒေပါအတိုင်း လေးစားလိုက်နာကြရသည့် ဥပဒေဓလေ့၊ ဥပဒေယဉ်ကျေးမှုများ ရှိကြရမြဲဖြစ်သည်။ ဒီမိုကရေစီစံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးစံများကို မျက်ကွယ်ပြုခြင်းခံထားခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်း၌ ၁၉၆၂ မှသည် ၂ဝ၁၅ အထိ အစိုးရအဆက်ဆက်က နိုင်ငံရေးအကျဉ်းသားမရှိဟု အစဉ်တစိုက် ဆိုခဲ့ကြသည်။ သို့ရာတွင် ‘နိုင်ငံရေးပြစ်မှု’ ဟူသော စကားရပ်ကိုမူ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီရုံးက (၉-၆-၈ဝ) ရက်စွဲပါ စာအမှတ် ၂/၂-၃/နကစ ဖြင့် တိတိကျကျ သတ်မှတ်ပေးခဲ့ကြောင်း တွေ့ရသည်။ အဆိုပါ သတ်မှတ်ချက်အရ ‘နိုင်ငံရေးပြစ်မှု’ ဟူသော စကားရပ်တွင် အောက်ပါပြစ်မှုများ ပါဝင်ကြောင်း တွေ့ရသည်။
(က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊
(ခ) ပြစ်မှုဆိုင်ရာဥပဒေ၊ အခန်း(၆)ပါ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများ၊
(ဂ) ပြစ်မှုဆိုင်ရာဥပဒေ အခန်း(၈)ပါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်စေသော ပြစ်မှုများနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃-က အရ ပြစ်မှုများ၊
(ဃ) ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊
(င) နိုင်ငံတော်ကို ဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ၊
(စ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ ပြစ်မှုများ၊
(ဆ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ။
ယင်းပြစ်မှုများအနက် (ဃ)၊ (င)၊ (စ)၊ (ဆ)တို့မှာ လက်ရှိဥပဒေပြုမဏ္ဍိုင်က ပယ်ဖျက်ထားပြီးဖြစ်၍ (က)၊ (ခ)၊ (ဂ) ပါ ပြစ်မှုများသည်သာ နိုင်ငံရေးပြစ်မှု၏ အနက်အဓိပ္ပာယ်တွင် အကျုံးဝင်မည်ဖြစ်သည်။
ဝန်ကြီးဦးကျော်တင့်ဆွေ၏ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပါက မဆလခေတ်၊ နိုင်ငံတော်ကောင်စီ၏ ဖွင့်ဆိုသတ်မှတ်ချက်က ပို၍ကျယ်ပြန့်ပြီး လက်တွေ့နိုင်ငံရေးဖြစ်စဉ်များနှင့်လည်း နီးစပ်သည်ဟု ဝါရင့်နိုင်ငံရေးသမားကြီးများအသိုင်းအဝိုင်းက ယူဆကြောင်း သိရသည်။
စာရေးသူသည် ထောင်မှူး၊ ထောင်မှူးကြီးရာထူးဖြင့် အကျဉ်းဦးစီးဌာနတွင် နှစ်ပေါင်း ၃ဝ ခန့် တာဝန်ထမ်းဆောင်ခဲ့ရာ သက်တမ်းတစ်လျှောက် နိုင်ငံရေးအကျဉ်းသားများကို သီးသန့်အကျဉ်းသားများ (Detainees) အဖြစ် သတ်မှတ်၍ အခြား ရာဇဝတ်အကျဉ်းသားများ (Criminals) နှင့် သီးခြားခွဲလျက် သီးသန့်အဆောင်များ (Separate Wards)၊ သီးသန့်တိုက်ခန်းများ (Separate Cells) များ၌ ထိန်းသိမ်းထားရှိရန် ညွှန်ကြားချက်များကို လိုက်နာခဲ့ရသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (နစ်နီ)မှ ဦးလေးကြီး ဦးတင်အောင်၊ ကိုသက်ခိုင်၊ ကိုတင်မြင့်တို့အား မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ ၁၇ (၁) နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၁၂၄ – က တို့ အရ ထိန်းသိမ်းခြင်းနှင့် ကြုံခဲ့ရပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်း၌ အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိသူများဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ ဦးခွန်မြင့်ထွန်း၊ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးတို့အား ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ၊ ပုဒ်မ ၅ (ည)၊ ၁ဝ (ခ) တို့ဖြင့် ထိန်းသိမ်းသည်ကိုလည်း ကိုယ်တွေ့ကြုံခဲ့ရသည်။
နိုင်ငံကျော်လူရွှင်တော်များဖြစ်သည့် ဦးပါပါလေး၊ ဦးလူမော်၊ ဦးသာဓု၊ ဦးဆန်နီတို့ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅ဝ၅ (ခ) ဖြင့်လည်းကောင်း၊ နိုင်ငံတော်ကောင်စီအစိုးရလက်ထက် ကယားပြည်နယ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးစပ်ငွေသောင်းကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ထိန်းသိမ်းခဲ့သည်ကိုလည်း ကိုယ်တိုင်ကြုံခဲ့ရဖူးသည်။ အလားတူပင် မဆလခေတ် နိုင်ငံရေးပြစ်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်သော အခြားပြစ်မှုများဖြင့် နိုင်ငံရေးအကျဉ်းသားများစွာကို လက်ခံထိန်းသိမ်း စောင့်ရှောက်ခဲ့ရသည်။
ဆိုခဲ့ပါ အတွေ့အကြုံများအရ မဆလခေတ်တွင် နိုင်ငံရေးအကျဉ်းသားမရှိဟု ငြင်းဆန်ခဲ့စေကာမူ နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် သတ်မှတ်ရာတွင်ကား ပိုမိုကျယ်ပြန့်ခဲ့သည်။ နိုင်ငံရေးအရ လက်တွေ့ပါဝင်ဆက်နွှယ်မှုကို အခြေခံသော စဉ်းစားပုံဖြင့် အရေးယူခဲ့သည်ဟု ဆိုနိုင်သည်။
ဝန်ကြီးဦးကျော်တင့်ဆွေ၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် မျက်မှောက်ကာလ နိုင်ငံရေးလှုပ်ရှားမှုသက်သက်ကို အခြေခံသော အနာဂတ်မျှော် စဉ်းစားပုံဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုသည် များပြားကျယ်ပြန့်လှသည့် နိုင်ငံရေးအသွင်ဆောင်ပြစ်မှုပေါင်းများစွာ၌ အကျုံးဝင်နိုင်သော ပြစ်မှုအမျိုးအစားတစ်ခုသာလျှင် ဖြစ်သည်ကို သတိချပ်သင့်သည်။
သစ်တောတစ်ခုကို သစ်ပင်တစ်ပင်သာကြည့်ပြီး အမည်တပ်လျှင် ပကတိအရှိတရားမှ အဟပ်ကွာသွားနိုင်သည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ဒီမိုကရေစီအရေးတော်ပုံများ၌ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ နိုင်ငံပြုပုဂ္ဂိုလ်များအားလုံးကိုလည်း လျစ်လျူရှုပစ်ပယ်ရာ ရောက်နိုင်သည်ကိုလည်း ဂရုပြုအပ်သည်။ ထို့ပြင် ၂ဝ၁၄ ဩဂုတ်လက ရန်ကုန်မြို့၊ ဓမ္မပီယကျောင်းတိုက်၌ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဥပဒေပညာရှင်များ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)၊ နိုင်ငံတကာဥပဒေပညာရှင်များက နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သတ်မှတ်ထုတ်ပြန်ကြေညာကြသည်။
ယင်းဖွင့်ဆိုချက်တွင် ”မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သည်” ဟု ဖော်ပြထားသည်။
အလုပ်ရုံဆွေးနွေးပွဲရလဒ်အရ ဖြစ်ပေါ်လာသည့် ထိုဖွင့်ဆိုချက်သည် အနှစ်သာရအားဖြင့် လက်ခံသင့်သည် မှန်သော်လည်း ဥပဒေအင်္ဂါရပ်ဖြစ်သည့် တိကျမှု (Accuracy) မရှိဘဲ ကျယ်ပြန့်ဖောင်းပွလွန်းသည်ဟု လက်တွေ့တရားစီရင်မှုနယ်ပယ်က မှတ်ချက်ပြုသည်။ မည်သို့ပင်ဖြစ်စေ၊ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဥပဒေပြုမဏ္ဍိုင်က တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းပေးရန် အရေးတကြီး လိုအပ်နေရခြင်း၏ ပဓာနအကြောင်းတရားမှာ နိုင်ငံရေးအခြေခံ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်သော နိုင်ငံရေးဆောင်ရွက်ချက်များအား ရာဇဝတ်ဥပဒေများ (Criminal Laws)ဖြင့် အရေးယူဖိနှိပ်ခံရခြင်းမှ အကာအကွယ်ပေးရန်ဖြစ်သည်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖော်ဆောင်ရေး စသော ရည်မှန်းချက်ကြီးများ အောင်မြင်နိုင်ရန်မှာ အစိုးရနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများ၊ လက်နက်ကိုင် အဖွဲ့များအကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရေးမှာ အဓိကသော့ချက်ဖြစ်ပေရာ ‘နိုင်ငံရေးပြစ်မှု’နှင့် ‘နိုင်ငံရေးအကျဉ်းသား’ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အားလုံး တစ်ပြေးညီ သဘောတူလက်ခံနိုင်ရေးမှာ အရေးကြီးလှသည်။
မြန်မာ့အကျဉ်းထောင်သမိုင်းတွင် နိုင်ငံရေးအကျဉ်းသားကို ‘ကာကွယ်ရေးအကျဉ်းသား’ ဟူသော အမည်ဖြင့် တရားဝင် သတ်မှတ်သုံးစွဲခဲ့သည်မှာ ၁၉၃၇ တွင် ဖြစ်သည်။ (၉-၉-၁၉၃၇)ရက်နေ့တွင် ဗမာပြည်ဘုရင်ခံ၏ တစ်ချက်လွှတ်အာဏာဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သော ‘ရန်ကုန်မြို့အရေးတကြီးလုံခြုံရေးအက်ဥပဒေ’ အရ ဖမ်းဆီးခြင်းခံရသူတို့ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်၍ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးများ ခံစားခွင့်ပြုခဲ့သည်။ သခင်ကိုကိုလေး၊ သခင်စံထွန်းလှ၊ သခင်ဧကြည်၊ သခင်သန်းထွန်း၊ သခင်သင်း၊ သခင်မျိုးညွန့်၊ သခင်လှမောင်တို့သည် နိုင်ငံရေးအကျဉ်းသားအဖြစ် ပထမဆုံးသတ်မှတ်ခံရသည့် ကျောင်းသားသပိတ်ခေါင်းဆောင်များဖြစ်သည်။
၁၉၅ဝ တွင် ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းရေးဆွဲခဲ့သည့် ‘အရေးပေါ်စီမံမှုအက်ဥပဒေ’ကို ပါလီမန်က ပြဋ္ဌာန်းပေးခဲ့ပြီး ‘နာမည်ကျော် (ပုဒ်မ ၅) ဖြင့် ထိုခေတ် အတိုက်အခံနိုင်ငံရေးသမားများကို ပိုက်စိပ်တိုက်နှိမ်နင်း နှိပ်ကွပ်ရာတွင် ‘ထိန်းသိမ်းအကျဉ်းသား’ ဟူသော အသုံးအနှုန်းအသစ်ကို သုံးစွဲခဲ့သည်။
ကိုကိုးကျွန်းသို့ တစ်ကျွန်းပို့ထောင်ဒဏ်((Transpotation for Life Sentence) ဖြင့် ပို့လွှတ်ထိန်းသိမ်းခံရသူ နိုင်ငံရေးသမားများကိုလည်း ‘ထိန်းသိမ်းအကျဉ်းသား’ ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ်ခေတ်နှင့် ၁၉၈၈ ခု နှစ်လွန် ကာလများမှသည် ယနေ့အချိန်အထိတိုင် နိုင်ငံရေးပြစ်မှုတစ်ရပ်ရပ်အရ ချုပ်နှောင်ထိန်းသိမ်းခြင်းခံရသူများကို သီးသန့်အကျဉ်းသား (Special Prisoner) အဖြစ် သုံးနှုန်းသတ်မှတ်ဆဲဖြစ်ရာ နိုင်ငံရေးပြစ်မှုကျူးလွန်သူများအား အခေါ်အဝေါ်အမျိုးမျိုးဖြင့် နိုင်ငံရေးအကျဉ်းသားများအဖြစ် မှတ်ယူခဲ့ကြောင်း ထင်ရှားလှသည်။
နိုင်ငံရေးရည်ရွယ်ချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ချက်ကို ရာဇဝတ်ပြစ်မှုဟု သတ်မှတ်အရေးယူ အပြစ်ပေးသည့် တရားစီရင်ရေးယန္တရားအား တည့်မတ်နိုင်ခြင်းမရှိပါက ထိုအခြေအနေသည် မြန်မာ့နိုင်ငံရေးအရွေ့အတွက် အဟန့်အတားကြီး ဖြစ်နေပေမည်။
(၉-၉-၃၇)မှ (၁၅-၁-၆၄)အထိ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားများအား ၁၈၉၄ ခုနှစ် အကျဉ်းထောင်လက်စွဲဥပဒေအရ ‘အေ အတန်းအစား’၊ ‘ဘီအတန်းအစား’ အဖြစ် ခွဲခြားသတ်မှတ်ခဲ့ပြီး ရာဇဝတ်အကျဉ်းသားတို့ထက် ပိုမိုသာလွန်သည့် အခွင့်အရေး ခံစားခွင့်ပြုခဲ့ကြောင်း အကျဉ်းထောင်မှတ်တမ်းများအရ သိရှိရသည်။ နိုင်ငံရေးပြစ်မှုကျူးလွန်သူ၊ နိုင်ငံရေးအရ ဩဇာတိက္ကမကြီးသည့် ပုဂ္ဂိုလ်များကိုလည်း ‘နိုင်ငံတော်အကျဉ်းသား’ (State Prisoner) အဖြစ် သတ်မှတ် ထိန်းသိမ်းခဲ့သည်။ ယင်းနိုင်ငံတော်အကျဉ်းသားများနှင့် ပတ်သက်ပြီး အသေးစိတ် ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်းလည်း တွေ့ရသည်။
ဆိုခဲ့ပါ နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သည့် အေ-နှင့် ဘီ- အတန်းအစား သတ်မှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးခံစားခွင့်ပြုခြင်းကို တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၄၊ ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ်(၂) အရ ပယ်ဖျက်ခဲ့ပြီး၊ ယခုအစိုးရသစ်လက်ထက်တွင်လည်း ယင်းအမိန့်ကြော်ငြာစာကို ပြန်လည်ရုပ်သိမ်းခြင်း မပြုသေးပေ၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်အဖြစ် စည်းနှောင်ထားဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများသည် အချုပ်ခန်း၊ အကျဉ်းထောင်များ၌ ရာဇဝတ်သားများနည်းတူ ဆက်ဆံခံနေရဆဲဖြစ်သည်။ ဥပဒေအရ ခံစားပိုင်ခွင့်ရှိသည့် နိုင်ငံရေးအကျဉ်းသားအခွင့်အရေးများကိုလည်း မရရှိဘဲ ငြင်းပယ်ခံနေရဆဲဖြစ်သည်။ သီးသန့်အိပ်ဆောင်များ၊ သီးသန့်တိုက်ခန်းများတွင် ကျဉ်းကျပ်စွာ ချုပ်နှောင်ထိန်းနေဆဲဖြစ်ရာ နိုင်ငံရေးပြစ်မှုဖြင့် ထိန်းသိမ်းခြင်းခံရသူများသည် ရာဇဝတ်အကျဉ်းသားများထက်ပင် ပို၍ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းခံနေရသည့်သဘောပင်ဖြစ်သည်။
ထို့အပြင် ဥပဒေစကားရပ်များ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးတာဝန်ကို မည်သည့်မဏ္ဍိုင်၊ မည်သည့်အဖွဲ့အစည်းက ယူမည်နည်းဟူသော ဥပဒေအရတာဝန်ရှိမှုကို ရှင်းရှင်းလင်းလင်းသိရန်၊ တိတိကျကျဆောင်ရွက်နိုင်ရန်လည်း လိုအပ်သည်ဟု ဥပဒေအသိုက်အဝန်းက ထောက်ပြကြသည်။
မကြာမီကျင်းပတော့မည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံး ပါဝင်လာနိုင်ရေးမှာ အစိုးရသစ်၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများ၊ လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေးအမြင် ကြည်လင်မှုနှင့် သဟဇာတဖြစ်မှုသည် အခရာကျသော အကြောင်းအချက်ဖြစ်သည်။ နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ရေးသည် ဆိုခဲ့ပါအခြေခံအကြောင်းနှစ်ရပ်၏ ပကတိအနှစ်အသားဖြစ်သည်။ နိုင်ငံရေးအရလွတ်လပ်ပွင့်လင်း၍ နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို အပြည့်အဝအာမခံချက်မပေးနိုင်သမျှ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ ကောင်းတူဆိုးဖက် စိတ်ဝမ်းညီညွတ်စွာ နိုင်ငံရေးအရွေ့သစ်များကို ပူးပေါင်းလက်တွဲ ဖန်တီးနိုင်ကြမည် မဟုတ်သည်မှာ သေချာလှသည်။
နိုင်ငံရေးပြစ်မှုဆိုသည်မှာ ဘာလဲ၊ နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ ဘာလဲ၊ ဤစကားရပ်များ၏ အနက်အဓိပ္ပာယ်ကို တိကျစွာ ဖွင့်ဆိုသတ်မှတ်ပြဋ္ဌာန်းပေးရန် မည်သည့်မဏ္ဍိုင်၊ မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိသလဲ၊ မည်သို့ဆောင်ရွက်ကြမည်လဲ၊ အလျင်အမြန်အဖြေရှာရန် အရေးတကြီး လိုအပ်နေသည်ကိုလည်း မည်သူမျှငြင်း၍ မရပေ။ ။
(ဆောင်းပါးရှင်သည် အကျဉ်းဦးစီးဌာနတွင် ထောင်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့ဖူးသော ဦးခင်မောင်မြင့်ဖြစ်သည်)