
စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ရွာကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ယနေ့ (၃၁) တွင် နှစ်ကြိမ်တိုင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သာစည်ကျေးရွာမှာ ကလေးမြို့တောင်ဘက် ၃ မိုင်အကွာ ကလေး − ဂန့်ဂေါကားလမ်းမပေါ်တွင် တည်ရှိပြီး လူဦးရေ ၃၀၀၀ နီးပါးရှိပြီး ယနေ့ နံနက်အစောပိုင်းတွင် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်က သာစည်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ထိုသို့ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များကို ရှာဖွေခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့ (PDF) အဖွဲ့ ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ရွာထဲကို ဝင်မွှေပြီး ကျွန်တော်တို့ ကျောင်းသားလေးတွေဖမ်းသွားတာကို မခံနိုင်လို့ ဝင်တိုက်တာပါ။ တိုက်ပွဲဖြစ်တာကတော့ ရွာလယ်ကောင်မှာပဲ။ စစ်ကားတွေအလုံးအရင်းနဲ့ ထပ်ဝင်လာတော့ ကျွန်တော်တို့ စောင့်ပြီးပစ်တာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က အကြမ်းဖက်ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားအစိုးရလက်ထက်က ရွေးကောက်ခံ ရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမိုးနှင့် မိသားစုဝင်များ၊ ကျောင်းသားလူငယ်များအပါအဝင် စုစုပေါင်း ၁၈ ဦးခန့်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ထို့ပြင် ရွာရှိနေအိမ်အများစုကိုလည်း စစ်ကောင်စီတပ်က သေနတ်များပစ်ဖောက်လျက် အကြမ်းဖက်စီးနင်းခဲ့ပြီး အမျိုးသမီး ၅ ဦးနေထိုင်သည့် အိမ်တစ်အိမ်မှ ငွေ ကျပ် ၂၂ သိန်း ယူဆောင်သွားခဲ့သည်ဟုလည်း ကလေးမြို့ (PDF) ထံမှ သိရသည်။
သာစည်ရွာတွင် ကလေးမြို့(PDF) အဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ နံနက် ၉ နာရီမှ ၁၂ နာရီခန့်အထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီခန့်တွင် PDF အဖွဲ့က ရွာကို ပတ်ပတ်လည်မှဝိုင်းကာ စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“သူတို့ အိမ်တွေဝင်စီးနေတဲ့အချိန်မှာ ရွာအပြင်မှာ အင်အားစုနေတာ။ ပြီးတော့မှ ရွာကို ပြန်ဝိုင်းပြီးတိုက်တာ။ တူမီးခါးကျိုးနဲ့ ပစ်တယ်။ သူတို့ဘက်က လက်နက်ကြီး ၃ လုံးလောက်သုံးတယ်။ စက်သေနတ်သုံးတယ်။ စက်သေနတ်ဆွဲတဲ့အချိန်ဆို ကျွန်တော်တို့ ဝပ်နေရတာပေါ့။ ငြိမ်သွားတော့ ကျွန်တော်တို့ ပြန်ဆွဲတာ။ ပုန်းလိုက်ပစ်လိုက်နဲ့ ဖြည်းဖြည်းချင်းပြန်ဆုတ်လာတယ်” ဟု PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
ကလေးမြို့ (PDF) အဖွဲ့က တူမီးသေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးခန့် လဲကျသွားသည်ကို မြင်တွေ့လိုက်ရသော်လည်း သေမသေကိုမူ အတည်မပြုနိုင်သေးကြောင်းလည်း ၎င်းက ပြောသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သာစည်ကျေးရွာမှ သက်ကြီးရွယ်အိုနှင့် ကလေးများပါမကျန် ထွက်ပြေးနေရသည်ဟု သာစည်ရွာသားတစ်ဦးက ပြောသည်။
“ပစ်ခတ်မှုတွေဖြစ်တော့ စပြေးတာ။ သူတို့က အပြစ်မရှိတဲ့လူတွေကို ခေါ်သွားပြီး လျှောက်ပစ်နေတာ။ အစပိုင်းတုန်းကတော့ ကျွန်တော်တို့ ပြန်မပစ်ဘူး။ သူတို့ (စစ်တပ်)က လက်နက်ကြီးတွေ စထုတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ရွှေ့ပြောင်းပေးတယ်။ ပြီးတော့ ကျွန်တော်တို့လည်း ခံပစ်တယ်”ဟု အဆိုပါ ရွာသားက ပြောသည်။
ရွာသားများမှာ ရွာအပြင်ရှိ လယ်ကွင်းများဘက် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့သည် ရွာ၌ တပ်စွဲ၍ သေနတ်များ ဆက်လက်ပစ်ဖောက်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။