အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အာဏာသိမ်း ၅ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖတ်ဆယ်မရအောင် ကျဆင်း

စစ်တပ်က အဓမ္မအာဏာသိမ်းထားသည့်နှစ်များအတွင်း စင်ကာပူနှင့် တရုတ်တို့က အများဆုံး ရင်းနှီး မြှုပ်နှံထားကြပြီး NLD အစိုးရလက်ထက် ပမာဏထက် လျော့ကျသွားသည်။

စစ်ဗိုလ်ချုပ်ကြီးများ အာဏာသိမ်းထားသည့် ငါးနှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ အဖတ်ဆယ်မရအောင်ကျဆင်းသွားကြောင်း စစ်ကော်မရှင် လက်အောက်ခံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ သိရသည်။

စစ်အာဏာမသိမ်းမီ  ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရတာဝန်ယူခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိဒေါ်လာ ၄ ဒသမ ၈၇ ဘီလီယံကျော်ရှိခဲ့သော်လည်း အာဏာသိမ်းသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၇၉ ဘီလီယံသို့ စတင် ကျဆင်းလာကြောင်း အဆိုပါစာရင်းများတွင် ဖော်ပြထားသည်။ 

ထို့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးများ ဆက်တိုက်ကျဆင်းလာခဲ့ရာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆၉၀ အထိ ကျဆင်းသွားသလို လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ  ကိုးလတာအတွင်း ဒေါ်လာ ၂၄၈ သန်းကျော်သာ ရှိကြောင်း ထိုစာရင်းတွင် တွေ့ရသည်။

ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး။

စစ်တပ်အာဏာသိမ်းထားသော ငါးနှစ်အတွင်း တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်နှင့် အိန္ဒိယတို့၏ ရင်းနှီးမြှုပ်နှံမှု အချို့သာ ဆက်လက်ဝင်ရောက်မှုရှိခဲ့သော်လည်း ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှစ၍ ဒေါ်လာ ဘီလီယံ ဝက် ခန့်သာရှိတော့သည်။

မြန်မာတွင် စင်ကာပူနှင့် တရုတ်တို့က  အများဆုံး ရင်းနှီးမြှုပ်နှံထားကြသည်။ 

ယခင်က စွမ်းအင်နှင့် ကုန်ထုတ်လုပ်ငန်းနှစ်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားအကောင်းဆုံးဖြစ်ပြီး နှစ်စဉ် ဒေါ်လာ တစ်ဘီလီယံဝန်းကျင်ရှိခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာကျဆင်းသွားသည်။ ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအပါအဝင် နယ်ပယ်အသီးသီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့အစိုးရ၏ ချေးငွေစီမံကိန်းများကိုရယူ၍ ရင်းနှီး မြှုပ်နှံလေ့ရှိပြီး အာဏာသိမ်းပြီးနောက် မြန်မာနှင့်ပတ်သက်သည့် ချေးငွေများရပ်ဆိုင်းမှုကြောင့် ထိုနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုလည်းကျသွားကြောင်း စစ်ကော်မရှင်၏ အကြံပေးနှင့် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာဇော်ဦးက Myanmar Now ကို ပြောသည်။ 

“ဒလတံတားကြီးတို့၊ ကျန်တဲ့အဆောက်အအုံကြီးတွေ ဆောက်လုပ်တဲ့စီမံကိန်းတချို့ပဲကျန်ခဲ့တာပေါ့။ အဲ့ဒီ ဟာတွေကတော့ ဆောက်လက်စ လုပ်လက်စ ဖြစ်နေတဲ့အခါကြတော့ ဆက်ပြီးရှိနေတာပေါ့။ အဲဒီတော့ အဲ့ဒီနိုင်ငံတွေနဲ့ အခုနပြောတဲ့ နိုင်ငံခြားချေးငွေစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေ တော်တော်များများက ချေးငွေတွေ ရပ်သွားတဲ့အခါကြတော့ ဆက်လုပ်လို့မရတော့ဘူး။ ဒီနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ကျသွားတာ မှန်ပါတယ်” ဟု သူက ပြောသည်။ 

စီးပွားရေးအကျိုးအမြတ်အပေါ် တွက်ချက်လုပ်ကိုင်လေ့ရှိသော အိမ်နီးချင်း တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဗီယမ်နမ်နှင့် မလေးရှားတို့ ရင်းနှီးမြှုပ်နှံမှုများဆက်ရှိနေပြီး ယခုနှစ်ကုန်တွင် စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲအပြီး ထိုနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန်မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီမှ အမည်ပြောင်းလဲထားသော စစ်ကော်မရှင်လက်ထက်တွင် နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် ငွေကြေးများထိန်းချုပ်ခြင်း၊ သွင်းကုန်ပိတ်ပင်ခြင်း၊ စီးပွားရေးမူဝါဒများမတည်ငြိမ်ခြင်းနှင့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ရပ်ဆိုင်းသွားသည်ဟု စီးပွားရေးကျွမ်းကျင်သူများက ပြောကြသည်။

တစ်ချိန်တည်းတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့် ကျင့်ဝတ်နှင့်အညီ လုပ်ငန်းလည်ပတ်နိုင်ခြေမရှိတော့သဖြင့် ရှိရင်းစွဲ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများလည်း မြန်မာနိုင်ငံမှ တစ်ခုပြီးတစ်ခုထွက်ခွာသွားကြသည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်းရာမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင်ခုခံ တော်လှန်မှုကို အရက်စက်ဆုံးဖြိုခွင်းပြီး ပြည်သူလူထုအပေါ် ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကော်မရှင်ကို ဝင်ငွေဖြတ်တောက်နိုင်ရေး အတွက် ၎င်းတို့နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းရန် ပြည်တွင်းပြည်ပရှိ တက်ကြွလှုပ်ရှားသည့် အဖွဲ့များက အစဉ်တစိုက်တောင်းဆိုခဲ့ကြသည်။

အမေရိကန်သမ္မတထရမ့်၏ အခွန်နှုန်းများတိုးမြှင့်ကောက်ခံခြင်းအပါဝင် ပြည်ပနိုင်ငံများတွင် ပြောင်းလဲ လာသောစီးပွားရေးအခင်းအကျင်းနှင့် ပြည်တွင်းရှိ အထွေထွေမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် မျှော်လင့်ချက်မဲ့နေဦးမည်ဟု အမည် မဖော်လိုသည့် စီးပွားလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ကျင့်သုံးခဲ့သော သယံဇာတများရောင်းစားခဲ့သည့် နည်းလမ်းအတိုင်း မြေရှားနှင့် အခြားသောသတ္တုသယံဇာတလုပ်ကွက်များကို မက်လုံးပေး ဆွဲဆောင်လျှင် တရုတ်ကဲ့သို့ လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

နောက်ထပ် စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း နိုင်ငံတကာအရေးယူပိတ်ဆို့မှုများရှိနေပြီး နိုင်ငံရေးနှင့် စီးပွားရေးအရ ဆုံးရှုံးနိုင်ခြေအန္တရာယ်များစွာရှိနေသည့် မြန်မာကို ရင်းနှီးမြှုပ်နှံသူတို့က လက်ရှောင်နေကြဦးမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ 

“Risk (ဆုံးရှုံးနိုင်ခြေ) ကို သာမန်အနေအထားရောက်အောင်အတွက်က နှစ်အတော်ကြာလိုဦးမှာပေါ့။ ချက်ချင်းကြီးတော့ မရနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

“လူတွေက စောင့်ကြည့်မှာဖြစ်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲ ဘယ်လောက်ပဲလုပ်နေလုပ်နေ Political Risk အနေနဲ့ကလည်းရှိတယ်။ နိုင်ငံရဲ့ စီပွားရေး Risk အနေနဲ့ကလည်း ရှိတယ်။ Sanction (ပိတ်ဆို့မှုတွေ) Lift (ဖြေလျှော့)လုပ်ပါမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဘယ်နိုင်ငံကမှလည်း အာမခံချက်ပေးထားတာ မရှိဘူး ။ လုပ်လည်းလုပ်မှာမဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။ 

၂၀၂၂ စက်တင်ဘာလက စီးပွားရေးမြို့တော် ရန်ကုန်တွင် အရည်အသွေးမပြည့်မီသော စားအုန်းဆီကို ဝယ်ယူရန် တန်းစီစောင့်ဆိုင်နေသူမျာ။ (ဓာတ်ပုံ-Myanmar Now)

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကမောက်ကမဖြစ်နေချိန် ယခုနှစ် မတ်လနောက်ဆုံးပတ်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်နှင့် နောက်ဆက်တွဲရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ၂၀၂၅-၂၀၂၆ ယခုဘဏ္ဍာနှစ်အတွင်း၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တွင် ဆင်းရဲနွမ်းပါးနှုန်းသည် မြန်မာလူဦးရေစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းရှိပြီး ပဋိပက္ခနှင့် ငလျင်ဘေးကို ဆက်လက်ရင်ဆိုင်နေရ၍ ယခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ထပ်မံတိုးနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။

စစ်ကော်မရှင်သည်  နိုင်ငံတကာ အသိအမှတ်ပြုခံရရေးအတွက် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းဖြင့် ကျင်းပရန် ပြင်ဆင်နေသည်။

အခြားတစ်ဖက်တွင် ခုခံတော်လှန်မှုများကြောင့် နိုင်ငံအနှံ စစ်မျက်နှာအနှံ့ ဖွင့်ထားသော စစ်ကော်မရှင်က စစ်အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲကာ နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသလို လေယာဉ်သစ်မိတ်ဆက်ပွဲကိုလည်း ယခုလအတွင်း ပြုလုပ်ထားသည်။

Related Articles

Back to top button