သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွဲကို တရားရုံးချုပ် တောင်းယူ

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူသွားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့ထံမှ သိရသည်။

ယနေ့ (မေ ၂၀) နံနက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားသူကြီးတို့ အပြန်အလှန်ပြောဆိုခဲ့သည့် Video Conferencing ဖိုင်ကို ဖွင့်ပြစစ်ဆေးခဲ့သည်။

ထို့နောက် အမှုတွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်သာ စစ်ဆေးရန် တောင်းယူသွားခဲ့ပြီး ၎င်းအမှုကို လာမည့် ဇွန် ၃ ရက်သို့ ချိန်းဆိုထားကြောင်း ရှေ့နေအဖွဲ့ဝင် ဒေါ်စန်းမာလာညွန့်က ပြောသည်။

“အရှေ့ပိုင်းခရိုင်မှာ အမှု မရှိတော့ဘူး။ ပြည်ထောင်စုတရားလွှတ်တော်က အမှုတွဲဖော်တဲ့အတွက် သူ့ရုံးမှာ အမှုမရှိတဲ့အတွက် ဘာမှလုပ်လို့မရတဲ့အတွက် ကျွန်မတို့ကို ရုံးချိန်းပေးတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ရုံးချိန်းတွင် ၎င်း၏အမှုအတွက် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ၅ ဦးလုံးဖြင့် တွေ့ခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးများထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ်တောင်းဆိုနေသော်လည်း တွေ့ခွင့်မပေးသေးပေ။ 

ထိုသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုတောင်းယူရသည့် အကြောင်းရင်းကို လာမည့် ဇွန် ၃ ရုံးချိန်းတွင် သိနိုင်မည်ထင်ကြောင်း ဒေါ်စန်းမာလာညွန့်က ထပ်ပြောသည်။

“ဒီအမှုကို တစ်ခုခုထူးခြားတဲ့ဟာမျိုးကျရင် အဆင့်မြင့်ရုံးက တောင်းခေါ်ကြည့်ရှုတာရှိပါတယ်။ သူတို့က လုပ်ပိုင်ခွင့်ရှိတာပေါ့၊ အဆင့်မြင့်တရားရုံးဆိုတော့” ဟု ၎င်းက ပြောသည်။

ဇွန်လ ၃ ရက်နေ့ရုံးချိန်းကို အရှေ့ပိုင်းခရိုင်တရားရုံး၌ပင် ချိန်းဆိုထားပြီး မူလတရားရုံး၌ စစ်မည် မစစ်မည်ကို မသိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်နှင့်အတူ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ဧပြီလဆန်းတွင် တရားစွဲဆိုခံရခြင်းဖြစ်သည်။ 

ထိုအမှုတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာစက်မှုဒုဝန်ကြီး ဦးဆက်အောင်နှင့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း ပါဝင်သည်။

ပုဒ်မ ၃ (၁) (ဂ)တွင် “ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ရည်ရွယ်၍ သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍ သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက် သို့မဟုတ် ကင်းစကားဝှက်တစ်ခုခုကိုသော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ရပ်ရပ်ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းပြုလျှင်” အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းပုဒ်မဖြင့် စီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရန် ပြစ်မှုပြဋ္ဌာန်းထားသည်။ 

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ၅ မှု ၊ ရန်ကုန်တွင်တစ်မှု စုစုပေါင်း အမှု ၆ မှု ဖွင့်ထားခြင်း ဖြစ်သည်။

၎င်း၏ လုံခြုံရေးတပ်ဖွဲ့မှ သုံးစွဲသည့် စကားပြောစက်များ တရားမဝင်တင်သွင်းထားခြင်းဖြစ်၍ ပို့ကုန်သွင်းကုန်ဥပဒေ၊ ကိုဗစ်စည်းကမ်းများနှင့်မညီဘဲ ရွေးကောက်ပွဲမဲဆွယ်ရာတွင် ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီကတစ်မှု၊ ဦးညီညီဆိုသူကတစ်မှု၊ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှု၊ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေတို့ဖြစ်သည်။

Show More

Related Articles

Back to top button