ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ယမန်နေ့ (မေ ၂၁) မှစ၍ တိုက်ပွဲဖြစ်ပွားနေရာ ယနေ့ (မေ ၂၂) ၌ စစ်တပ်က အင်အားဖြည့်တင်းနေသောကြောင့် ဒေသခံတပ်များကလည်း အသင့်ပြင်ထားကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပြည်သူတွေကို မင်းတပ်မြို့ပုံစံ လာတိုက်ရင်လည်း တိုက်မယ်ပေါ့။ သေချာတာတော့ တစ်ခုကတော့ ပြည်သူတွေ အထိအနည်းဆုံးနဲ့ ပြောက်ကျားစနစ်နဲ့ ပြန်တိုက်မယ်။ ဒီနေရာကနေ ခုခံတော်လှန်နေမှာပဲ။ ရွှေ့ပေးလို့ မရဘူး။ ဒီနေရာက ကျွန်တော်တို့ရဲ့ အိုးအိမ်တွေရှိတယ်။ သူတို့ကို ဒီနေရာမှာ တပ်စွဲခွင့်မပေးနိုင်ဘူး။ သူတို့တပ်တွေကို ပြန်ရုပ်စေချင်တယ်။ သူတို့မပြန်မချင်း ကျွန်တော်တို့ ချနေရမယ်။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ မရောက်မချင်း ချနေရမှာပဲ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
စစ်တပ်က ငွေတောင်ရွာ၌ တပ်စွဲထားကာ ရေဖြူမြို့နှင့် မိုင်းလုံးဘက်မှ စစ်တပ်ဘက်မှ စစ်ကူများ ထပ်ရောက်လာသည်ဟု သတင်းရရှိထားကြောင်း ၎င်းက ဆိုသည်။
ယမန်နေ့ (မေ ၂၁) နံနက်ပိုင်းမှစ၍ စတင်ပြီး ဒီးမော့ဆိုမြို့တွင်းရှိ မာနာပလော့ရပ်ကွက်နှင့် ဒေါငံခါးလမ်းဆုံတို့တွင် စစ်တပ်နှင့် KPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေ ၄ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။
ယင်းမြို့တွင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကာ KPDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ (မေ ၂၁) ည ၁၀ နာရီဝန်းကျင် စစ်တပ်က မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် တံတားတစ်စင်းကို ထိမှန်ခဲ့သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မနေ့က ည ၁၀ နာရီဝန်းကျင်က တစ်ကြိမ်၊ ၁၀ နာရီ ၂၀ လောက်တစ်ကြိမ်၊ လက်နက်ကြီးနဲ့ပစ်တာလို့တော့ သိရတယ်။ RPG မဟုတ်ရင် အမြောက်နဲ့ပစ်တာ ဖြစ်နိုင်တယ်။ လက်နက်ကြီးတော့ လက်နက်ကြီးပဲ။ အသံတော့ တော်တော်ကျယ်တယ်” ဟု ဆိုသည်။
ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းဖဲ၊ ဘောလခဲနှင့် ဖားဆောင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KPDF အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များလည်း တစ်ပြည်နယ်လုံး အနေအထားဖြင့် ခုခံတော်လှန်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ နံနက် ၁း၁၅ တွင်လည်း ဒီးမော့ဆို့မြို့၊ ကုန်းသာကျေးရွာ “အောင်” စိုက်ပျိုးရေးစျေးဆိုင် မီးရှို့ဖျက်ဆီးခံကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယနေ့ မေလ ၂၂ ၊ နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ် စီးဘူးမှ ကယားပြည်နယ် ဒေါးတဝီဘက်သို့ ပြန်လာသည့် ဒေသခံ ၃ ဦးကို စစ်တပ်က ပစ်ခတ်ခဲ့၍ ၂ ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည့် မေ ၂၀ ကလည်း ကယားပြည်နယ်တွင် စစ်တပ်နှင့် အပစ်ရပ် NCA မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ကရင်နီတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ဒီးမော့ဆိုမြို့တွင် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားပြီးဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွက် ခုခံတော်လှန်သွားမည်ဖြစ်သည်ဟု KPDF မှ သိရသည်။
စစ်တပ်၏ ဝါဒဖြန့်မီဒီယာဖြစ်သော ယနေ့ မေ ၂၂ ထုတ် သတင်းစာများတွင် ဒီးမော့ဆိုမြို့နယ်၊ မားနာပလော့ကျေးရွာနှင့် ငွေတောင်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားကာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ KPDF တပ်မှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ကို စစ်တပ်က ဖမ်းဆီးရမိကြောင်း၊ ထိုအထဲမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
KPDF ဘက်ကမူ ထိုလူများသည် လမ်းသွားလမ်းလာပြည်သူများသာဖြစ်ကြောင်း၊ ထိုသို့ ပြည်သူများကို ဆက်ဖမ်းဆီးနေပါက ၎င်းတို့အနေဖြင့် ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။



