သတင်း

မကွေးတိုင်း စလင်းမြို့နယ်တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးသဖြင့် အမျိုးသမီးတစ်ဦးသေဆုံး 

မကွေးတိုင်း၊ စလင်းမြို့နယ် တောစိမ့်ကျေးရွာတွင် ယမန်နေ့ (မေ ၂၅) ညပိုင်းက စစ်တပ်က ဝင်ရောက်ပစ်ခတ်ပြီးနောက် အမျိုးသမီးများအပါအဝင် ဒေသခံ ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအနက် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ရရှိထားသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။  

ည ၇ နာရီခွဲဝန်းကျင်တွင် အင်အား ၇၀ နီးပါးရှိ စစ်သားနှင့် ရဲများက ကား ၈ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်း မည်းမည်းမြင်ရာပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တောဆိမ့်ကျေးရွာဒေသခံများက ပြောသည်။ 

“မည်းမည်းမြင်ရာကို အကုန်သတ်ပစ်တော့တာပဲ။ ကျည်ဆန်တွေကလည်း ၉၀ ၊ ၁၀၀ လောက်ကို ရှိတယ်။ တဗျောင်းဗျောင်းနဲ့ကိုပစ်တာ။ နှမ်းခင်းတွေထဲ ဝုန်းဆန်လို့။ ကိုယ်လည်း မမိဖို့အရေး ပြေးရတော့တာပဲ” ဟု တောစိမ့်ကျေးရွာခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

မေ ၂၄ ရက် ညပိုင်းက တောစိမ့်ကျေးရွာ အထက်တန်းကျောင်းခွဲအုတ်နံရံတွင် “စစ်ကျွန်ပညာရေး အလိုမရှိကြောင်း“ စာရေးသားခဲ့သည့်အတွက် စစ်ကောင်စီခန့်အပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးက မကျေမနပ်ဖြစ်ကာ ဒေသခံများကို ခြိမ်းခြောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ညပိုင်းတွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

စစ်တပ်က ထိုသို့ပစ်ခတ်အပြီးတွင် သေနတ်ဒဏ်ရာရရှိထားသူ အမျိုးသမီးနှစ်ဦး၊ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် ခြေထောက်မသန်စွမ်းသည့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် ဒေသခံ ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ 

စစ်တပ်က ဖမ်းဆီးသွားသူများအနက် ဦးခေါင်းသေနတ်ဒဏ်ရာရရှိထားသည့် အသက် ၂၄ နှစ်အရွယ် မဆောင်းနှင်းမှုံ သေဆုံးခဲ့ပြီး ယနေ့ (မေ ၂၆) မွန်းလွဲပိုင်းတွင် စစ်တပ်က အလောင်းပြန်လာပေးကြောင်း ဒေသခံများထံမှ သိရသည်။  

သေဆုံးသူ မဆောင်းနှင်းမှုံ၏ ၆ နှစ်အရွယ် သမီးငယ်မှာလည်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ 

“ဖမ်းဆီးခံရတဲ့ထဲက တစ်ယောက်က ခြေတစ်ဖက်က ဒူးခေါင်းကနေ ပြတ်နေတာ။ နောက်တစ်ဖက်က ခြေဖနောင့်ပိုင်းပဲပါတာ။ လက်သုံးလုံးလောက်ပဲပါတယ်။ ဖြေဖဝါးမပါဘူး။ သူက ပြေးရင်းနဲ့ ပဲခင်းထဲမှာ ကျန်ခဲ့တာကို ရဲတွေက လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်။ ပါသွားတဲ့သူတွေအကုန်လုံးက တစ်နေ့လုပ်မှ တစ်နေ့စားတွေချည်းပဲ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံထားရသူများအနက် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်၊ ခြေထောက်မသန်စွမ်းသူ အမျိုးသမီးငယ်နှင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးတို့ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ 

သို့သော် ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ကျေးရွာအတွင်း ထပ်မံရောက်ရှိလာပြီး ဖမ်းဆီးစစ်ဆေးနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

အိမ်ခြေ ၈၅၀ ကျော်၊ လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိ တောစိမ့်ကျေးရွာမှ အမျိုးသားအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးအချို့သာ ကျန်ရှိသည်ဟု သိရသည်။ 

“ခုချိန်ထိ တောထဲမှာပဲ။ ရွာထဲကလူတွေကလည်း ဒီမလာရဲ။ ဒီကလူတွေကလည်း ရွာထဲမပြန်ရဲ။ တစ်နေကုန် ခုအချိန်ထိ ထမင်းတစ်စေ့မှ မစားရသေးဘူး။ တောထဲမှာ ပုန်းနေရတုန်းပဲ” ဟု တောစိမ့်ရွာဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

တောစိမ့်ကျေးရွာအနီးတွင် အမှတ် ၂၅၃၊ အမှတ် ၂၅၄ နှင့် အမှတ်၂၅၅ ခြေလျင်တပ်ရင်း ၃ ခုရှိပြီး ယမန်နေ့ကပစ်ခတ်မှုတွင် မည်သည့်တပ်ပါဝင်သည်ကို မသိရကြောင်းလည်း ဆိုသည်။ 

ပြီးခဲ့သည့်ရွေးကောက်ပွဲရလဒ် မဲမသမာမှုအကြောင်းပြ၍ စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၄ ရက်အထိ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၈၂၇ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button