သတင်း

မြောင်မြို့နယ် ချောင်းဆင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်းသုံးတိုင်းထိစပ်နေရာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာအနီး ဧရာဝတီမြစ်ဘေးရှိ ချောင်းဆင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (မေ ၂၆) မွန်းလွဲပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်က စက်သေနတ်များ၊ အသံဗုံးများဖြင့် ရွာအတွင်း ပစ်ခတ်ခဲ့သည့်အတွက် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က Myanmar Now ကို ယနေ့ညပိုင်းတွင် ပြောသည်။

ချောင်းဆင်းကျေးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများ ပုန်းခိုနေသည်ဆိုသော ကောလာဟလသတင်းများကြောင့် စစ်တပ်ရောက်လာခြင်းဖြစ်ကြောင်း တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်အတွင်းမှနေ၍ စစ်သင်္ဘောဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

“ပြည်သူတွေကလည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီးတော့ ရရာလက်နက်နဲ့ ပြန်တိုက်ကြတယ်။ အစကတော့ အသံဗုံးတွေ တဗုန်းဗုန်းနဲ့ပစ်နေတာ။ ပြီးတော့ စက်သေနတ်တွေပါ သုံးတယ်။ အဲဒီလိုနဲ့ မကြာခင်မှာ စစ်သင်္ဘောရောက်လာပြီး ဧရာဝတီမြစ်ထဲကနေ လက်နက်ကြီးတွေနဲ့ပစ်တာ” ဟု ကိုစိန်ကျော်ဟု နာမည်ယူထားသူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ 

ယမန်နေ့ (မေ ၂၅) က ချောင်းဆင်းကျေးရွာတွင် ဒလန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီးနောက် စစ်တပ်ရောက်လာကာ ကျေးရွာသားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယနေ့တွင် စစ်တပ်က ဖမ်းဆီးစစ်ဆေးခြင်းများအပြင် ကျေးရွာအတွင်း ပစ်ခတ်မှုများပြုလုပ်နေသဖြင့် ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဖွဲ့ငယ်နှစ်ဖွဲ့ခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က စက်သေနတ်ဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

ဧရာဝတီမြစ်ကမ်းဘေးရှိ ချောင်းဆင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်လုပ်တူမီးသေနတ်များ၊ ဂတ်စ်သေနတ်များဖြင့် တစ်နာရီကျော် ပစ်ခတ်တိုက်ခိုက်ပြီးချိန်တွင် မိုးရွာသွန်းလာသဖြင့် တိုက်ပွဲရပ်နားခဲ့ရသည်ဟု ဆိုသည်။

ယနေ့တိုက်ပွဲတွင် ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း “လက်နက်အင်အား၊ လူအင်အား မမျှလို့၊ မိုးလည်းရွာလာတာနဲ့ ကျွန်တော်တို့ နောက်ဆုတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတိုက်ပွဲက ချောင်းဆင်းရွာ တစ်ရွာတည်း တိုက်ပွဲမဟုတ်ဘူး။ မြောင်မြို့နယ်တစ်ခုလုံးတိုက်ကြမှာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ချောင်းဆင်းရွာသူတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ 

ယနေ့တိုက်ပွဲကြောင့် ချောင်းဆင်းရွာနှင့် အနီးအနားရှိ မယ်မသော်၊ ပေါက်ချောင်း၊ ရွာပုလဲကျေးရွာများမှ ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

“ရွာဘုန်းကြီးကျောင်းပေါ်မှာ စနိုက်ပါတွေနဲ့ နေရာယူထားတာ။ ရွာထဲမှာ တစ်ယောက်မှ မနေရဲတော့ဘူး။ ပတ်ပတ်လည်က ရွာတွေလည်း ထွက်ပြေးနေကြတယ်။ အသက်ကြီးသူတချို့လောက်ပဲ ကျန်ခဲ့မယ်”ဟု ကိုစိန်ကျော်က ပြောသည်။ 

တိုက်ပွဲဖြစ်ပွားခဲ့သည့် မြောင်မြို့နယ် ချောင်းဆင်းရွာသို့ မုံရွာဘက်မှ စစ်ကူများလာနိုင်သည်ဆိုသော သတင်းများကြောင့် လမ်းများပိတ်ဆို့ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ ချောင်းဆင်းရွာသို့ မုံရွာနှင့် စစ်ကိုင်းမြို့မှ ကုန်းလမ်းမှတဆင့် လာရောက်နိုင်သည့် လမ်းကြောင်းများကို နီးစပ်ရာကျေးရွာများရှိ ဒေသခံများက သစ်ပင်များခုတ်လှဲကာ ပိတ်ဆို့ထားကြောင်း ချောင်းဆင်းနှင့် မနီးမဝေးရှိ မင်းတန်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။

Show More

Related Articles

Back to top button