
ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံထားရသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးသည် သုံးလနီးပါးကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်မရသေးသလို အင်းစိန်ထောင်အတွင်း တိုက်ပိတ်ခံထားရသဖြင့် ၎င်း၏ ကျန်းမာရေးကို လွန်စွာ စိုးရိမ်ပူပန်နေရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ပြန်လည်လွတ်မြောက်လာသူတချို့ကို မေးမြန်းရာမှ မကေဇွန်နွေး၏ အခြေအနေကို သိရခြင်းဖြစ်ကြောင်း၊ ထောင်ဝင်စာတွေ့ခွင့် ရလိုကြောင်း ပြောသည်။
“သူ ဘာအပြစ်မှ မကျူးလွန်ထားဘဲနဲ့ဆိုတော့ သူက နဂိုကတည်းက စိတ်က သိတဲ့အတိုင်း မဟုတ်မခံတဲ့အခါကျတော့ စိတ်ဆိုးနေတယ်၊ စိတ်ထိခိုက်နေတယ်၊ နာကြည်းနေတယ်၊ အဲဒီလိုမျိုး။ စိတ်တိုင်းမကျတဲ့ ပုံစံမျိုးတွေ ဖြစ်တယ်။ အာရုံကြောသမားဆိုတော့ သိတဲ့အတိုင်း ချို့ယွင်းတယ်ပေါ့။ ဒူးခေါင်းကိုတောင် စိုးရိမ်ရတဲ့ အနေအထားလေးတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
မကေဇွန်နွေးသည် ဖေဖော်ဝါရီ ၂၇ က ရန်ကုန်မြို့ မြေနီကုန်း၌ ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ သတင်းယူနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ခဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။
ထို့အပြင် ထောင်အတွင်း အစာအငတ်ခံဆန္ဒပြသည်ဟုဆိုကာ ဧပြီ ၂၈ကတည်းက ထောင်အာဏာပိုင်များက တိုက်ပိတ်ထားသည့်အတွက် ရောဂါအခံရှိသူ မကေဇွန်နွေး၏ ကျန်းမာရေးကို မိသားစုဝင်များက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မကေဇွန်နွေးမှာ ဧပြီလအတွင်းကျရောက်သည့် ဘာသာရေးအစဉ်အလာအရ အစာစားခြင်းမှ ရှောင်ကြဉ်၍ ဥပုသ်စောင့်ခဲ့ကြောင်း၊ ထိုအချိန်တွင် ထောင်အာဏာပိုင်များက သူ့ကို အစာငတ်ခံဆန္ဒပြရန် လူစုရုံးသည်ဟု စွပ်စွဲကာ ၈ပေx၁၂ပေ အခန်းကျဉ်းတစ်ခုအတွင်း အခြားအမျိုးသမီးနှစ်ဦးနှင့်အတူ တိုက်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ညဆိုရင် ပူလို့မအိပ်နိုင်ဘူးတဲ့။ ခြင်တွေကလည်း ကိုက်တယ်တဲ့။ အဲဒီလို ပြောပေးပါဆိုပြီး လွတ်လာတဲ့ ကလေးတွေကို ပြောခိုင်းတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
အာရုံကြောအားနည်းခြင်းနှင့် အစာအိမ်ရောဂါအတွက် သင့်တော်သည့် အစားအသောက်နှင့် ဆေးဝါးများကို ပုံမှန်ပို့ပေးနေရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
သို့သော် Video Conferencing စနစ်ဖြင့် မတ် ၁၂ရက်က ပြုလုပ်သည့် ရုံးချိန်းတစ်ခုတည်းတွင်သာ အွန်လိုင်းမှတစ်ဆင့် မကေဇွန်နွေးကို တွေ့ခွင့်ရသည်မှလွဲ၍ ယနေ့တိုင် မျက်နှာချင်းဆိုင်တွေ့ဆုံခွင့် ဆုံးရှုံးနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
စမ်းချောင်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်က တရားလိုလုပ်၍ တရားစွဲဆိုထားသည့် မကေဇွန်နွေးအမှုကို ဇွန်လ ၃ရက်နေ့တွင် အင်းစိန်ထောင်အတွင်းပြုလုပ်ထားသည့် အထူးတရားရုံး၌ ဆက်လက်စစ်ဆေးရန်ရှိသည်။
အဆိုပါရုံးချိန်း၌ တရားလိုဘက်က တင်သွင်းသည့် သက်သေများကို စစ်ဆေးမည်ဟု သိရကြောင်း မကေဇွန်နွေး၏ ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။
မကေဇွန်နွေးကို အခန်းကျဉ်းအတွင်း ပိတ်လှောင်ထားမှု၊ မိသားစုနှင့် ဆက်သွယ်မှု ပိတ်ပင်ထားမှုတို့ ပတ်သက်ပြီး အင်းစိန်ထောင်တာဝန်ရှိသူများကို ဖုန်းဆက်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် Myanmar Now သတင်းထောက် မကေဇွန်နွေးအပါအဝင် သတင်းသမားအများအပြားကို ဖမ်းဆီးခဲ့သည်။
လွတ်မြောက်လာသူတချို့ရှိသော်လည်း သတင်းသမား ၄၈ ဦး ဆက်လက်အထိန်းသိမ်းခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။