အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် အကြမ်းဖက်မှုများရပ်တန့်ရေး ဆွေးနွေး

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ တစ်ရက်တာမြန်မာခရီးစဉ်အတွင်း စစ်ကော်မရှင်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အကြမ်းဖက်မှုများ ရပ်တန့်ရေးကို ထည့်သွင်းပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ယမန်နေ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် ငါးရပ်ထဲမှ အကြမ်းဖက်မှုများ ရပ်တန့်ရေး ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရေး၊  မြန်မာ့အရေးပါဝင်ပတ်သက်သူများအားလုံး တွေ့ဆုံဆွေးနွေးရေးတို့ကို ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ (အောက်တိုဘာလ ၉ ရက်နေ့) တွင် နေပြည်တော်သို့ တစ်ရက်တာ လာရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးအပြင် အထက်ပါအချက်များ ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်း လိုက်ပါလာကြောင်း သိရသည်။ 

ထို့ပြင် လာမည့်နှစ်ကုန်၌ ကျင်းပရန်ရှိသည့် မြန်မာရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။ 

ဇူလိုင်လအတွင်းက ကျင်းပခဲ့သည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်ကော်မရှင်ဘက်ကမူ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲအရေး ဆွေးနွေးခဲ့ကြောင်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်နေကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ အပစ်ရပ်ရေး ထုတ်ပြန်ချက် ၂၇ ကြိမ် ထုတ်ပြန်ထားသလို  လက်နက်ကိုင်သူများကို သုံး ကြိမ် ဖိတ်ခေါ်ခဲ့ကြောင်း၊ ယခုလ ၁၅ ရက်နေ့တွင်  အပစ်ရပ် NCA နှစ်ပတ်လည်နေ့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု  စစ်ကော်မရှင် ခေါင်းဆောင်က ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်လအကြာ ဧပြီလအတွင်း အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ဘုံသဘောတူညီချက် ငါးရပ် ကို ထုတ်ပြန်ခဲ့သော်လည်း စစ်ခေါင်းဆောင်က လိုက်နာခြင်း မရှိခဲ့ပေ။ 

ထိုငါးရပ်သည် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ ပါဝင်သောသက်ဆိုင်သူများ အားလုံး တွေ့ဆုံဆွေးနွေးရန်၊ အဆိုပါဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းပေးရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေး၊ သက်ဆိုင်ရာအဖွဲ့များကို အာဆီယံအထူးကိုယ်စားလှယ်က လာရောက်တွေ့ဆုံရေးတို့ ဖြစ်ကြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားသည် စစ်ကော်မရှင်နှင့်သာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့်လည်း ယခုနှစ် ဧပြီလအတွင်းက အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစော(ယာ) နှင့် တွေ့ဆုံနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး(ဝဲ)။ (ဓာတ်ပုံ-မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန) 

အာဆီယံအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံအတွင်း အပစ်ရပ်ရန် အာဆီယံအလှည့်ကျနိုင်ငံများက ကြိုးပမ်းခဲ့ သော်လည်း မလေးရှားအလှည့်တွင် နှစ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံမှုများ အကြိမ်ရေများလာခဲ့သည်။

မလေးရှားအနေဖြင့် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းထက် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်တွင် ပါဝင်သော အဖွဲ့စည်းအားလုံးနှင့်တွေ့ဆုံဆွေးနွေးရေး သွားရောက်ခြင်း ဟုသာ ယူဆ ကြောင်း  မလေးရှားအခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Myanmar Affair Alliance အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ 

“ဒါက အာဆီယံရဲ့ Five-Points Consensus (အာဆီယံဘုံသဘောတူညီချက် ငါးရပ်) ထဲမှာလည်း ပါတယ်။ အားလုံးနဲ့တွေ့ဆုံဆွေးနွေးရေးဆိုတော့ စစ်ကောင်စီနဲ့ သွားတွေ့တယ်။ အဲဒီလောက်ပဲ မြင်ပါသေးတယ်။ သူဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့သက်တမ်းမှာ ဘယ်လောက် အသက်ဝင်အောင်လုပ်ခဲ့တယ်ဆိုတာကို ပြချင်တာပေါ့” ဟု ထိုသူက ဆိုသည်။ 

“ ပြချင်ရုံသက်သက်လည်းမဟုတ်ဘဲနဲ့ တကယ်လည်း လုပ်ပါတယ်။ အဲဒီအပေါ်မှာ၊ မလေးရှားရဲ့ Asean Chair ဖြစ်မှုပေါ်လည်း ကျွန်တော် Appreciate ဖြစ်ပါတယ်”  ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်၏ အပူတပြင်း ရွေးကောက်ပွဲ 

စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်း သုံး ပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပသွား မည်ဟု ထုတ်ပြန်ထားသည်။ 


လက်ရှိတွင် စစ်ကော်မရှင်ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီ ခြောက်ခု မှ ကိုယ်စားလှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းနှင့်ပြည်နယ်မှ ဝင်ပြိုင်မည့်  ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မဲစာရင်းဟု ခေါ်သည့် ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူများစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ၎င်းတို့ နယ်မြေ စိုးမိုးသော ဒေသများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးခွဲများတွင် သွားရောက်ကြည့်ရှုရန် ကြေညာထားသည်။

နိုင်ငံတကာ ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသော စစ်တပ်က ၎င်းတို့၏ ရွေးကောက်ပွဲ မပျက်ပြားစေရန် ဥပဒေ ထုတ်ပြန်၍  အရေးယူနေသလို လေကြောင်းဗုံးကြဲမှုများ နေ့စဉ်နီးပါးပြုလုပ်နေသဖြင့် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုများဖြစ်ပေါ်နေသည်။

တော်လှန်ရေးအင်အားစုများကလည်း စစ်တပ်၏ ရွေးကောက်ပွဲအား သပိတ်မှောက်ရန်လှုံ့ဆော်မှုများရှိနေပြီး စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအပါအဝင် အချက် သုံးချက်ဖြင့် သီတင်းကျွတ် ဆီမီးသပိတ်ပြုလုပ်ခဲ့သော  ချောင်းဦးမြို့နယ်တွင် အောက်တိုဘာလ ၆ ရက်နေ့က ဗုံးကြဲခံရသောကြောင့် လူ ၂၀ ထက်မနည်းသေဆုံးကာ လူ နှစ်ဒါဇင်ထက်မနည်း ဒဏ်ရာရခဲ့သည်။

၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပျက်ပြားအောင်လှုံ့ဆော်ပါက ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူခြင်းများလုပ်နေရာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အရေးယူထားသူ ၆၄ ဦး ရှိပြီး ထိုအထဲတွင် အသက်မပြည့်သေးသူများ ပါဝင်သည်။ 

ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့်  ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း မှ ကာကွယ်ပေးရေး ဥပဒေအရ ထောင်ဒဏ်၊ငွေဒဏ်များ အပါအဝင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Related Articles

Back to top button