သတင်း

ရဲတပ်ဖွဲ့ဝင်များမှာ စစ်တပ်အတွက် အသုံးချခံသက်သက်ဖြစ်နေ 

စစ်ကောင်စီအပေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ရဲများပါဝင်လာကြခြင်းမှာ အာဏာသိမ်းမှုကို လက်မခံနိုင်ခြင်းအပြင် စစ်တပ်၏ ဗိုလ်ကျမှု၊ အသက်စတေးရသည်အထိ ထိုးကျွေးခံရမှု၊ ပြည်သူနှင့် ရင်ဆိုင်ရာတွင် ခုတုံးလုပ်ခံရမှု စသည့်အကြောင်းပြချက်များ‌က အဓိကဖြစ်ကြောင်း CDM ရဲဝန်ထမ်းများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်က ရှမ်းနှင့် ကယားနယ်စပ်ရှိ မိုးဗြဲမြို့မရဲစခန်းကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က တိုက်ခိုက်ခဲ့ရာတွင် မီးကျိုးမောင်းပျက်သေနတ်များသာ ကိုင်ဆောင်ခွင့်ရသည့် ရဲအများအပြား အသက်စတေးခဲ့ရပြီး ထိုအဖြစ်မျိုးမှာ ရှေးယခင်ကပင် ရှိနှင့်ပြီးဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ 

“ကျွန်တော်တို့ ရခိုင်မှာ တာဝန်ကျတုန်းကတည်းက ရဲတပ်ဖွဲ့က ထိုးကျွေးခံထားရတာ။ လူငါးယောက်၊ ခြောက်ယောက်လောက်နဲ့ လက်နက်ကတွေကလည်း မကောင်းဘူး။ ကျွန်တော်တို့တုန်းက ရက္ခိုင့်တပ်တော် (AA) နဲ့ ဖြစ်နေတာ။ လာတိုက်ရင် သေဖို့ပဲရှိတယ်” ဟု တာမွေမြို့နယ်တွင် တာဝန်ကျနေစဉ် CDM ပြုလုပ်ခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ထို့အတူ ရဲတပ်ဖွဲ့ဝင်များကို ပေးထားသည့် လက်နက်များမှာလည်း စစ်တပ်အကျ အဟောင်းအနွမ်းများဖြစ်ပြီး လက်နက်ဖြင့် လာရောက်တိုက်ခိုက်ခံရပါက အသားလွတ်အသက်ပေးရသည့် အခြေအနေမျိုးဖြစ်နေကြောင်းလည်း CDM ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

“အခုထက်ထိ လက်နက်တွေက တအားစုတ်နေပြီ။ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ကလွဲလို့ ကျန်တာတွေက ခေတ်မမီတော့ဘူး” ဟု သတင်းရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေရာမှ CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ ရဲတစ်ဦးကလည်း ပြောသည်။

တာမွေမြို့နယ်ရဲစခန်းမှ CDM ရဲတပ်သားကလည်း မိုးဗြဲမြို့မရဲစခန်းကဲ့သို့ပင် ပဋိပက္ခဖြစ်ရာဒေသများရှိ ရဲစခန်းများမှာ အမြဲတစေ စစ်တပ်၏ အသုံးချခံဖြစ်ရ၍ ရဲတပ်ဖွဲ့ဝင်များ အသက်စတေးရသည့် ဖြစ်စဉ်များ ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“(စစ်တပ်)သူတို့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆို ရဲကို အကူအညီတောင်းတယ်။ သူတို့ လက်နက်ကြီးနဲ့ ထုချင်ရင် ရဲတပ်ရင်းကနေ လာထုတယ်။ အတိုက်ခံရတော့ ရဲတပ်ရင်းကပဲ အတိုက်ခံရတာ။ အင်အားလည်း နည်းတယ်။ လက်နက်ကလည်း မပြည့်စုံဘူး” ဟု အထက်ပါရဲတပ်သားက ပြောသည်။

မိုးဗြဲမြို့မရဲစခန်းဖြစ်စဉ်အတွင်း ရဲနှင့် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KPDF က ပြောသော်လည်း စစ်ကောင်စီကမူ ကျဆုံးသေဆုံးမှုအရေအတွက်ကို တိတိကျကျထုတ်ပြန်၍ ရဲတပ်ဖွဲ့ဝင်တို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ယနေ့တိုင် ပျက်ကွက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက်ရှိ နောင်မွန်ရဲကင်းစခန်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များက ဝင်ရောက်တိုက်ခဲ့ရာ အရာရှိအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ရသည်။

“ရဲတပ်ဖွဲ့ဝင်တွေက သူတို့(စစ်တပ်) အသုံးချခံသက်သက်ပဲ။ ဒုရဲမှူးနဲ့ အောက်ခြေအဆင့်ရဲတပ်ဖွဲ့ဝင်တွေက အသုံးချခံသက်သက်ပဲ။ ဒါတွေကို ရဲတွေအားလုံးသိပြီးသား” ဟု ဘားအံမြို့နယ်တွင် တာဝန်ကျခဲ့သူ CDM ရဲတပ်ကြပ်တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့အတွင်း ဒုရဲမှူးအဆင့်၌ပင် ရဲစစ်စစ်များ တာဝန်ပေးခံရမှု ရှားပါးပြီး စစ်တပ်မှ ပြောင်းလာသည့် မိုးကျရွှေကိုယ်များကသာ အုပ်ချုပ်မှုအဆင့်ဆင့်တွင် စိုးမိုးခြယ်လှယ်ထားသည်ဟု CDM ရဲဝန်ထမ်းများက ဆိုသည်။

“ရဲတပ်ဖွဲ့လူကြီးပိုင်းတွေမှာ စစ်တပ်က စိမ့်ဝင်နေတာက ကျွန်တော်တို့အတွက် တော်တော်အကျပ်ရိုက်စေတယ်ဗျ။ မြို့နယ်မှူး၊ ခရိုင်မှူးတွေနဲ့ ရဲမှူး၊ ဒုရဲမှူးတွေက သူတို့တွေ (မိုးကျရွှေကိုယ်) ချည်းပဲ။ ပြည်သူကို အကျိုးပြုချင်တဲ့လူတွေက မလွန်ဆန်ရဲဘူး။ သူတို့ခိုင်းတဲ့အတိုင်းပဲ လုပ်ခဲ့ရတာ” ဟု သတင်းရဲတပ်ဖွဲ့ဝင် CDM တစ်ဦးက ပြောသည်။

ထို့အတူ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို ဖြိုခွင်းသည့်အခါတွင်လည်း ရဲတပ်ဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့် သွေဖည်ကာ စေခိုင်းခြင်း၊ အများပြည်သူအထင်လွဲစေမည့် နေရာများတွင် တာဝန်ပေးခြင်းတို့ကြောင့် ရဲစစ်စစ်တို့ များစွာအကျပ်ရိုက်ခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

“ရပ်ကွက်ရုံးလေးတစ်ခု သော့ဖြတ်တာကို ရဲတပ်ရင်းလိုက်ခေါ်ပြီးဖျက်တယ်။ လူတွေကို မဆူဆူအောင် ဆွနေကြတဲ့ နေရာမှာလည်း ရဲတွေသုံးတာပဲ။ မလုပ်သင့်ဘူးဆိုတာ သိရဲ့သားနဲ့ ထိုးကျွေးခံနေရတာ” ဟု တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ CDM ရဲတပ်သားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းရာတွင် လေးလနီးပါးအတွင်း လူ ၈၀၀ ကျော် သေဆုံးရပြီးဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ရဲတပ်ဖွဲ့ဝင်များ

CDM ရဲများကမူ အထက်ပါကိန်းဂဏန်းမှာ အများအမြင်တွင် ရဲတပ်ဖွဲ့က ကျူးလွန်သယောင် အထင်လွဲခံရစရာဖြစ်သော်လည်း ရဲလုပ်ထုံးလုပ်နည်းကို မလိုက်နာသည့် မိုးကျရွှေကိုယ်အရာရှိများက အတင်းအကျပ်ခိုင်းစေခြင်း၊ ရဲတပ်ဖွဲ့၏ နောက်တွင်ရှိသော စစ်တပ်က ပစ်ခတ်ခြင်းသာ အများစုဖြစ်ကြောင်း ပြောသည်။

“အမှန်ဆိုရင် ဆန္ဒပြတဲ့လူတွေကို လူစုခွဲဖို့ သတိပေးရမှာ။ အခုလူစုခွဲပါပြောပြီး အခုဝင်ပစ်လို့မရဘူး။ လူစုကွဲဖို့ အချိန်ပေးရတယ်။ အဲဒါက ရဲတပ်ဖွဲ့လုပ်ငန်းစဉ်ထဲမှာပါတယ်။ လော်နဲ့ အော်ရင်လည်း အကြာကြီးအော်ရတာ။ ရှေ့မှာ လူထွက်ရပ်တုန်းရှိသေးတယ်၊ ပြည်သူလူထုရှေ့မှာ ရဲကို ရှေ့ထွက်ပြခိုင်းတယ်၊ နောက်ကနေ စစ်တပ်က ဒုန်းဒုန်းနဲ့ ဝင်ပစ်တယ်” ဟု တာမွေမြို့နယ်ရဲစခန်းမှ CDM ရဲဝန်ထမ်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး လေးလနီးပါးရှိလာချိန်တွင် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုဒဏ်ကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံ၊ တိုက်ခိုက်နေသည့် ပြည်သူ့လှုပ်ရှားမှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်မြင့်လာနေပြီး စစ်သားအချို့ဝင်ရောက်တပ်စွဲထားသည့် ရဲစခန်းများ တိုက်ခိုက်ခံနေရပြီဖြစ်သည်။

ထို့အတူ ဒေသကာကွယ်ရေးတပ်များဖွဲ့၍ ပြည်သူ့လှုပ်ရှားတိုက်ခိုက်မှုများအရှိန်မြင့်နေသည့် မြို့နယ်များတွင်လည်း CDM တွင် ပါဝင်လာသည့် ရဲတပ်ဖွဲ့ဝင်အင်အား များပြားလာနေသည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) သွားရောက်တိုက်ခိုက်အပြီး နှစ်ရက်အကြာ မေ ၁၅ရက်တွင် ကန်ပက်လက်မြို့မရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်နှစ်ဦးနှင့် ရဲတပ်သားကိုးဦးတို့ CDM တွင် ပါဝင်လာသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသော ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်ကာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့သည့်နည်းတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ကယား၊ မွန်၊ ကချင်၊ ချင်းနှင့် တနင်္သာရီ အစရှိသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်ခဲ့ကြသည်။ 

အကြမ်းဖက်နေသည့် စစ်အာဏာရှင်စနစ်အောက်တွင် ရဲဝန်ထမ်းများစောင့်ထိန်းရမည့် ကျင့်ဝတ်၊ တာဝန်နှင့် ဝတ္တရားများကို မျက်ကွယ်ပြု၍ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ကြောင်း CDM လုပ်လာသည့် ချင်းလူမျိုး ကာယကံရှင် ရဲများကိုယ်တိုင် လက်မှတ်ထိုးထားသည့် စာများကိုလည်း CDF က ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းမှစ၍ ကြေညာပြီး CDM လုပ်သူနှင့် မကြေညာဘဲ ရဲတပ်ဖွဲ့ကို စွန့်ခွာခဲ့သူ အများအပြားရှိနေသော်လည်း အရေအတွက်အတိအကျကိုမူ မသိရသေးပေ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်သည့် စစ်ဗိုလ်ချုပ်ကြီးဦးဆောင်သော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိသလို လက်ရှိရဲချုပ်မှာလည်း ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဖြစ်သည်။

Show More

Related Articles

Back to top button