အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးအတွေးအမြင်

၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ထူးခြားချက်များ

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အာဆီယံက မည်သို့မျှ ဖြေရှင်းမပေးနိုင်သော်လည်း ထိုင်း-ကမ္ဘောဒီးယားအရေးတွင်မူ အာဆီယံအတွက် ကျေနပ်ဂုဏ်ယူဖွယ်ရလဒ် ရှိနေသည်။

၄၇ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး (အာဆီယံ) ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ကွာလာလမ်ပူမြို့တော်တွင် အိမ်ရှင်အဖြစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ လက်ခံကျင်းပခဲ့သည်။ 

ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များမှာ (၁) ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ (၂) အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်သစ်အဖြစ် အရှေ့တီမောနိုင်ငံကို တရားဝင် လက်ခံခဲ့ခြင်း၊ (၃) ပြီးခဲ့သည့် ၅ နှစ်အတွင်း အကောင်အထည်ဖော်နိုင်စွမ်းမရှိသော မြန်မာ့အရေး ဖြေရှင်းရန် ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံခေါင်းဆောင်များ ပြန်လည်သုံးသပ် ဆုံးဖြတ်ချက်ချခြင်းတို့ ဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားနှင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းက အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ဒေသတွင်းငြိမ်းချမ်းရေးတွင် အာဆီယံ အသင်းကြီးကို ဦးဆောင်မှုပေးနိုင်ခဲ့ခြင်း ပြယုဂ်အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည်။ 

စင်စစ်  အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကာလ အဖွဲ့ဝင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား မထင်မှတ်သော နယ်စပ်အရေး ရုတ်တရက် အငြင်းပွားတင်းမာမှုမှ စစ်ရေးပဋိပက္ခအထိ ဖြစ်ပွားခဲ့ခြင်းက အန်ဝါအီဘရာဟင်၏ ဦးဆောင်မှု စိန်ခေါ်ခံလိုက်ရခြင်း ဖြစ်ပြီး၊ အင်အားကြီးမဟာမိတ် အမေရိကန်သမ္မတ၏ အကူ အညီကို ရယူနိုင်ခဲ့ခြင်းနှင့် အလျှင်အမြန် ကြားဝင်စေ့စပ် ညှိနှိုင်းနိုင်ခဲ့မှုတို့က အဖွဲ့ကြီး၏ ဒေသတွင်း ငြိမ်းချမ်း ရေး ထိန်းသိမ်းနိုင်စွမ်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ 

ထိုင်း-ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခပြေငြိမ်းရေးနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်သည်အထိ ကြိုးပမ်းနိုင်ခဲ့မှု၊ အမေရိကန်သမ္မတကို ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပွဲ တတ်ရောက်ရန် ဆွဲဆောင်နိုင်ခဲ့မှုများက ၎င်း၏ ဦးဆောင်မှုအောက် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးက ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အတွက် ထပ်တိုးဂုဏ်ယူစရာ ဖြစ်စေခဲ့ပြီး၊ အမေရိကန်သည် အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးပါသော မဟာဗျူဟာမိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ထပ်မံအတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ 

ထရမ့်-အန်ဝါ ယိမ်းအကဖြင့် ဖွင့်လှစ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး  

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေး တတ်ရောက်ရန် သမ္မတ ဒေါ်နယ် ထရမ့် လိုက်ပါလာသော Air Force One လေယာဉ်ကြီး ကွာလာလမ်ပူမြို့တော်သို့ ဆိုက်ရောက်လာချိန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် မလေးရှားနိုင်ငံအတွက် အလွန်မျက်နှာ ပွင့်သော အချိန်အခါသမယပင် ဖြစ်သည်။

လေယာဉ်ကြီးပေါ်မှ တစ်လှမ်းချင်း ဆင်းလာသော   ဒေါ်နယ်ထရမ့်ကို ဝန်ကြီးချုပ်ကိုယ်တိုင် လှေကားရင်းတွင် စောင့်ကြိုနှုတ်ဆက် ခဲ့သည်။ ထရမ့်က ၎င်းကို ကြိုဆိုသော မလေးအကအဖွဲ့နှင့်အတူ ရုတ်တရက် စည်းချက်ညီညီ လိုက်၍ ‘က’ ခဲ့ရာ ဘေးတွင်ရပ်နေသော အန်ဝါနှင့် မလေးရှားအစိုးရအဖွဲ့ဝင်များ အံ့ဩခဲ့ကြရပြီး၊ ထရမ့်နှင့်အတူ အန်ဝါလည်း ပျော်ရွှင်ကျေနပ်စွာ လိုက်၍ ‘က’ နေပုံက ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ 

သမ္မတထရမ့်သည် မလေးရှားမြေပေါ် ခြေချပြီးသည်နှင့် အမေရိကန်၏ အာဆီယံအပေါ် နွေးထွေးမှုကို ပြသလိုက်ခြင်းပေတည်း။ သမ္မတထရမ့်သည် ရောက်ရောက်ချင်း ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဦးစွာတက်ရောက်ခဲ့ခြင်းဖြင့် အမေရိကန်-အာဆီယံ ဆက်ဆံရေး၏ အရေးပါမှုကို ပြသလိုက်ပြီး၊ အာဆီယံသည် မဟာမိတ်အမေရိကန်နှင့် ဝေးကွာခဲ့ပြီး တရုတ်နိုင်ငံ၏ ဩဇာလောင်းရိပ်အောက် ပို၍ ကျရောက်သွားခဲ့ပြီဆိုသည့် သုံးသပ်ချက်များကို တဒင်္ဂအတွင်း ခြေဖျက်လိုက်သကဲ့သို့ ရှိသည်။ စင်စစ် ထရမ့်၏ ထွေးပွေ့ယုယမှုကို အာဆီယံခေါင်းဆောင်များ မျှော်လင့်နေခဲ့သည် မဟုတ်ပါလား။

ဒေသတွင်းပဋိပက္ခများတွင် အင်အားကြီးနိုင်ငံများ၏ အခန်းကဏ္ဍ အရေးပါပုံ

စင်စစ် အာဆီယံ၏ ထိုင်း-ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခကို လျှင်မြန်စွာ ကိုင်တွယ်နိုင်ခြင်း၊ အမေရိကန် ကဲ့သို့ ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုက ချက်ချင်း ကြားဝင်ညှိနှိုင်းကူညီခဲ့ခြင်း တို့သည် အချုပ်အခြာအာဏာပိုင် နိုင်ငံ နှစ်နိုင်ငံအကြား ဖြစ်ပွားသော စစ်ရေးပဋိပက္ခက ဒေသတွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တိုက်ရိုက်ထိခိုက်စေသဖြင့် နိုင်ငံတကာဥပဒေများအရ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ပြည်တွင်း ရေး အဖြစ် သတ်မှတ်ထားသော မြန်မာ့အရေးနှင့် အဓိက ကွာခြားချက် ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံနှစ်နိုင်ငံ စစ်ဖြစ်ပါက နိုင်ငံတကာဥပဒေများအရ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြားသည်ဟု သတ်မှတ်ထားခြင်းကြောင့် အမေရိကန်သမ္မတထရမ့်သည် ထိုအခွင့်အရေးကို အလျှင်အမြန် ရယူခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှုခေါင်းစဉ်အောက်မှ ၎င်း၏ ဩဇာအရှိန်အဝါကို သုံးပြီး အာဆီယံဒေသတွင်း တည်ငြိမ်ရေးတွင် အမေရိကန်၏ဩဇာအာဏာ မည်မျှရှိကြောင်း ပြသနိုင်ခဲ့သည်။ 

ယူကရိန်း-ရုရှားအရေး နှင့် အစ္စရေး-ဟားမက်စ်အရေးကဲ့သို့ အမေရိကန်၏ စစ်ရေးအရ ပါဝင်ပတ်သက်မှုအထိ အင်အားစိုက်ထုတ်ရခြင်းမရှိသော ထိုင်း-ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခသည် သမ္မတထရမ့်အတွက် အလွယ် တကူရရှိခဲ့သော ရလဒ်တစ်ခု ဖြစ်ခဲ့ပြီး၊ အာဆီယံဒေသတွင်း ဩဇာအရှိန်အဝါ တိုးချဲ့တည်ဆောက်နေသော တရုတ်အစိုးရနှင့် သမ္မတ ရှီကျင့်ဖျင့် နောက်ကောက်ကျသွားသော ဖြစ်ရပ်လည်း ဖြစ်သည်။

စင်စစ် ထိုင်းနှင့် ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခ တင်းမာနေပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေချိန်နှင့် တိုက်ဆိုင်စွာပင် တရုတ်အစိုးရသည် အာဆီယံထဲ ၎င်း၏အမာခံ မဟာမိတ်နိုင်ငံဟု သတ်မှတ်ထားသော ကမ္ဘောဒီးယားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့နေခဲ့သည့်သတင်း ထွက်ပေါ်လာခြင်းကြောင့် ဖြေရှင်းနေခဲ့ရသည်။ 

နောက်ပိုင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက   ကြားဝင်စေ့စပ်ပေးလိုကြောင်း ထုတ်ဖော် ကမ်းလှမ်းခဲ့သော်လည်း ပဋိပက္ခဖြစ်ပွားသည့် နှစ်နိုင်ငံစလုံးက အမေရိကန်၏ ကြားဝင်မှုကိုသာ လက်ခံ ကြိုဆိုခဲ့ကြသည်။   ထိုနှစ်နိုင်ငံ၏ လက်တွေ့သံတမန်ရေး အားကိုးအားထားပြုမှုတွင် တရုတ်ခေါင်းဆောင် များအပေါ် ယုံကြည်မှုက အကန့်အသတ်ရှိနေကြောင်း မထင်မှတ်ပဲ အထင်အရှား တွေ့မြင်လိုက်ရခြင်းပင်။ 

အာဆီယံခေါင်းဆောင်များ စိန်ခေါ်ခံနေရဆဲ မြန်မာ့အရေး   

၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားနှင့် အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်သစ်အဖြစ် လက်ခံသည့် အခမ်းအနားများက လွှမ်းခြုံထားခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်စွမ်းမရှိသော၊ မျက်နှာပန်းမလှ ဖြစ်နေခဲ့သော အာဆီယံခေါင်းဆောင်များကို စိတ်သက်သာရာ ရစေခဲ့ပါသည်။  

မြန်မာ့အရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာပြည်သူများဘက်က ပွင့်လင်းစွာ တစိုက် မတ်မတ်ထောက်ခံရပ်တည်ခဲ့သော အရှေ့တီမောနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်လာမှုသည် မည်ကဲ့သို့ အဓိပ္ပာယ်ဆောင်လာမည် ဆိုသည်က စိတ်ဝင်စားစရာ ဖြစ်ပါသည်။ 

အရှေ့တီမောကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အစောပိုင်းတွင် မြန်မာစစ်အုပ်စုက ဆန့်ကျင်ကန့်ကွက်ခဲ့သေးသည်။ နောက်ပိုင်းတွင် အရှေ့တီမောသံအဖွဲ့ နေပြည်တော်အထိ သွားရောက် ညှိနှိုင်းခဲ့ပြီးနောက်  စစ်အုပ်စုက တီမောတွင် NUG ရုံးများ ဖွင့်လှစ်ခွင့် မပေးရန် ကန့်ကွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် အရှေ့တီမောနိုင်ငံက ထိုကိစ္စနှင့် ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါ။ 

တစ်နေ့တစ်ခြား ပို၍ပြင်းထန်လာနေသော အဖွဲ့ဝင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီး ချုပ်ငြိမ်းရေးအတွက် အာဆီယံအသင်းကြီး မည်သို့မျှ မတတ်နိုင် ဖြစ်နေရသည်မှာ စစ်အာဏာသိမ်းခဲ့ပြီး ကတည်းက ယနေ့ ထိတိုင် ဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ဂျကာတာမြို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အာဏာသိမ်း စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို ခေါ်ယူပြီး၊ အာဆီယံ ခေါင်းဆောင်များ အထူးအစည်းအဝေးက ချမှတ်ခဲ့သော တူညီ ဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ပြီးနောက် အာဆီယံသည် မြန်မာ့အရေး ရှေ့တိုးဖြေရှင်းနိုင်စွမ်းမရှိခဲ့ပါ။ အဖွဲ့ဝင်နိုင်ငံများ၏ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်ပြစ်တင်မှုများကို တိုး၍ ရင်ဆိုင်နေရသည်။ 

အာဆီယံအသင်းကြီးကို စတင်ထူထောင်ခဲ့သော နိုင်ငံများဖြစ်၍ အသင်းကြီးအတွင်း ဩဇာအရှိန်အဝါ ကြီးမားသည် ဟု အသိအမှတ်ပြုခံထားရသော အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ရယူခဲ့သော ၂၀၂၃ ခုနှစ်တွင် မြန်မာ့အရေး အဖြေရှာရန် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ဖူးသည်။ ယခုတဖန် ၂၀၂၅ ခုနှစ် အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားသော မလေးရှားနိုင်ငံသည် ထပ်မံကြိုးပမ်း အဖြေရှာခဲ့သည်မှာ တစ်နှစ်တာ တာဝန်ကုန်ဆုံးချိန် ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် မည်သို့မျှ ထူးခြားမလာခဲ့ပါ။

ဘုံသဘောတူညီချက် ၅ ချက် အကောင် အထည်မဖော် နိုင်ခြင်းအတွက် အာဆီယံခေါင်းဆောင်များ ပြန်လည်သုံးသပ်ပြီး ပိုမိုထိရောက်သော နည်းလမ်း သစ်များ ရှာဖွေ၍ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိအားပေးရန်၊  စစ်ကော်မရှင် ပြင်ဆင်နေသော ရွေးကောက်ပွဲကို အာဆီယံ လက်မခံရေးအတွက်  ပြတ်သားသော ရပ်တည်ချက် ချမှတ်ရန် ထိပ်သီးအစည်းအဝေး မတိုင်မီ တောင်းဆိုမှုများ ရှိခဲ့သည်။ 

သို့သော် အာဆီယံခေါင်းဆောင်များသည် ထို ၅ ချက်ကို ဆက်လက်စွဲကိုင်ထားသော်လည်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်နာလာစေရန် နည်းလမ်းသစ်များ ရှာဖွေနိုင်ခြင်း မရှိခဲ့ပါ။ 

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်သည့်   အာဆီယံထိပ်သီးအစည်းအဝေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ၁၅  ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂအစည်းအဝေးသို့ တက်ရောက်နေသည့် အာဏာသိမ်းစစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦး‌ဟောက်ခန့်ဆုမ်း။   (ဓာတ်ပုံ – EPA)

အာဆီယံခေါင်းဆောင်များ၏ မြန်မာအရေး ထပ်တိုးဆုံးဖြတ်ချက်များ

အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒ ၅ရပ်ကို ပြန်လည်သုံးသပ်ချက် ၁၅ ချက်နှင့် ဆုံးဖြတ်ချက် ၁၃ ချက်ကို အောက်တိုဘာလ ၂၆ ရက်နေ့ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့ပါသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားလက်ထက် မြန်မာ့အရေး ထုတ်ပြန်ချက်များတွင် အကြိမ်ကြိမ်သုံးစွဲလာသည့် အသုံးအနှုန်းမှာ “မြန်မာပိုင်ဆိုင်ပြီး မြန်မာဦးဆောင်သော” (Myanmar-owned and Myanmar-led) ဖြစ်သည်။

ယခုနောက်ဆုံးအကြိမ် အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒ ၅ရပ်ကို ပြန်လည်သုံးသပ်မှု ထုတ်ပြန်ချက်တွင် ထိုအသုံးအနှုန်းကို ၅ ကြိမ် သုံးစွဲထားသည်ကို လေ့လာတွေ့ရှိရပြီး၊ ယင်းသည် အမှုမဲ့အမှတ်မဲ့ သုံးစွဲထား ခြင်းမျိုးမဟုတ်ပါ။ မြန်မာပြည်တွင်းစစ် ချုပ်ငြိမ်းရေးသည် “ကိုယ့်ပြဿနာ ကိုယ်ရှင်း” ရမှာဖြစ်ပြီး၊ အာဆီယံ အနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မည်မဟုတ် ဆိုသည့် ရပ်တည်ချက်ကို သတင်းစကား အထပ်ထပ်အခါခါ ပါးနေခြင်း ဖြစ်သည်ဟု နားလည်နိုင်ပါသည်။

အာဆီယံ၏ ယခင်ရပ်တည်ချက်များအတိုင်း မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံအကြီးအကဲ အဖြစ် အသိအမှတ်မပြုဘဲ အာဆီယံထိပ်သီးအစည်းအဝေးများသို့ တတ်ရောက်ခွင့်တားမြစ် ပိတ်ပင်ထားသော ဆုံးဖြတ်ချက် ဆက်လက်စွဲကိုင်ထားသည်ကိုပင် တွေ့မြင်ခဲ့ရသည်။ ထိုဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကိုသာ လက်ခံသည်၊ စစ်ခေါင်းဆောင် ခန့်အပ်သောသူကို လက်မခံ၊ အသိအမှတ်မပြု ဟူသော ရပ်တည်ချက်နှင့် ထပ်တူရပ်တည်နေခြင်း ဖြစ်သည်။ 

မင်းအောင်လှိုင် စီစဉ်နေသော ရွေးကောက်ပွဲကို ပြတ်သားစွာဆန့်ကျင်မှုက နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရသော အာဆီယံအခြေခံမှုကို ဖောက်ဖျက်ရာရောက်မည်ဆို၍ အာဆီယံခေါင်းဆောင်များ ရှောင်ရှားခဲ့ပြီး၊ ဘုံသဘောတူညီချက် ၅ ချက်၏ အရေးအကြီးဆုံး ၂ ချက်ဖြစ်သော အကြမ်းဖက်မှုများ ရပ်တန့် ရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးသည် ရွေးကောက်ပွဲများ မကျင်းပမီ မဖြစ်မနေ လုပ်ဆောင်ရမည် ဟု ဆုံးဖြတ်ခဲ့ကြသည်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖြစ်စဉ်များမှ ခြုံငုံလေ့လာသုံးသပ်မိသည်မှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများတွင် နိုင်ငံအများစုက ကိုယ်တိုင်ကိုယ်ကျ ကြားဝင်ကူညီ ဖြေရှင်းခြင်း မပြုကြဘဲ ရှောင်ရှားတတ်ကြသည်။ ကိုယ့်အိမ်ဘေး လောင်နေသောမီး ကိုယ့်ဆီကူးစက်မလာရေး ဟန့်တားရန် လိုအပ်မှသာ ကြားဝင်တတ်ကြသည်။

 မြန်မာ့ပြဿနာကို တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်နေခြင်းမှာ ထိုနည်းလည်းကောင်း ဖြစ်သည်။ မြန်မာ့အရေးသည် လက်ရှိအခြေအနေထိ တရုတ်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ကျရောက်နေဆဲ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ 

AKP သတင်းဌာနကထုတ်ပြန်သည့် မှတ်တမ်းတွင်   အောက်တိုဘာလ ၂၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ရသည့် စစ်သည်များပုံကို ဖော်ပြထားသည်။ 
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် အာဆီယံအသင်းကြီး၏ စောင့်ကြည့်လေ့လာမှုအောက်တွင် လက်နက်ကြီးများ ဖယ်ရှားရေးအစီအစဉ် ပထမအဆင့်ကို စတင်အကောင်အထည်ဖော်နေကြသည်။  (ဓာတ်ပုံ – EPA)

Related Articles

Back to top button