ယနေ့(မေ ၂၅) နံနက် ၄ နာရီမှစ၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် တိုက်ပွဲဖြစ်ရာ အရပ်သား ၃ ဦး သေဆုံးသွားသည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များက နေရာ ၃ ခုကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတို့(စစ်ကောင်စီတပ်) တွေက လာပြီးထိုးစစ်ဆင်တာဗျ။ ဒေါငံခါးလည်း ပါတယ်၊ ဒေါတမငယ်ရော ပါတယ်၊ ဆည်မြောင်းဘက်မှာရော။ သူတို့ကနေရာတကာကို ဖိတာပေါ့။ ဒေါငံခမှာက ပြည်သူသုံးယောက် ကျသွားတယ်။ ရွာထဲလူတွေပဲ။ အမျိုးသား ၃ ယောက်ကျတာ” သူက ဆက်ပြောသည်။
“ဒေါတမငယ်ဘက်မှာတော့ ကျနော်တို့ KPDF ဘက်က ၅ ယောက်ထိထားတယ်။ ၄ ယောက်က မစိုးရိမ်ရဘူး။ ၁ ယောက်ကတော့ စိုးရိမ်ရတယ်”
ဒေါတမငယ်ပစ်ခတ်မှုမှာ နံနက် ၉ နာရီခွဲမှ ငြိမ်သက်ခဲ့သည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များသည် ငွေတောင်ရပ်ကွက်အတွင်း အထိုင်ချ တိုက်ခိုက်နေသည်ဟု သိရသည်။
တိုက်ပွဲသည် အနီးရှိ ပြည်နယ်မြို့တော် လွိုင်ကော်တွင်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်များက လွိုင်ကော်မြို့ပေါ်တွင် ယနေ့(မေ ၂၅) နံနက် ၁၀ နာရီခန့်တွင် စတင်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂ ရက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း၊ အနီးကပ်ပစ်သတ်ခြင်းတို့ကြောင့် လွိုင်ကော်တွင် အရပ်သား ၆ ဦး သေဆုံးသွားသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။