ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်တပ်က ဘုန်းကြီးတစ်ပါးနှင့် အရပ်သား သုံးဦးကို ပစ်သတ်ခဲ့သည်၊ ထိုသူများထဲမှ တစ်ဦးကို မုဒိမ်းကျင့်ခဲ့သေးသည်ဟု ဒေသခံ သတင်းရင်းမြစ်များက စက်တင်ဘာ ၂၆ ရက်နေ့တွင် ပြောသည်။
မြို့အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာရှိ နားအိုက်ခန့်ကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦး၊ သူ၏ ကလေးနှစ်ဦး၊ သက်တော် ၃၀ အရွယ် ဘုန်းကြီးတစ်ပါးတို့၏ ရုပ်အလောင်းများကို စက်တင်ဘာ ၂၅ ရက်နေ့တွင် မြို့နယ်ဒေသခံတို့က တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လွတ်လပ်သော စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် ရှမ်းကျောင်းသားများသမဂ္ဂ (Tai Student Union) က မျက်မြင်သက်သေများကို ကိုးကား၍ ပြောသည်။
“အသက် ၄၈ နှစ်အရွယ် အမျိုးသမီးနဲ့ သူ့ရဲ့ ကလေးနှစ်ယောက်ကို စစ်သားတွေက ပစ်သတ်သွားတာပါ။ သားဖြစ်သူက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ အသက် ၁၆ နှစ်အရွယ် အစ်မဖြစ်သူကတော့ အသတ်မခံရခင်မှာ မုဒိမ်းကျင့်ခံခဲ့ရပါတယ်” ဟု သမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မိန်းကလေးရဲ့ အလောင်းကို ခါးအောက်ပိုင်း ဗလာကျင်းနဲ့ တွေ့ရပါတယ်။ ရုန်းကန်ထားတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ရပြီး အဲဒီနေရာမှာ စစ်ယူနီဖောင်းတစ်ထည်ကိုလည်း တွေ့ရပါတယ်”
ရွာစပ်ရှိ ယာယီတဲတစ်ခုတွင် ခိုလှုံနေထိုင်သည့် ထိုမိသားစု စစ်တပ်နှင့် ရင်ဆိုင်လိုက်ရသည်ကို မျက်မြင်သက်သေများက မြင်တွေ့ခဲ့သည်။ မိသားစုက ဖခင်ဖြစ်သူ ပြန်လာမည်ကို စောင့်ဆိုင်းနေဟန်ရှိသည်ဟု သိရကြောင်း အဆိုပါအဖွဲ့က ပြောသည်။
ကျောက်မဲနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြားမြို့များကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့ပြီး စစ်တပ်က ထိုနေရာကို ပြန်သိမ်းနိုင်ရန် တန်ပြန်ထိုးစစ်ဆင်နေသည်။
နားအိုက်ခန့်ရွာသည် မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် စခန်းသာရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။
အနီးအနားမှ တိုက်ပွဲများ မိမိတို့ရွာသို့ ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် ရွာသားအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း အချို့မှာမူ သူတို့၏ ပစ္စည်းဥစ္စာများကို သူခိုး၊ ဓားပြများရန်မှ ကာကွယ်နိုင်ရေးအတွက် ရွာအနီး တောင်ယာတဲများတွင် ခိုလှုံနေခဲ့ကြသည်။
“လေဖြတ်နေတဲ့ သက်ကြီးဘုန်းကြီးတစ်ပါးကို ပြုစုဖို့ ကျန်နေခဲ့တဲ့ သက်တော် ၃၀ အရွယ် ဘုန်းကြီးကို သူတို့က အရင်ဆုံး ပစ်သတ်ခဲ့တယ်” ဟု ရှမ်းကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်က ပြောသည်။
“ပြီးတော့ သူတို့က ရွာသားတစ်ယောက်ကို အသက်ချမ်းသာပေးမယ်လို့ ပြောပြီး တခြားရွာသားတွေ ပုန်းခိုနေတဲ့ နေရာတွေ လိုက်ပြခိုင်းခဲ့ပါတယ်”
စက်တင်ဘာ ၂၅ ရက်နေ့တွင် စစ်တပ် ဆုတ်ခွာသွားပြီးနောက် ရွာသားများ ပြန်ဝင်လာကာ ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ခဲ့ကြောင်း ထိုရွာရှိ သတင်းရင်းမြစ်များက ပြောသည်။
သတ်ဖြတ်မှုများ မဖြစ်ပွားမီ သုံးရက်အလိုကလည်း တောင်ဘက် ခုနစ်မိုင်ခန့်အကွာရှိ ပင်ပေါကျေးရွာတွင် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယခုလအတွင်း စစ်တပ်က TNLA ထိန်းချုပ်နယ်မြေများပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့သည်၊ ဗုံးကြဲတိုက်ခိုက်မှုအများစုမှာ ကျောက်မဲနှင့် သီပေါမြို့နယ်များတွင် အဓိကဖြစ်ပွားခဲ့သည်။
ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (Shan Human Rights Foundation) စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အဆိုအရ ဩဂုတ်လမှစ၍ ကျောက်မဲမြို့နယ်အတွင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၂၉ ဦးခန့် သေဆုံးခဲ့သည်။
ကျောက်မဲမြို့နယ်တောင်ပိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၉,၀၀၀ ခန့်ရှိနေကြောင်း၊ စားနပ်ရိက္ခာ မလုံလောက်ကြောင်း ဒေသခံ လူမှုကူညီရေးစေတနာ့ဝန်ထမ်းများက ပြောသည်။
“တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ကြားထဲမှာ တချို့ရွာသားတွေက ပိတ်မိနေတယ်၊ ပုန်းနေရတယ်၊ တစ်ယောက်ချင်းစီ လိုက်ကယ်ထုတ်နိုင်ဖို့ ကျွန်တော်တို့မှာ အခြေအနေမပေးဘူး” ဟု စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။



