သတင်း

စစ်တပ်က တောင်တွင်းကြီးသား ၆ ဦးကို ဖမ်းဆီးနှိပ်စက်၊ ၁ ဦး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို စစ်တပ်က ယမန်နေ့ (မေ ၁၉ ) တွင် ဖမ်းဆီးနှိပ်စက်ရာ နာရီပိုင်းအတွင်းမှာပင် သေဆုံးသွားသည်။ 

အသက် ၄၇ နှစ်အရွယ် ဦးခင်မောင်ကြည်အပါအဝင် ဒေသခံ ၆ ဦး ပုန်းခိုနေသော စည်သာကြီးကျေးရွာနှင့် ၃ မိုင်အကွာ ယာတောကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

“ရွာမှာ စစ်တပ်က တပ်စွဲထားတော့ အရင်လတွေတုန်းကတော့ ခပ်ဝေးဝေးမှာ သွားရှောင်နေတာ။ ခုတော့ မိုးသံ၊ လေသံလေး ကျလာတော့ လယ်သံယောဇဉ်၊ ယာသံယောဇဉ်ရှိတော့ စိုက်လို့ပျိုးလို့ရမလားဆိုပြီး ပြန်လာတာ။ အဲဒီမှာ ရောက်နေတာ ၆ ​ရက်လောက်ရှိပြီ။ ဒလန်သတင်းပေးရှိတော့ ညတည်းက လာဝိုင်းထားပြီး မနက်လင်းအားကြီးကျမှ ဝင်ဖမ်းသွားတာ” ဟု စည်သာကြီးကျေးရွာဒေသခံတစ်ဦးက ပြောသည်။

လက်ပြန်ကြိုးတုပ်ခံထားရသည့် ၎င်းတို့ကို စစ်တပ်က ရိုက်နှက်နှိပ်စက်ပြီးနောက် မနက် ၁၁ နာရီဝန်းကျင်တွင် တပ်စွဲထားသည့် စည်သာကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။ 

“ဟို(ယာတော)ကတည်းက သတိလစ်လာတာ။ အောက်ကိုတောင် မဆင်းနိုင်တော့လို့ (ဦးခင်မောင်ကြည်ကို) တွဲချရတယ်။ ခဏကြာတော့ အသက်ထွက်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စည်သာကြီးရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ဦးခင်မောင်ကြည်၏ ရုပ်အလောင်းကို ညနေ ၄ နာရီခန့်၌ တောင်တွင်းကြီးမြို့နယ် ရင်ခွဲရုံသို့ စစ်တပ်က ပို့လိုက်ပြီး ယနေ့ (မေ ၂၀) မနက်ပိုင်းတွင်မှ မိသားစုဝင်များက ရုပ်အလောင်း ပြန်ရခဲ့သည်။

ဦးခင်မောင်ကြည်၏ ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးပြီးနောက် မေ ၂၀ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

“ကြည့်လိုက်တော့ ရိုက်နှက်ထားတာတွေက ဖူးရောင်ညိုမည်းနေတာပဲ။ နံရိုးတွေလည်းကျိုး။ မျက်လုံးတွေလည်း ထိုးကြိတ်ထားတာ၊ ရုပ်မြင်တာနဲ့ကို ကြက်သီးထစရာကောင်းနေတယ်။ နှိပ်စက်တုန်းကလည်း ဗိုက်ကို ထင်းချောင်းလိုမျိုးနဲ့ ထိုးလိုက်တဲ့ဒဏ်ရာလည်းရှိတယ်” ဟု ဦးခင်မောင်ကြည်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

သားသမီး ၃ ဦး၏ ဖခင် ဦးခင်မောင်ကြည်၏ နာရေးအစီအစဉ်ကို ညနေပိုင်းတွင် စည်သာကြီးကျေးရွာသုသာန်၌ ပြုလုပ်ပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ဦးခင်မောင်ကြည်ကို စစ်တပ်က ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်တပ်က ကျန် ၅ ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။ 

တောင်တွင်းကြီးမြို့နှင့် ၁၂ မိုင်ခန့် အကွာအဝေးရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းသည့် ပတ်လည်ကြီး၊ ပျဉ်ချောင်းနှင့် စည်သာကြီး ရွာသုံးရွာတွင် စစ်တပ်က ဧပြီ ၉ တွင် ရွာအတွင်း ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ ဒေသခံထောင်ချီ တိမ်းရှောင်နေခဲ့ရသည်။

ယင်းစီးနင်းမှုတွင် စစ်တပ်က ဆန္ဒပြပွဲခေါင်းဆောင်နေအိမ်များကို ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၂ လုံးကို မီးရှို့ခဲ့သည်။ 

ထို့နောက် ဧပြီ ၁၂ တွင် ပတ်လည်ကြီးကျေးရွာစာသင်ကျောင်း၊ စည်သာကြီးကျေးရွာဘုန်းကြီးကျောင်း၊ ပျဉ်းချောင်းကျေးရွာ အထက်တန်းကျောင်းခွဲတို့၌ တပ်စွဲထားလိုက်သည်။

ဧပြီ ၉ စီးနင်းမှုကတည်းက တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို ဧပြီ ၁၃  ညနေ ၄ နာရီ နောက်ဆုံးထားပြီး မဖြစ်မနေပြန်လာရန် စစ်တပ်က ခြိမ်းခြောက်ခဲ့သောကြောင့် အများအပြား ပြန်လာခဲ့ကြရသည်။ ထိုစဉ်က ပြန်လာသည့်ထဲမှ ၂၆ ဦး အဖမ်းခံရသည်။ 

အိမ်ခြေ ၁,၃၀၀ ခန့်ရှိသော ၎င်းရွာသုံးရွာမှ ဒေသခံများသည် ဧပြီ ၉ မှ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

“ရွာတွေထဲမှာ သက်ကြီးဘိုးဘွားတွေနဲ့ အမျိုးသမီးတွေပဲ ကျန်တယ်။ အမျိုးသားတွေက မပြန်ရဲဘူး။ တပ်စွဲကတည်းက ပြေးနေရတာ တစ်လလောက်ရှိပြီ။ အသက် ၁၀ နှစ်အထက်လောက်ကနေ စပြီးတော့ကို အကုန်ပြေးနေရတာ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ပျဉ်းချောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ 

မိုးဦးကျအမီ ထွန်ယက်စိုက်ပျိုးလိုသော်လည်း စစ်တပ်က တပ်စွဲထားဆဲဖြစ်သည့်အတွက် တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် အဖွဲ့ခွဲဝင်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ မှစ၍ ဖမ်းဆီးခဲ့ပြီး မတ် ၁၇ နံနက်တွင် မြို့နယ်အဆင့်အဖွဲ့ခွဲဝင်များကို ပြန်လွှတ်ပေးခဲ့သည်။ 

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် မြို့အသီးသီးမှ ကော်မရှင်အရာရှိအများအပြား ထိန်းသိမ်းခံနေရသည်။ အဖမ်းမခံရသူများထဲမှ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၃ ၌ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး အသက် ၅၃ နှစ်အရွယ် ဦးတင်မောင်စန်းသည် တိုင်းကော်မရှင်ရုံးက ခေါ်ယူ၍ သွားရောက်ခဲ့ရာ လှေကားမှ ပြုတ်ကျသေဆုံးကြောင်း မိသားစုဝင်များကို အကြောင်းကြားခဲ့သည်။ ၎င်းသည် ထိန်းသိမ်းခံရရာမှ ပြန်လွတ်လာသူဖြစ်ပြီး နံရိုး ၆ ချောင်းကျိုးကာ ဦးခေါင်းတွင် ဒဏ်ရာများရရှိထားသည်ဟု သတင်းများတွင် ဖော်ပြထားသည်။ 

Show More

Related Articles

Back to top button