
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ယနေ့ ( မေ ၂၁) နံနက်ပိုင်း ချုံခိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးကြောင်း ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force – CDF) က ပြောသည်။
ဖလမ်း-ကလေးကားလမ်းပေါ်မှ စစ်ကား ၂ စီးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“အောက်ပြည်ဘက်ကနေ ဟားခါးဘက်ကို စစ်ကူလာတဲ့ဟာကို ခုခံတာပါ။ မနက် ၈ နာရီဝန်းကျင်ကနေ စဖြစ်တာ။ စစ်တပ်ဘက်က အနည်းဆုံး ၆ ယောက်သေတယ်။ သူတို့ဘက်ကကား ချောက်ထဲကျတယ်”ဟု CDF ၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
သုံးနာရီနီးပါးကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း ဖလမ်းမြို့နယ် CDF မှ ၁ ဦး သေဆုံးကြောင်း သိရသည်။
CDF ကို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထို့အတူ စစ်ကောင်စီတပ်များ သိမ်းပိုက်ထားသည့် မင်းတပ်မြို့ ချီချောင်းနှင့် ပူကွန်းရွာအနီးတွင် ယနေ့မနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်များက ပစ်ခတ်နေသည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ၏ရန်ကြောင့် မင်းတပ်မြို့မှ အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရာ စစ်ဘေးရှောင်စခန်းများသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ဆောင်မည့် ကားများကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်များက ယနေ့ (မေ ၂၁) မနက်ပိုင်းတွင် တိုက်ခိုက်နေကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လက်နက်ကိုင်ချင်းတိုက်တာက အကြောင်းမဟုတ်ဘူး။ စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို ပို့မယ့် ရိက္ခာတွေ၊ ဆေးဝါးတွေကို စစ်ကောင်စီက တကူးတက လာပြီး လိုက်တိုက်ခိုက်နေတာကတော့ အတော်ကိုလူမဆန်တဲ့ လုပ်ရပ်ပဲ။ ရုပ်ဆိုးတာပေါ့။ အောက်တန်းကျတဲ့လုပ်ရပ်ပါပဲ” ဟု ၄င်းက ပြောသည်။
ပြီးခဲ့သည့် မေ ၁၅ ၌ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဟားခါးနှင့် တီးတိန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။
တီးတိန်မြို့တွင်လည်း မေ ၁၆ ညနေပိုင်း အပြန်အလှန်ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့သည်ဟု CDF က ဆိုသည်။
မေ ၁၈ ရက်နေ့က ဟားခါးတက္ကသိုလ်အနီး လုံခြုံရေးဂိတ်၊ ဟားခါးသာရ် ၆ လမ်းစုံနှင့် ဟားခါး – ဂန့်ဂေါလမ်းတို့တွင် အပြန်အလှန်ပစ်ခတ်ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရသည်။
ထို့နောက် မေ ၁၉ တွင်လည်း ဟားခါး – မတူပီလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်မှ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု CDF က ထုတ်ပြန်သည်။
ထိုသို့ စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရရှိသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောခွင့်ရ ပြန်ကြားရေးအရာရှိကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
စစ်ကောင်စီ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဟားခါးမြို့ ပူးပေါင်းစစ်ဆင်ရေးဂိတ်၊ ဟားခါးမြို့ နယ်မြေခံတပ်ရင်းနှင့် ကန်ပက်လက်မြို့မရဲစခန်းတို့ကို မေ ၁၇ ရက်ညပိုင်းက လက်နက်ကိုင်သောင်းကျန်းသူများက လက်နက်ငယ်၊ တူမီးသေနတ်များနှင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ အကျအဆုံးမရှိကြောင်း ဖော်ပြထားသည်။
တိုက်ပွဲ နှစ်ရက်ဆက်ဖြစ်ထားသည့် ဟားခါးမြို့နယ်တွင် စစ်တပ်က အိမ်စီးကားနှင့် ကုန်တင်ကားများ အသုံးပြုပြီး အရပ်သားအသွင်ယူကာ အင်အားဖြည့်တင်းခြင်းနှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်။
ဤအခြေအနေကြောင့် ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံတို့ကို မော်တော်ယာဉ်များတွင် မိုးကာများ မအုပ်ရန်၊ ကားမှန်များချပြီး မောင်းနှင်ရန်၊ ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း သွားလာခြင်း မပြုရန် သတိပေးချက် ထုတ်ပြန်ထားသည်။