သတင်း

ကယားပြည်နယ်တွင် တိုက်ပွဲများဖြစ်၊ စစ်ကောင်စီဘက်မှ ၃ဦးသေဆုံး၊ စခန်းအချို့သိမ်းဆည်းခံရ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး သုံးဦးသေဆုံးခဲ့ပြီး စခန်းအချို့သိမ်းဆည်းခံခဲ့ရကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ထံမှ သိရသည်။

ဒီးမော့ဆိုမြို့တွင်းရှိ မာနာပလော့ရပ်ကွက်နှင့် ဒေါငံခါးလမ်းဆုံတို့တွင် ယနေ့ (မေ ၂၁) နံနက်ပိုင်းမှစ၍ စတင်ပစ်ခတ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် စံပြ ၆ မိုင်ကျေးရွာနှင့် ညောင်ကိုင်းရွာတို့တွင်လည်း တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း ညနေ ၄ နာရီခန့်တွင် တိုက်ပွဲရပ်တန့်ခဲ့ကြောင်း ဒီးမော့ဆို KPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးဒဏ်ရာရရှိခဲ့ပြီး သုံးဦးသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ပြီး KPDF မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာမပြင်းထန်ဟု ဆိုသည်။

“အခု လေးငါးဆယ်ရက်အတွင်းမှာ ဖရူဆိုမြို့ဆိုလည်း အကျပ်ခံရတယ်။ ဖားဆောင်းဆိုလည်း အကျပ်ခံရတယ်။ ဒီးမော့ဆိုမှာလည်း သပိတ်တွေလုပ်တာ ဖြိုခွင်းမှုတွေလုပ်တယ်။ ကျောင်းသားအဖွဲ့တွေကို ဖမ်းတယ်။ သူတို့က နယ်မြေကျော်လာတာပေါ့၊ လွိုင်ကော်မှာလုပ်ခဲ့တဲ့ပုံစံမျိုး ဒီးမော့ဆိုကို လာလုပ်တော့ ဒီဘက်ကလူတွေ တုံ့ပြန်မှုတွေပေးတာပဲ” ဟု တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒီးမော့ဆို KPDF အဖွဲ့ဝင်က ပြောသည်။

ယမန်နေ့ (မေ ၂၀) ကတည်းက စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက်လမ်းများအတွင်း ဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး မားနာပလော့ရပ်ကွက်ရှိ နာရေးအိမ်တွင် CDM ဝန်ထမ်းလေးဦး၊ ပြည်သူလေးဦးနှင့် စံပြ ၆ မိုင်ကျေးရွာရှိ လူငယ်ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

“ကျွန်တော်တို့ကို လက်နက်ကြီးနဲ့ပဲ ထုနေတယ်။ အဆက်မပြတ်ဘူး။ သူတို့ထမင်းစားနားပြီးတာနဲ့ ပြန်ထုနေတယ်။ နေရာအစုံပဲ ရပ်ကွက်ထဲက အိမ်တွေရော အုတ်တံတိုင်းတွေရော ကျွန်တော်တို့ရှိနိုင်တဲ့နေရာကို မှန်းပြီးထုနေတယ်” ဟု အထက်ပါ ဒီးမော့ဆို KPDF အဖွဲ့ဝင်က ပြောသည်။

ဒီးမော့ဆိုမြို့ ဒေါငံခါးလမ်းဆုံတွင် ယနေ့မွန်းလွဲပိုင်းက ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာသူနှစ်ဦးကို စစ်တပ်က တားဆီးစဉ် မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့သဖြင့် းပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။

ဒေါငံခါးလမ်းမကြီးတစ်လျှောက်တွင် စစ်တပ်က တပ်စွဲထားပြီး အင်အားတစ်ထောင်ခန့်ရှိသည်ဟု KPDF အဖွဲ့ဝင်က ပြောသည်။  

“ဒီအရေးတော်ပုံအောင်မြင်ဖို့အတွက် ကျွန်တော်တို့ သေချင်သေပါစေ၊ အနာဂတ်မျိုးဆက်သစ် လူငယ်တွေကောင်းစားဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် ကိုယ်ကျိုးတွေစွန့်ကြမယ်။ မအောင်မချင်း ကျွန်တော်တို့ ဆက်ပြီးတိုက်နေမယ်” ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီက တပ်စွဲထားသည့် ဒီးမော့ဆိုမြို့နယ်ထွေအုပ်ရုံးနှင့် အားကစားရုံတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့မရဲစခန်းကို KPDF တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တိုက်ပွဲဖြစ်ပွားနေစဉ် ဒီးမော့ဆိုဒေသခံအချို့ အဖမ်းခံခဲ့ရပြီး မြို့ထဲတွင် ဒေသခံများ မရှိသလောက်ဖြစ်နေကြောင်း၊ ယမန်နေ့ကတည်းက ဘေးလွတ်ရာကျေးရွာများသို့ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“၁၀ အိမ်မှာ ကိုးအိမ်က ပြောင်းလောက်ပြီ။ မရှိတော့ဘူး၊ မြို့ထဲရပ်ကွက်တော်တော်များများက။ မနေ့ညကတည်းက အရှိန်ရှိနေတော့ ဒီရက်ဖြစ်လိုက်တာနဲ့ တော်တော်များများ တိမ်းရှောင်ကုန်ပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်ဘက်မှ RPG (ပခုံးထမ်းလောင်ချ) များအပြင် ၇၉ မမ အမြောက်များဖြင့်ပါ တိုက်ခိုက်ခြင်းဖြစ်ပြီး ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ ခြေလျင်တပ်ရင်းဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ဒေါတဝီဂိတ်စခန်းနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ တပ်စခန်းတို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းကာ ယနေ့ညနေပိုင်းတွင် သိမ်းယူလိုက်ကြောင်းလည်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က Myanmar Now ကို ယနေ့တွင် ပြောထားသည်။

ယမန်နေ့ (မေ ၂၀) နံနက်အစောပိုင်းက ဖားဆောင်းနှင့် ဘောလခဲမြို့နယ်အကြားတွင် အာဏာသိမ်းစစ်တပ်နှင့် KNPP တပ်တို့ သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြား တိမ်းရှောင်နေရသည်။

Show More

Related Articles

Back to top button