စစ်ကိုင်းတိုင်းကို စစ်ရေးကွပ်ကဲသည့် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၃၀ ခန့်အကွာ ကနီမြို့ပေါ်တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ကို ယမန်နေ့ (အောက်တို ဘာလ ၈ ရက်နေ့) တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့်ရဲများ သေဆုံးမှုများရှိခဲ့ပြီး သေနတ် နှစ်လက် ရရှိ ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။
ကနီမြို့အတွင်း ကင်းလှည့်လာသည့် စစ်သားနှင့် ရဲအင်အား ၂၀ ခန့်ကို ကနီမြို့တောင်ပိုင်း အမှတ် (၃) ရပ်ကွက် တစ်နေရာတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲကျော်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပါဝင် တိုက်ခိုက်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သော ကနီမြို့နယ်၊ ကျောက်လုံးကြီး (KLG PDF) တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“သူတို့ ကင်းလှည့်တဲ့ အခြေအနေကို စောင့်ကြည့်ထားပြီး သေချာဝင်ပစ်တာပါ။ မစ်ရှင်က မိနစ် ၂၀ ကျော်လောက်ပဲကြာတယ်” ဟု KLG – PDF တာဝန်ရှိသူက ဆိုသည်။
စစ်ကော်မရှင် တပ်သား နှင့် ရဲ စုစုပေါင်း ခုနစ်ဦး သေဆုံးပြီး ၊ MA-1 တစ်လက်၊ MA-11 တစ်လက် နှင့် ကျည်အချို့လည်း သိမ်းဆည်းရရှိကြောင်း ကနီမြို့နယ်အခြေစိုက် ကျောက်လုံးကြီး (KLG PDF) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“မစ်ရှင်ပြီးတော့ မနေ့က သူတို့ ၆၀ မမ တွေနဲ့ ရမ်းသမ်းပြန်ပစ်တယ်။ ညတုန်းကလည်း ဒရုန်းတွေနဲ့ ကင်းထောက်နေတယ်ဗျ။ လက်နက်ကြီးပစ်တာကတော့ အထိအခိုက် မရှိပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် (9+) အဖွဲ့ဝင်၊ ဗျူဟာ (၄၅)စစ်ကြောင်း ကျောက်လုံးကြီး (KLG PDF ) နှင့် တဇယ်ချောင်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ ၊ ကျောက်လုံးကြီး KLG Drone Team တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကနီမြို့ပေါ်တွင် စစ် ၊ ရဲ နှင့် ပြည်သူ့စစ် ပူးပေါင်း အင်အား ၁၅၀ ဝန်းကျင်ခန့် အထိုင်ချတပ်စွဲထားပြီး မြို့ပေါ် ရပ်ကွက် သုံးခုတွင် ကင်းစခန်းများချထားကာ မြို့အစွန်နေရာများတွင် မကြာခဏ ကင်းလှည့် တတ်ကြောင်း ကနီမြို့ခံ တော်လှန်ရေးသမားတစ်ဦးကလည်း ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း တကျာ့ပြန် ဝင်လာသည့် စစ်တပ် စစ်ကြောင်းက စက်တင်ဘာလ ၃ ရက်နေ့တွင် ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းရှိ ချောင်းမကျေးရွာသို့ရောက်ရှိကာ အထိုင်ချခဲ့သည်။
ထို့နောက် မြို့နယ်တွင်းကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ခြင်း၊ ပြည်သူ့ပစ္စည်းများကို ယူဆောင်ခြင်း များအပြင် စက်တင်ဘာလ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တို့တွင် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကနီ နှင့် ယင်းမာပင်မြို့နယ်တွင် ၁၀ နှစ်အောက် ကလေး နှစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးကာ ၁၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။
ချောင်းမရွာတွင် အထိုင်ချနေသည့် ထိုစစ်ကြောင်းကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် တော်လှန်ရေး အဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ရာ အဆိုပါနေ့မှာပင် စစ်တပ်က ချောင်းမကျေးရွာမှ ကနီမြို့ပေါ်သို့ ပြန်ဆုတ် သွားခဲ့သည်။
ကနီမြို့သိမ်းတိုက်ပွဲအဖြစ် ၂၀၂၄ ခုနစ် မတ်လ ၂ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ၁၁ ရက်တာတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်း အများစုကို သိမ်းနိုင်ပြီး မြို့ကို ထိန်းချုပ်နိုင်သည့် အခြေအနေအထိ ရောက်ရှိသော်လည်း စစ်တပ်က မြေပြင်စစ်ကူအင်အား အများအပြားနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ ၁၂ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးကာ လက်နက်မျိုးစုံ ၁၁လက်၊ ဗုံးသီး ၅၀ ကျော်၊ ကျည် ၁၃၀၀ ကျော်၊ မီးကျည် ၂၀၊ ရှေ့ထွက်မိုင်း သုံး ခု၊ ကျည်ဘောက် ၂၀ ကျော်နှင့် Jammer နှစ်ခု သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ကနီမြို့သိမိးတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ပြီး ၊ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင်းရှိ ယင်းမာပင် ၊ပုလဲ ၊ ကနီ နှင့် ဆားလင်းကြီး လေးမြို့နယ်တွင် ကနီ နှင့် ပုလဲမြို့နယ်သည် စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးကြညာသည့် ၆၃ မြို့နယ်စာရင်းတွင် ပါဝင်သည်။



