
စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲမှု သက်တမ်းတိုးရေး၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများ အန္တရာယ်ကင်းရေးတို့အတွက် ကတိကဝတ် ရရှိခဲ့သည်ဟု
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က သတင်းထောက်များကို ပြောဆိုကြောင်း Bernama သတင်းဌာန၏ ဧပြီ ၁၈ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
နိုင်ကျဉ်းတချို့ ပါဝင်သော အကျဉ်းသား ၅၀၀၀ နီးပါး လွတ်မြောက်လာခြင်း အပါအဝင် မြန်မာနိုင်ငံမှ တင်းမာမှုများ လျော့ကျစေရေး လုပ်ဆောင်ချက်များကို ကြိုဆိုသည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆိုကြောင်း သတင်းတွင် ဆက်ရေးထားသည်။
သူ၏ လူမှုကွန်ယက်စာမျက်နှာ Xတွင်လည်း မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အွန်လိုင်း တွေ့ဆုံမှုမှာ ၄၅ မိနစ်ကြာမြင့်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ သင့်တော်သည့်အချိန်တစ်ခုတွင် မလေးရှား၌ လူချင်းတွေ့ဆုံဆွေးနွေးရေးကိစ္စကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ရေးသားထားသည်။
ယုံကြည့်မှုတည်ဆောက်ရေးမှာ အရေးပါပြီး အာဆီယံအနေဖြင့် ဦးစီးဦးဆောင်ပြု၍ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ပြည်သူများအကျိုးအတွက် မြန်မာ့နိုင်ငံရေးမှာ ပါဝင်သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံစကားပြောနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ် အန်နဝါက ဆက်လက်ရေးသားထားသည်။
သို့သော်လည်း အပစ်ရပ်ကြေညာချက်များ ထွက်ပေါ်လာပြီးနောက် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်း၊ လာမည့်လပိုင်းအတွင်း အသက် ၈၀ ပြည့်တော့မည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ထိန်းသိမ်းခံနေရခြင်းတို့နှင့် ပတ်သက်ပြီး အန်နဝါက မှတ်ချက်ပေးခြင်း မရှိပေ။
NUG၏ ထုတ်ပြန်ချက်တွင်လည်း မတ်လ ငလျင်ကြီးကို အကြောင်းပြုပြီး ပေါ်ပေါက်လာသည့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ထူးခြားသည့် အကြောင်းအရာ မပါဝင်ပေ။
တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကို NUG ဝန်ကြီးချုပ်ရုံးနှင့် သမ္မတရုံးထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုကြခြင်းမရှိသေးပေ။
အာဆီယံဥက္ကဋ္ဌနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေးအပါဝင် မြန်မာပြည်သူများဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိရောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု NUG၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာသည့် မလေးရှားဝန်ကြီးချုပ် အန်နဝါသည် ကြိုတင်ကြေညာထားသည့်အတိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နောက်တစ်နေ့ (ဧပြီ ၁၈) တွင် NUGတာဝန်ရှိသူနှင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အန်နဝါနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံမည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း NUGအပါဝင် တော်လှန်ရေးအင်အားစုက ဧပြီ ၁၆ တွင် ကြေညာချက်ထုတ်ပြန်ကြသည်။
မြန်မာနှစ်သစ်ကူးကာလတွင် နေ့စဉ်မပြတ် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေသည့် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှုအပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို စစ်ကောင်စီလက်ထဲထည့်လျှင် နိုင်ငံရေးအရ အသုံးချခံရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၂၈ ရက်နေ့ အင်အားကြီးငလျင်ကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား ဖြစ်ပွားခဲ့ရာ နိုင်ငံတကာက အကူအညီများ ပေးပို့ခဲ့သည်။ ထိုအကူအညီများကို တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေရှိ ငလျင်ဒဏ်သင့်ပြည်သူများထံသို့ မရောက်ရှိစေရန် စစ်ကောင်စီက ပိတ်ဆို့တားဆီးထားသည်ဟု တော်လှန်ရေးအင်အားစုက ပြောသည်။
ဤအခြေအနေတွင် အာဆီယံက NUG ဝန်ကြီးချုပ်ကို ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံလာသော်လည်း အလွန်သတိကြီးစွာ စောင့်ကြည့်သင့်သည်ဟု Myanmar Now သတင်းဌာန၏ ပင်တိုင်ဆောင်းပါးရှင် သုတဇော်က ပြောသည်။
“မြန်မာနှစ်သစ်ကူးကာလ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ရဲ့ လှုပ်ရှားမှုဟာ အာဆီယံခေါင်းဆောင် တွေ မြန်မာ့အရေး ဖြေရှင်းရန် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ချမှတ်ခဲ့ တဲ့ တူညီဆန္ဒ ၅ရပ် ကိုလိုက်နာပြီး ဘက်အားလုံးနဲ့ ထိတွေ့ဆက်ဆံရေး မူကို ၄နှစ်ကြာမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌကိုယ်တိုင် လက်တွေ့စတင်ကျင့်သုံးလိုက်ခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် အရေးကြီး တဲ့အချက်က ပုံသဏ္ဌာန်နောက်ကွယ် မှ အနှစ်သာရရှိပြီး အဓိပ္ပါယ်ပြည့်ဝ ရိုးသားတဲ့ လုပ်ဆောင်ချက်တွေ မြင်ရဖို့လိုပါတယ်” ဟု သုတဇော်က ပြောသည်။
“မြန်မာပြည်သူတွေရဲ့ ဒုက္ခပေါ်မှာ နိုင်ငံရေးအကျိုး အမြတ်ထုတ်ကြတဲ့ ကစားပွဲမဖြစ်ဖို့ အရေးကြီးပါတယ်”