သတင်း

ပလက်ဝသည် ရခိုင်ပြည်နယ်တွင်ပါသည်ဟု AA ဘက်က ပြောသည်ဟုဆိုကာ ခူမီးပါတီက ကန့်ကွက်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် ရခိုင်ဒေသတွင်ပါဝင်ကြောင်း ယင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရက္ခိုင့်တပ်မတော် (AA) က ဒေသခံ ခူမီးလူမျိုးများကို ပြောဆိုနေခြင်းသည် AA အဖွဲ့၏ နယ်မြေချဲ့ထွင်ရေးဝါဒဖြစ်သည့်အတွက် “ဆန့်ကျင်ကန့်ကွက်ရှုတ်ချ”ကြောင်း ပလက်ဝမြို့နယ်အခြေစိုက် ခူမီး (ခမီး) အမျိုးသားပါတီက ယနေ့(ဇန်နဝါရီ ၂၄) ထုတ်ပြန်သည်။

AA တပ်သားများက ပလက်ဝမြို့နယ် ကျေးရွာတချို့မှ ရွာသားများကို ခေါ်ယူပြီး ပလက်ဝမြို့သည် ရခိုင်ဒေသတွင် ပါဝင်ကြောင်းပြောဆိုသည့်အတွက် ရခိုင်ပိုင်မြေမဟုတ်ကြောင်း ပြန်လည် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ပလက်ဝ အခြေစိုက် ခူမီး (ခမီး) အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အော်အွေ့ဟွေ့လူက Myanmar Now ကို ပြောသည်။

သူတို့လာရင် ရွာသားတွေကို ပလက်ဝက ရခိုင်ပိုင်တဲ့မြေ ဟုတ်မဟုတ် မေးတယ် ဟုတ်တယ်ဆိုမှပဲ ပြန်လွှတ်ပေးတယ် ” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့နယ်သည် အင်္ဂလိပ်လက်ထက်က ရခိုင်တောင်တန်းဒေသ သို့မဟုတ် ရခိုင်မြောက်ပိုင်းခရိုင်အမည်ဖြင့် သတ်မှတ်ထားကြောင်း၊ သီးခြားကိုယ်ပိုင်နယ်နိမိတ်၊ သီးခြားကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုရှိသော တောင်တန်းဒေသအပိုင်း (၁) နယ်မြေ ၁၀ ခုတွင် ပါဝင်ကြောင်း ရခိုင်တိုင်းလက်အောက်ခံလည်း မဟုတ်သလို ချင်းတောင်တန်းဒေသ၏ လက်အောက်ခံလည်း မဟုတ်ကြောင်း အဆိုပါကြေညာချက်တွင် ရေးသားထားသည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံအပြီးတွင် တောင်တန်းဒေသစုံစမ်းရေးကော်မတီက ကြားနာသည့်အခါ ရခိုင်တောင်တန်းဒေသကိုယ်စားလှယ်များက မြန်မာနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေး ရယူလိုကြောင်းနှင့် ချင်းတောင်တန်းဒေသနှင့် ပူးပေါင်း၍ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် နေထိုင်လိုကြောင်း ထွက်ဆိုခဲ့သဖြင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ချင်းဝိသေသတိုင်း (နောင် ချင်းပြည်နယ်) တွင် ပါဝင်ခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

ထို့ပြင် AA တပ်ဖွဲ့ဝင်များသည် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာသူကျေးရွာသားများအား ပလက်ဝမြို့သည် ရခိုင်ပိုင်နက်ဖြစ်ကြောင်း၊ တော်လှန်ရေးအောင်မြင်ပြီးဆုံးပါက ပလက်ဝကို ရခိုင်ပြည်နယ်တွင် ပေါင်းထည့်မည် ဖြစ်ကြောင်း၊ ဆန်၊ ကြက်၊ ဝက် တန်ဖိုးကို တော်လှန်ရေးပြီးသည့်အခါ ပေးချေမည်ဟု ရှင်းလင်းကြောင်း အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

အဆိုပါကြေညာချက်ပါ စွပ်စွဲချက်များကို AA ဘက်က ပယ်ချသည်။ ပလက်ဝဒေသသည် ရခိုင်ပြည်နယ်ထဲတွင် ပါဝင်သည်ဟု AA တပ်ဖွဲ့ဝင်များ ထိုသို့ပြောဆိုရန် ညွှန်ကြားထားခြင်း မရှိကြောင်းနှင့် အောက်ခြေတပ်သားများ ထိုသို့ပြောဆိုနေကြောင်းကိုလည်း မသိရကြောင်း AA ၏ ပြောခွင့်ရ ခိုင်သုခက ပြောသည်။

အဲဒီလိုပြောတယ်ဆိုတဲ့အသံလည်း မကြားမိဘူး။ ကျွန်တော်တို့ ULA/AA အနေနဲ့လည်း အဲဒီလိုလုပ်တာမျိုး မရှိပါဘူး” ဟု ခိုင်သုခက ဆိုသည်။

ပလက်ဝဒေသ မည်သည့်ပြည်နယ်ထဲတွင် ပါဝင်ကြောင်း AA အဖွဲ့က သတ်မှတ်ထားခြင်းမျိုး ရှိမရှိ မေးမြန်းသည့်အခါ ဖြေကြားရန် ငြင်းဆိုသည်။

Show More

Related Articles

Back to top button