မြန်မာစစ်တပ်သမိုင်းတွင် အရှက်တကွဲ စစ်ရှုံးနိမ့်ခဲ့ရသော ရှမ်းပြည်နယ် မြောက်ပိုင်းမှ စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ၂ နှစ်မြောက် နှစ်ပတ်လည်ကာလနှင့် အချိန်ကိုက် ထွက်ပေါ်လာသော တရုတ် အစိုးရ၏ ကြားဝင်မှုဖြင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲလိုက်ပြီ ဆိုသည့် တအာင်းတပ် (TNLA) ၏ ထုတ်ပြန်ချက်ကြောင့် တော်လှန်ရေးအင်အားစုများအကြား ကြီးကြီးမားမား လှုပ်ခတ်သွားခဲ့သည်။
လှုပ်ခတ်သွားရသော အဓိကအချက်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေးကို TNLA က ဆက်လက်ပူးပေါင်းခြင်း မပြုဘဲ၊ အပစ်ရပ်စဲလိုက်သည့် ဆုံးဖြတ်ချက်ကြောင့် ဆိုသည်ထက်၊ “ရှမ်း-မန်း စစ်ဆင်ရေး” အမည်ဖြင့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကို တော်လှန်ရေးတပ်ပေါင်းစုနှင့် အတူတကွ အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး သိမ်းပိုက်နိုင်ခဲ့သော မိုးကုတ်နှင့် မိုးမိတ်မြို့များကို ၎င်းတို့တစ်ဖွဲ့တည်းသဘောထားဖြင့် စစ်တပ်ကို ပြန်ပေးရန် သဘောတူခဲ့ခြင်းကြောင့်ဆိုလျှင် ပို၍မှန်ကန်ပါလိမ့်မည်။
TNLA နှင့် အာဏာသိမ်းစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး အတွက် တရုတ်အစိုးရ၏ ကြီးကြပ်မှုဖြင့် ယူနန်ပြည်နယ်၌ တံခါးပိတ်ဆွေးနွေးပွဲများ အကြိမ်ကြိမ် လုပ်ဆောင်နေခဲ့ပြီး၊ ၉ ကြိမ်မြောက် ဆွေးနွေးပွဲအပြီးတွင် TNLA သည် စာနှစ်ပိုဒ်ပါ အကျဉ်းချုပ် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်တပ်ဘက်က လုံးဝထုတ်ပြန်ခဲ့ခြင်း မရှိပါ။
TNLA ထုတ်ပြန်ချက်တွင် “သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ် တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး၊ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၉) ရက် နေ့ (၀၀:၀၀) နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်” ဟု ဖော်ပြထားသည်။
TNLA ခေါင်းဆောင်များသည် ထိုနှစ်မြို့ကို တိုက်ခိုက်သိမ်းယူခဲ့ချိန်တွင် ၎င်းတို့ချည်းသတ်သတ် မဟုတ်ပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ် တိုက်ဖျက်ချေမှုန်းရန် တအာင်းနယ်မြေထဲတွင် TNLA အကူအညီဖြင့် လေ့ကျင့်စုဖွဲ့ လက်နက်တပ်ဆင် တပ်တည်ထောင်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များလည်း ပါဝင်ခဲ့သည်။
သို့ရာတွင် ယခုလို အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ်စဲသည့် ကြေညာချက်ထွက်ပေါ်လာချိန်တွင် ၎င်းတို့နှင့်အတူတကွ တိုက်ပွဲဝင်ခဲ့သော PDF တပ်ဖွဲ့များကို ကြိုတင်တိုင်ပင်ညှိနှိုင်းခြင်း၊ အသိပေး ခြင်း အလျဉ်းမရှိဘဲ တစ်ဖက်သတ် ဆုံးဖြတ်သဘောတူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ကိုးကန့် (MNDAA) က လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်တပ်ထံ ပြန်ပေးခဲ့ခြင်းထက် ဆိုးရွားသော ဖြစ်စဉ်ပေတည်း။
လားရှိုးဖြစ်စဉ်နှင့်မတူ သက်ရောက်မှုကြီးမားရှုပ်ထွေးလာမည့် အခြေအနေ
“ရှမ်း-မန်း စစ်ဆင်ရေး” ဖြင့် မန္တလေးတိုင်းနှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ် မြို့နယ်နှင့် မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များကို သိမ်းပိုက်ရာတွင် အဓိကတိုက်ပွဲဝင်ခဲ့ကြသော PDF တပ်ဖွဲ့များမှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) ၊ မိုးကုတ်ဗျူဟာ၊ TRI ဗျူဟာ၊ မိုးကုတ်နှင့် မိုးမိတ် “ပကဖ” (ပြည်သူ့ကာကွယ်ရေးအဖွဲ့) စသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ ဖြစ်သည်။
TNLA ၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အဆိုပါ PDF တပ်ဖွဲ့များကလည်း ၎င်းတို့အနေဖြင့် မန္တလေးတိုင်းအတွင်းရှိ ထိန်းချုပ်နယ်မြေများကို ကာကွယ်သွားမည်ဖြစ်ပြီး၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲများ” ဆက်လက်ဖော်ဆောင်သွားမည်ဟု ကြေညာချက်များ ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့ကြသည်။
သို့သော် ကြေညာချက်အားလုံးတွင် TNLA ၏ အပစ်ရပ်သဘောတူညီချက်၊ မြို့နှစ်မြို့ ပြန်လွှဲပြောင်းပေးရန် ဆုံးဖြတ်ချက်များကို တိုက်ရိုက်ဆန့်ကျင်သော အသုံးအနှုန်းများ ရှောင်ကွင်းထားသည်ကို တွေ့ရသည်။ ထိုနှစ်မြို့ကို စစ်တပ်လက်ထဲ မရောက်အောင် ခုခံကာကွယ်သွားမည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုခြင်းလည်း မပြုကြပါ။
TNLA ၏ လေ့ကျင့်ပျိုးထောင်ပေးမှုကြောင့် တိုက်ရည်ခိုက်ရည်ကောင်းမွန်၊ စနစ်ကျလာကြသော အဆိုပါ အဖွဲ့များသည် TNLA နှင့် စစ်တပ်အကြား သဘောတူညီချက်ကို ပျက်ပြားစေမည့်၊ တစ်နည်းအားဖြင့် TNLA ကို ဆန့်ကျင်ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့များကို စစ်တပ် လက်အောက်မရောက်စေရန် ခုခံတိုက်ခိုက်ရန် အမှန်တကယ် ပြင်ဆင်နေခြင်းလား၊ သို့တည်းမဟုတ် TNLA နှင့်ကွဲပြားသော ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ရေး သဘောထား ရပ်တည်ချက်များကို ပြည်သူသို့ ထုတ်ပြန် အသိပေးရုံမျှဘဲလား၊ သဲသဲကွဲကွဲ မရှိလှပါ။ စောင့်ကြည့်ရန် လိုသည်။ TNLA ထုတ်ပြန်ချက်တွင် ထိုနှစ်မြို့မှ ၎င်းတို့ တပ်များဆုတ်ခွာရန် သတ်မှတ်ကာလရှိထားပြီး အတိအကျဖော်ပြမထားပါ။
အချို့က MDY-PDF နှင့် TRI ဗျူဟာတို့၏ တပ်သားသစ်များ အရေးပေါ်စုဆောင်းလာခြင်း၊ တပ်သားဟောင်းများ ပြန်လည်ခေါ်ယူခြင်းတို့သည် ထိုနှစ်မြို့ကာကွယ်ရေးအတွက်ဟု ယူဆ သုံးသပ်နေကြသည်။ စင်စစ် မိုးကုတ်နှင့် မိုးမိတ်ကို ခုခံကာကွယ်မည်ဆိုလျှင် TNLA နှင့် မဟာမိတ် PDF တပ်ဖွဲ့များအကြား အရင်ဦးစွာ စစ်ရေးအရ ထိပ်တိုက်တွေ့ရန်သာ ရှိပေလိမ့်မည်။
TNLA ကျောထောက်နောက်ခံကင်းမဲ့သွားသော မဟာမိတ် PDF များ အန္တရာယ်မြင့်မား
TNLA တပ်များ ဆုတ်ခွာချိန်တွင် MDY-PDF, မိုးကုတ်ဗျူဟာနှင့် TRI ဗျူဟာတို့သည် ထိုနှစ်မြို့ကို စစ်တပ်ပြန်လည်ဝင်ရောက်ထိန်းချုပ်မှု မပြုနိုင်စေရေး ခုခံကာကွယ်မည် ဆိုသည်မှာ TNLA ၏ သဘောတူညီမှု မပါဘဲ မဖြစ်နိုင်ပါ။ ထိုကဲ့သို့ လုပ်ဆောင်လျှင် TNLA ပူပူနွေးနွေး လက်မှတ် ထိုးခဲ့သော အပစ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြားဖွယ်ရှိပြီး၊ TNLA ထိန်းချုပ်ထားသော အခြားမြို့များကိုပါ စစ်တပ်က ပြန်လည်ဗုံးကြဲ၊ ထိုးစစ်ဆင်ဖွယ် ရှိသည်။
လက်ရှိအခြေအနေအရ MDY-PDF ၊ မိုးကုတ်ဗျူဟာနှင့် TRI ဗျူဟာတို့သည် အာဏာသိမ်းစစ်တပ်ကို ဆက်လက် တော်လှန်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်၍ စစ်တပ်နှင့်အပစ်ရပ်စဲမည့် လမ်းကြောင်းကို ရွေးချယ်ခဲ့သော TNLA နှင့် လမ်းခွဲရမည့် အခြေဆိုက်နေပြီ ဖြစ်သည်။
အဓိပ္ပာယ်မှာ TNLA သည် PDF တပ်များကို ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် အခြေချခွင့်ပေးခြင်း၊ ထိုနယ်မြေများကို ဖြတ်သန်းအသုံးပြုခွင့်ပေးခြင်း၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့ခြင်းနှင့် စစ်သင်တန်းများပေးခြင်းတို့ ဆက်လက် လုပ်ဆောင်ရန် ခက်ခဲပေမည်။ ထိုအချက်များသည် TNLA ထုတ်ဖော်ပြောဆိုခြင်းမရှိသော အပစ်ရပ်စဲရေး သဘောတူညီချက်တွင် သေချာပေါက် ပါဝင်နိုင်သည်။
အဘယ်ကြောင့်ဆိုသော MNDAA နှင့် အာဏာသိမ်းစစ်တပ်အကြား အပစ်ရပ်စဲခဲ့စဉ်က ဖိအားပေးခဲ့သည့် နည်းလမ်းအတိုင်း တရုတ်အစိုးရသည် TNLA ကို NUG-PDF များနှင့် လုံးဝဆက်ဆံခြင်းမပြုလုပ်ရန် စည်းကမ်းချက်ကို သဘောတူရန် TNLA ကို သေချာပေါက် ဖိအားပေးခဲ့ဖွယ်ရှိသည်။
အကျိုးဆက်အနေဖြင့် MDY-PDF, မိုးကုတ်ဗျူဟာနှင့် TRI ဗျူဟာတို့သည် ၎င်းတို့ လက်ရှိထိန်းချုပ် နယ်မြေများတွင် စစ်တပ်၏ ဝိုင်းပတ်ပိတ်ဆို့ ထိုးစစ်ဆင်ခြင်းကို ရင်ဆိုင်ကြရတော့မည်ဖြစ်သည်။ အကယ်၍ စစ်တပ်ထိုးစစ်ကို မခုခံနိုင်ဘဲ ဆုတ်ခွာရမည်ဆိုလျှင် ရှမ်းမြောက်သို့ ဆုတ်ခွာနိုင်တော့မည် မဟုတ်တော့ပါ။ အကယ်၍ အဆိုပါ PDF တပ်ဖွဲ့များ မဖြစ်မနေ TNLA ထိန်းချုပ်ဒေသများသို့ ဆုတ်ခွာရမည်ဆိုလျှင် စစ်တပ်က လိုက်လံချေမှုန်းမည်ဖြစ်၍ အပစ်ရပ်စဲရေးလုပ်ထားသော TNLA က ၎င်းတို့နယ်မြေထဲ ဝင်ရောက်လာသော PDF များကို လက်နက်ကိုင်တော်လှန်ရေး ဆက်လက် လုပ်ဆောင်ခွင့်ပေးတော့မည်မဟုတ်ဘဲ လက်နက်ဖြုတ်သိမ်းနိုင်ပါသည်။
ဤနည်းဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော PDF များနှင့် ၎င်းတို့ကို ကျောထောက်နောက်ခံပြုထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပြန်အလှန်အထောက်အပံ့မပြုနိုင်ရန်၊ ထို့အပြင် PDF များ အထီးကျန်ဖြစ်လာစေရန် အပစ်အခတ်ရပ်စဲရေးဗျူဟာဖြင့် သွေးခွဲလိုက်ပြီး၊ နောက်တစ်ဆင့်တွင် အကူအညီမဲ့သွားသော PDF များကို ရှင်းလင်း ချေမှုန်းမည် ဖြစ်သည်။
ထိုအခြေအနေကို MNDAA နှင့် TNLA ခေါင်းဆောင်များ ကောင်းစွာတွက်ဆနိုင်ပါသည်။ ထို့ကြောင့် PDF များနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ခရီးလမ်းဆုံးအထိ မလိုက်ပါတော့ဘဲ၊ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကို လက်ခံခြင်းဖြင့် ၎င်းတို့၏ လက်ငင်းအကျိုးစီးပွားကို တရုတ်အစိုးရက ကာကွယ်နိုင်မည်ဟု ထိုလက်နက်ကိုင်နှစ်ဖွဲ့ ခေါင်းဆောင်များ ယုံကြည်ရွေးချယ်ခဲ့ကြပုံရပါသည်။
မန္တလေးနှင့် စစ်ကိုင်း PDF များ ကျောချင်းကပ်ရန် အရေးပေါ်အချိန်ရောက်ပြီ
ရှမ်းမြောက် စစ်မျက်နှာတွင် အာဏာသိမ်းစစ်တပ်ကို အလဲလဲအကွဲကွဲ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သော အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးနှစ်ခုဖြစ်သည့် MNDAA နှင့် TNLA တို့သည် တရုတ် အစိုးရ ဖိအားအောက်တွင် စစ်တပ်နှင့် အပစ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးလိုက်ကြသည်။
MNDAA နှင့် TNLA တို့သည် “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး” လက်နက်ကိုင် တော်လှန်ရေး အတွက် ၎င်းတို့နယ်မြေများထဲ ခိုလှုံရောက်ရှိ အကူအညီတောင်းခံခဲ့ကြသော ထောင်သောင်းချီသည့် PDF လူငယ်များကို လေ့ကျင့်လက်နက်တပ်ဆင်ပေးပြီး၊ အဆိုပါ အင်အားများဖြင့် “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲပြီး၊ ကိုးကန့်နှင့် တအာင်းနယ်မြေများကို စစ်တပ်လက်ထဲမှ သိမ်းပိုက်ခဲ့သည်။
ယခုအခါ ၎င်းတို့သည် PDF တပ်ဖွဲ့များကို ကျောခိုင်းစွန့်ခွာလိုက်ကြလေပြီ။ တစ်ဖွဲ့နှင့် အပစ်ရပ်စဲပြီး၊ အခြားတစ်ဖွဲ့ကို ချေမှုန်းမည့် စစ်တပ်၏ သွေးခွဲဗျူဟာကို သိလျက်နှင့် ထိုကျော့ကွင်းထဲမှ ရုန်းမထွက်နိုင်ကြပေ။ အပစ်ရပ်စဲရန် တရုတ်က ဆက်တိုက် ဖိအားပေးနေသည်ကိုလည်း တွေ့နေရသည်။ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ညီနောင်သုံးဖွဲ့တွင် အာရက္ခတပ်တော်တစ်ဖွဲ့တည်းသာ စစ်တပ်ကို ဆက်လက် ရင်ဆိုင်နေသည်။
ယခုအခါ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော PDF များသည် အချင်းချင်း ကျောချင်းကပ် စည်းလုံးရန် အရေးပေါ်အခြေအနေ ရောက်ရှိလာနေပြီ ဖြစ်သည်။
ထို့ကြောင့် MDY-PDF ၊ မိုးကုတ်ဗျူဟာနှင့် TRI ဗျူဟာတို့သည် အပစ်ရပ်စဲလိုက်သည့် TNLA နှင့် စစ်တပ်ထိုးစစ်အကြား ညှပ်ပိတ်ခံရသော အခြေအနေမျိုးကို ရှောင်ကွင်းရန်မှာ စစ်ကိုင်းတိုင်းထဲမှ PDF အဖွဲ့များနှင့် မဟာဗျူဟာမြောက် စုစည်းညီညွတ်မှုရယူရန် သေရေးရှင်ရေးတမျှ အရေးပေါ် အချိန် ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် အဆိုပါအဖွဲ့များ တပ်သားသစ်များ အလျှင်အမြန်ခေါ်ယူ နေခြင်း ဖြစ်သည်ဟု လေ့လာသုံးသပ်မိသည်။
ရှမ်းမြောက်တွင် တိုက်ပွဲများလျှော့ချနိုင်လိုက်သော အာဏာသိမ်းစစ်တပ်သည် လွန်ခဲ့သော ငါးနှစ်လုံးလုံး မည်သို့မျှ ထိန်းချုပ်နိုင်စွမ်းမရှိသော အညာစစ်မျက်နှာများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်းရှိ PDF များကို ရှင်းလင်းရန် အဓိကပစ်မှတ်ထား ထိုးစစ် ဆင်ဖွယ်ရှိသည်။ ယခုပင် မတ္တရာမြို့နယ်အတွင်း MDY-PDF ထိန်းချုပ်နယ်မြေများကို စစ်ကြောင်းများဖြင့် ညှပ်ပိတ်ထိုးစစ်ဆင်နေပြီ ဖြစ်သည်။
သို့သော် စစ်တပ်၏ အာနည်းချက်တစ်ခုသည် လာမည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ နှစ်လတွင် ၎င်းတို့၏ ဟန်ပြရွေးကောက်ပွဲများ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားရေး အာရုံစိုက်နေရခြင်း ဖြစ်သည်။ စစ်တပ်၏ ထိုအားနည်းချက်ကို သေချာတွက်ချက်၍ မထင်မှတ်သောနေရာများတွင် “ခံစစ်ရှင်မှ ထိုးစစ်ပြောင်းသော စစ်ဗျူဟာ” ကို PDF အဖွဲ့များအကြား ဟန်ချက်ညီ ချိန်သားကိုက် ဖော်ဆောင်နိုင်မည်ဆိုလျှင် စစ်တပ်ထိုးစစ် များအပေါ် အသာစီး ပြန်ရလာနိုင်ပေလိမ့်မည်။
ထို့အတွက် PDF တပ်ဖွဲ့များအကြား တဒင်္ဂ စစ်ရေးညီညွတ်မှု မဟုတ်ဘဲ ရေရှည်ခိုင်မာသည့်၊ ပြည်သူများ အားကိုးအားထားပြုရသည့် “အင်အားထု” တည်ဆောက်ရန် လိုအပ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



