ရုရှားနိုင်ငံ၏ ပစိဖိတ်ရေတပ်အုပ်စုသည် မြန်မာရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင်မှုများကို သုံးနှစ်ဆက်တိုက် ခပ်စိပ်စိပ် ပြုလုပ်လာခဲ့ရာ ယခုနောက်ဆုံး တတိယအကြိမ် မြန်မာ့ပင်လယ်ပြင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ရုရှားစစ်ရေယာဉ် သုံးစီး ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၁၀ ရက်နေ့က ရောက်ရှိနေပြီ ဖြစ်သည်။
ယခုနှစ်ပိုင်းအတွင်း အလျင်အမြန်တိုးတက်လာသော ရုရှား-မြန်မာ ရေတပ် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများသည် ၂၀၂၃ ခုနှစ်မှ စတင်ခဲ့ပြီး၊ နှစ်နိုင်ငံ ရေတပ်များပူးတွဲစစ်ရေး လေ့ကျင်ခန်းများက အင်ဒို-ပစိဖိတ်ဒေသ အတွင်း သိသာထင်ရှားသော စစ်ရေးလှုပ်ရှားမှု အမှတ်လက္ခဏာ တစ်ခုဖြစ်လာနေ သည်။ နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလများသည် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင်ခန်းများ ဖော်ဆောင်သော ‘လ’ များ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
ပထမဆုံးအကြိမ် ရုရှား-မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုင်ငံတောင်ပိုင်း မြိတ်မြို့အနီး အန်ဒမန် ပင်လယ်ပြင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ထိုစဉ်က ရုရှားရေတပ် ဦးစီးချုပ် Admiral Nikolai A. Evmenov ဦးဆောင်ကာ စစ်ရေယာဉ်သုံးစီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
အလားတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကပ္ပလီပင်လယ်ပြင်တွင် ပြုလုပ် ခဲ့သော ဒုတိယအကြိမ် ရုရှား-မြန်မာ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုများတွင် ရုရှားပစိဖိတ်ရေတပ်အုပ်စုမှ စစ်ရေယာဉ်လေးစီး ပါဝင်ခဲ့သည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို “ပင်လယ်ပြင်လုံခြုံရေး” (Maritime Security) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ ကြသော်လည်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်းနှင့် နိုင်ငံ တကာမှ နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးဒဏ်ခတ်အရေးယူ ဖယ်ကြဉ်ခံထားရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ရှားရှားပါးပါး အသိအမှတ်ပြုခံရမှုဆိုင်ရာ ပုံရိပ်တစ်ခု ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားနိုင်ငံသည် အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ခင်းခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့သော၊ နိုင်ငံတကာဥပဒေများကို အကြီးအကျယ်ချိုးဖောက်ခဲ့သော ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို နိုင်ငံတကာ အသိုက်အဝန်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းနှင့် သံတမန်ရေးအရ အရေးယူဖယ်ကြဉ်ခဲ့ကြသည်။
ထိုအခါ နိုင်ငံတကာမှ ဝိုင်းဝန်းဖယ်ကြဉ်မှုကို ခါးသည်းစွာ ရင်ဆိုင်နေရသော သမ္မတပူတင်သည် ကမ္ဘာအနှံ့မှ ဘဝတူ အာဏာရှင် နိုင်ငံငယ်များကို စည်းရုံးအုပ်စုဖွဲ့ပြီး အန်တုရင်ဆိုင်ရန် ကြိုးပမ်းခဲ့ရာ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်က ထိုအခွင့်အလမ်းကို အလျင်အမြန်တွေ့မြင်ခဲ့ပြီး၊ သမ္မတပူတင်၏ ထောက်ခံမှုကို နည်းလမ်း မျိုးစုံသုံး ချဉ်းကပ်ရယူနိုင်ခဲ့သည်။
ယခုအခါ သုံးနှစ်ဆက်တိုက် နှစ်စဉ်ကျင်းပလာခဲ့သော ရုရှား-မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းသည် အင်ဒို-ပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အရေးပါမှုကို အသုံးချ၍ ရုရှား၏ ဒေသတွင်း ဩဇာဖြန့်ကြက်ရေး ခြေလှမ်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနေပြီလား ဆိုသည့်အချက်ကို စောင့်ကြည့် အကဲခတ်သင့်သော အခြေအနေ ဖြစ်ပါသည်။

စစ်လိုလားသူ အာဏာရှင်နှစ်ဦး၏ အကျိုးတူပေါင်းဖက်လာခြင်း
ရုရှားနှင့် မြန်မာသည် ကီလိုမီတာ ထောင်နှင့်ချီ ကွာလှမ်းသော အရပ်ဒေသနှစ်ခုတွင် တည်ရှိနေပြီး၊ တစ်နိုင်ငံက နျူကလီယားလက်နက်များ ပိုင်ဆိုင်ထားပြီး အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ခင်းနေသော ကမ္ဘာ့ အင်အားကြီး နိုင်ငံ၊ နောက်တစ်နိုင်ငံက ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး သို့မဟုတ် အဆင်းရဲဆုံး (Least Developed Country – LDC) နိုင်ငံဖြစ်သော်လည်း အလွန်ချမ်းသာကြွယ်ဝသော စစ်ဗိုလ်ချုပ်များက အာဏာအတွက် ကိုယ့် ပြည်သူအပေါ် အကြမ်းဖက်စစ်ခင်းနေသော နိုင်ငံဖြစ်သည်။
ပထဝီအနေအထားအရ လည်းကောင်း၊ စီးပွားရေးအကျိုးစီးပွားအရ လည်းကောင်း၊ ကမ္ဘာ့အဆင့်အတန်းအရ လည်းကောင်း အစစ ကွာလှမ်းလွန်းသော မြန်မာနိုင်ငံကို ယခုနှစ်ပိုင်းအတွင်း ရုရှားသမ္မတပူတင် အဘယ်ကြောင့် သံတမန်ရေးနှင့် စစ်ရေးဆက်ဆံမှုများ တိုးချဲ့ပြီး မဟာမိတ်ဖွဲ့ ပေါင်းသင်းဆက်ဆံလာရသနည်း။
မြန်မာသည် နိုင်ငံဆင်းရဲသော်ငြားလည်း၊ အာဏာရှင် စစ်ခေါင်းဆောင်များသည် ဒေါ်လာဘီလီယံနှင့်ချီ ချမ်းသာ ကြွယ်ဝကြသူများ ဖြစ်သည်။ ဆယ်စုနှစ်ချီ နိုင်ငံတော်အာဏာနှင့် နိုင်ငံသယံဇာတများကို မတရား လက်ဝါးကြီးအုပ် သိမ်းပိုက်ထားပြီး၊ အဆိုပါ ကြွယ်ဝချမ်းသာမှုများဖြင့် ပြည်သူများကို ရေရှည်ဖိနှိပ်အုပ်ချုပ် နိုင်ရန် သုံးစွဲနေသော နှစ်စဉ် ဒေါ်လာဘီလီယံချီသော စစ်အသုံးစရိတ်များ မည်သည့်နိုင်ငံသို့ ရောက်ရှိသွား သနည်းဟု မေးလျင်၊ စစ်တပ်အတွက် ခေတ်မီ စစ်လက်နက်ပစ္စည်းများ အဓိက ဝယ်ယူတပ်ဆင်နေရာ ရုရှား နိုင်ငံ ဟု အဖြေထွက်ပါလိမ့်မည်။ ရုရှားသည် မြန်မာစစ်အာဏာရှင်များကို စစ်လက်နက်ရောင်းချပေးနေသော အဓိကနိုင်ငံ ဖြစ်သည်။

ထို့ကြောင့် ရုရှား-မြန်မာ ဆက်ဆံရေးသည် လက်နက်ရောင်းသူနှင့်ဝယ်သူ ဆက်ဆံရေးအဖြစ် အချိန်ကြာမြင့် စွာ ရှိနေခဲ့သည်။ မြန်မာလေတပ်သည် ရုရှားနိုင်ငံက ထူထောင်ပေးထားသလား ထင်မှတ်ရလောက်အောင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော SU-30 SME စတုတ္ထမျိုးဆက် ခေတ်မီ ဂျက်တိုက်လေယာဉ်များ၊ ၁၉၈၀ ပြည့်နှစ်များ ဆိုဗီယက်ခေတ်ဟောင်း နောင်ဆုံးကာလတွင် ရုရှား၏ ခေတ်အမီဆုံး MIG-29 ဂျက် တိုက်လေယာဉ်များ၊ Yak-130 တိုက်လေယာဉ်များ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ Mi-17 ပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် ယခုနောက်ဆုံး ဝယ်ယူခဲ့သော Mi-38T ပို့ဆောင်ရေးရဟတ်ယာဉ်များ စသည့် ရုရှားနိုင်ငံ ထုတ် စစ်လက်နက်ပစ္စည်းများကို အဓိက ဝယ်ယူနေသော ဖောက်သည်နိုင်ငံ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အဆိုပါ ရုရှားထုတ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် နိုင်ငံအနှံ့မှ ၎င်း၏အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။ ထိုအခြေအနေကို ရုရှားသမ္မတ ပူတင် မသိရှိဘဲ မနေပါ။ သို့သော် တစ်ဦးက ပြည်ပကျူးကျော်စစ်၊ ကျန်တစ်ဦးက ပြည်တွင်းစစ်ထဲ စစ်နွံနစ်နေကြသည့် အာဏာရှင်နှစ်ဦး ဖြစ်သည်။

ရုရှားသည် ယူကရိန်းကျူးကျော်စစ်ကို ရက်ပိုင်းလပိုင်းမျှဖြင့် အဆုံးသတ်နိုင်မည်ဟု တွက်ဆထားခဲ့ရာမှာ ယခု အခါ သုံးနှစ်ကျော် လေးနှစ်ထဲ ရောက်ရှိလာရာ စစ်နွံထဲ နစ်မွန်းနေပြီး၊ သမ္မတပူတင်သည် စစ်စရိတ်ထောင်းနေ ပြီး စီးပွားရေး အကြီးအကျယ် ထိခိုက်ပျက်စီးလျက်ရှိသည်။ ထိုအခြေအနေတွင် ရုရှားစစ်လက်နက်ပစ္စည်းများ ဝယ်ယူနေသော နိုင်ငံများသည် သမ္မတပူတင်အတွက် ရွှေတွင်းကြီးများ ဖြစ်ပေသည်။
ထိုကဲ့သို့ သမ္မတပူတင် အကျပ်ရိုက်နေချိန် ၎င်းကို ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မြှောက်ပင့်ပြီး ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ကမ္ဘာသိထောက်ခံသူမှာ လက်နက်အဝယ်တော် ဖောက်သည်ကြီး မင်းအောင်လှိုင် ဖြစ်သည်။ ဤသို့ဖြင့် မင်းအောင်လှိုင်သည် ၎င်းလိုချင်သော ခေတ်မီတိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ သာမက နျူးကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး စီမံကိန်းအထိ ကူညီရန် သမ္မတပူတင်၏ သဘော တူညီမှုကို ရယူနိုင်ခဲ့သည်။ မြန်မာမှ ဒေါ်လာသန်းပေါင်းများစွာ ရရှိမည့်အရေး ပူတင် ငြင်းလိမ့်မည် မထင်။
တစ်ဖန် ယူကရိန်းကျူးကျော်စစ်တွင် ရုရှားစစ်တပ်လိုအပ်နေသော ခဲယမ်းမီးကျောက်များကို မြောက်ကိုရီး ယားနှင့် အီရန်နိုင်ငံတို့နည်းတူ ကူညီပံ့ပိုး မျက်နှာလုပ်ခြင်းဖြင့် မင်းအောင်လှိုင်သည် ပူတင်၏ ထောက်ခံမှုကို ရယူခဲ့သည်။ ယူကရိန်း စစ်မြေပြင်တွင် မြန်မာခဲယမ်းများ အသုံးပြုနေမှုကို ယူကရိန်း စစ်တပ်က အထောက်အထားများ ရရှိခဲ့သည်။ ဤသို့ဖြင့် ရုရှားနှင့် မြန်မာသည် ပထဝီအနေအထားအရ ကွာလှမ်းသော်လည်း ပူတင်နှင့် မင်းအောင်လှိုင် အာဏာရှင်နှစ်ဦးသည် အကျိုးတူ ပေါင်းဖက်မိလာကြခြင်း ဖြစ်သည်။
အနာဂတ် ရုရှားရေးတပ်၏ အင်ဒို-ပစိဖိတ် ယာယီထောက်ပို့စခန်း ဖြစ်လာနိုင်သော မြန်မာ
သမ္မတပူတင်သည် ရုရှားတို့ ဆုံးရှုံးခဲ့ရသော ဆိုဗီယက်ခေတ်ဟောင်းကာလက ဩဇာအာဏာကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယူကရိန်းကျူးကျော်စစ်သည် ပူတင်၏ အဆိုပါ အာသီသကို ဖြည့်ဆည်း ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ထို့အတူ ကမ္ဘာ့နိုင်ငံရေး၏ ဗဟိုချက်ဖြစ်လာသော အင်ဒို-ပစိတ်ဖိတ်ဒေသတွင်း ရုရှား၏ ဩဇာချဲ့ထွင်ရေး နည်းလမ်းရှာနေသော ပူတင်သည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်လည်းဖြစ်၊ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသော မြန်မာကို စခန်းထောက် အဖြစ် အသုံးချနိုင်သော ဒေသတွင်း စစ်ရေးမဟာမိတ် နိုင်ငံတစ်ခုအဖြစ် ရှုမြင်လာပုံရသည်။
ထို့ကြောင့် ရုရှား-မြန်မာ ရေတပ် ပူးတွဲပင်လယ်ပြင်လေ့ကျင်ခန်းများကို နှစ်စဉ်ပြုလုပ်လာပြီး၊ ယင်းသည် အင်ဒို-ပစိဖိတ်ဒေသတွင်း ရုရှား၏ခြေရာ ထင်စေသော စစ်ရေးလှုပ်ရှားမှုတစ်ခုပင် ဖြစ်သည်။ သို့သော် ရုရှား စစ်ရေယာဉ် အရေအတွက် သုံး စီးမျှသာ ပါဝင်ပြီး၊ ကြီးမားသော ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုမျိုး မဟုတ်ပါ။ စင်စစ် မြန်မာရေတပ်သည် ရုရှားရေတပ်နှင့် ရင်ဘောင်တန်းပြီး အင်အားကြီးသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နိုင်လောက်အောင် တောင့်တင်းခြင်းမရှိပါ။ ဒေသတွင်း အခြားသော စစ်ရေးလေ့ကျင့်မှုများနှင့် နှိုင်းယှဉ် ပါက မပြောပလောက်သော လှုပ်ရှားမှုတစ်ခုသာ ဖြစ်သည်။
သို့သော် နိုင်ငံတကာအသိုက်အဝန်း၏ ဖယ်ကြဉ်ခြင်းခံနေရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အဓိပ္ပာယ်တစ်မျိုး ဆောင်နိုင်ပါသည်။ ဤကဲ့သို့ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းကို အကြောင်းပြု၍ ၎င်းတွင် ရုရှားကဲ့သို့ အင်အာကြီးနိုင်ငံတစ်ခု ကျောထောက်နောက်ခံ ရှိနေကြောင်း၊ ၎င်းကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့ ဖယ်ကြဉ်ထားသော်လည်း မမှုကြောင်း၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းကို ပြသလိုခြင်း ဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ယခုလို နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ရုရှားနှင့် မြန်မာအကြား နှစ်နိုင်ငံ နိုင်ငံရေးနှင့် သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ကူညီပံ့ပိုးမှုများ ရှိနေခြင်း၏ သရုပ်သကန်ကို ပေါ်လွင်စေပါသည်။ ထိုမှတစ်ဆင့် အနာဂတ်တွင် အိန္ဒိယသမုဒ္ဒရာအတွင်း ရုရှား စစ်ရေယာဉ်များ ခြေဆန့်ရာတွင် မြန်မာဆိပ်ကမ်းများသည် ယာယီ ထောက်ပို့စခန်းများ ဖြစ်လာနိုင်ပါသည်။

ယခုအချိန်ထိ ရုရှား-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းအရ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူ ထားသော မြန်မာ့ကမ်းရိုးတန်းတွင် အမြဲတမ်း ရေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်လိုသော ရည်မှန်း ချက်မျိုး ရုရှားအစိုးရတွင် ရှိမနေသေးဟုဆိုသည့် စစ်ရေးအကဲခတ်များ၏ သုံးသပ်ချက်များ ရှိထားပါသည်။
သို့သော် ယခုနှစ်ဆန်းပိုင်းတွင် ထွက်ပေါ်လာသော သတင်းများအရ တနင်္သာရီကမ်းရိုးတန်းပေါ်ရှိ ထားဝယ်မြို့ အနီး ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ရုရှား နှင့် မြန်မာ နားလည်မှုစာချုပ်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ စင်စစ် မြန်မာတွင် ရုရှား၏ စီးပွားရေးအရ သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ မရှိဘဲ၊ စစ်ရေးအရ သိသာထင်ရှားသော ဆက်ဆံရေးသာ ရှိနေခဲ့သည်။ ယခုကဲ့သို့ ကြီးမားသော စီးပွားရေးအခြေခံအဆောက်အဦ တည်ဆောက်ရေးစီမံကိန်းတွင် ရုရှားတို့ ရင်းနှီး မြှုပ်နှံမည့် သတင်းက စီးပွားရေးအရ တွက်ခြေကိုက်မှုသဘောတရားအရ ကျိုးကြောင်းဆက်စပ်မှု အားနည်းလျက်ရှိသည်။
ထိုသတင်းကြောင့် အာဆီယံဒေသတွင်း စီးပွားရေးအရ ကြီးကြီးမားမား ကုန်သွယ်မှုများ ရှိမနေဘဲ၊ ထိုစီမံကိန်း တွင် ရင်းနှီးမြှုပ်နှံရန် ရုရှားအစိုးရ၏ ဆုံးဖြတ်ချက် နောက်ကွယ်မှ ရည်မှန်းချက်က မေးခွန်းထုတ်စရာ ဖြစ်လာ ပါသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းသည် ကုန်သွယ်ရေးအတွက်သာမက ရုရှားစစ်ရေယာဉ်များ ယာယီရပ်နား နိုင်သော ထောက်ပို့စခန်းတစ်ခုအဖြစ် ရည်ရွယ်ထားသလား စဉ်းစားစရာ ဖြစ်လာပါသည်။
ထို့ကြောင့် အလျင်အမြန် တိုးတက်နေသော ရုရှားနှင့် အာဏာသိမ်း စစ်ကော်မရှင်အကြား ဆက်ဆံရေးကို ခြုံ၍သုံးသပ်ရလျှင် စစ်အာဏာသိမ်းမှု မအောင်မြင်ဘဲ ပြည်တွင်းစစ်မီးကျယ်ပြန့်လာပြီး၊ နိုင်ငံတကာ အကူ အညီ အလွန်အမင်းလိုအပ်နေသော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ – ၂၀၂၅ ခုနှစ် အတွင်း ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်၍ ရုရှားအစိုးရထံမှ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး အကူအညီများ တောင်းခံရယူလျက်ရှိသည်ကို အထင်အရှားတွေ့မြင်နေရသည်။
ထို့အတူ စစ်အာဏာသိမ်းမှု ငါးနှစ်ကာလအတွင်း ရုရှားအစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အာဏာသိမ်း စစ်ကော်မရှင်ကို အကာအကွယ်ပေးလျက်ရှိခြင်း၊ သမ္မတပူတင်ကိုယ်တိုင် မင်းအောင်လှိုင်ကို အသိအမှတ်ပြု လက်ခံတွေ့ဆုံခဲ့ခြင်း၊ ခေတ်မီတိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ မင်းအောင်လှိုင်ကို ရောင်းချ ပေးခဲ့ခြင်းဖြင့် စစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်မှုစွမ်းအား ကြီးမားလာစေရန် တစ်ဖက်တစ်လမ်းက ကူညီလျက်ရှိသည်။
အပြန်အလှန်အားဖြင့် အာဏာသိမ်းစစ်တပ်၏ ရေတပ်နှင့် ရုရှားရေတပ်တို့ မြန်မာပင်လယ်ပြင်တွင် ပူးတွဲ လှုပ်ရှားမှုများ အချိန်တိုအတွင်း ထင်သာမြင်သာရှိလာခြင်းသည် ရုရှား၏ အင်ဒို-ပစိဖိတ်ဒေသ ဩဇာဖြန့်ကြက်ရေး ကြိုးပမ်းမှုတွင် မြန်မာသည် အဓိကမဟာမိတ် ဖြစ်လာနေကြောင်း ညွှန်ပြလျက်ရှိသည်။ စစ်လိုလားသူ အာဏာရှင်နှစ်ဦး၏ အပြန်အလှန် ကူညီပံ့ပိုးသော ဆက်ဆံရေးက အဆုံးတစ်နေ့ မြန်မာပြည်သူများအတွက် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်၏ ဖိနှိပ်မှုယန္တရား ခိုင်မာရေးကိုသာ ဆောင်ကြဉ်းလာမည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ပါသည်။



