
မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့အကြား မအောင်မြင်သည့် ၁၀ရက်ကြာ ညှိနှိုင်းမှုအပြီး တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်လာရာ စစ်တပ်က အဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရထားသည်ဟု ဒေသခံအချို့က အတည်ပြုသည်။
မင်းတပ်မြို့ အရှေ့ဘက် ၃ မိုင်အကွာရှိ ထင်ချောင်းလမ်းခွဲအနီးတွင် ပခုက္ကူဘက်မှ စစ်ကူတက်လာသည့် စစ်ကား ၅ စီးကို ယနေ့ (မေ ၁၃) မနက် ၆ နာရီခွဲဝန်းကျင်၌ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်သဖြင့် ကားများ ရှေ့မဆက်နိုင်ဘဲ အပြန်အလှန်ပစ်ခတ်မှုများ မွန်းလွဲပိုင်းအထိရှိနေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ တပ်များက ပခုံးထမ်းလောင်ချာများအပါအဝင် မင်းတပ်မြို့နှင့် ၁၈ မိုင်အကွာတွင်ရှိသော ကျောက်ထုမြို့ အမြောက်တပ်စခန်းမှ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေသည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သူတို့ဘက်က အာပီဂျီတို့၊ ဟောင်ဝဇ္ဇာ (howitzer) တို့နဲ့ ဖြစ်နိုင်တယ်။ တော်တော်ကြီးကို ကျယ်ကျယ်ကြားရတယ်။ ဒါပေမယ့် အဲဒီထက်ကို အရမ်းအရမ်းကို (အသံ)ကျယ်ပြီးမှ ပတ်ဝန်းကျင်မှာ လေယာဉ်ပျံသွားသလိုမျိုး လိုဏ်သံတွေပါတယ်။ အကျယ်ကြီး၊ အဝေးကြီးတွေ ကြားရတော့ ကျောက်ထုဘက်က ပစ်တာလို့ ခွဲလို့ (ခန့်မှန်းလို့) ရတာပေါ့”ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်းမှ လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် အသံများမှာ မင်းတပ်မြို့ပတ်ဝန်းကျင် ၂ မိုင်ဝန်းကျင်အကွာမှပင် ကျယ်လောင်စွာ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။
ယနေ့ (မေ ၁၃) မွန်းလွဲပိုင်းအထိ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားပြီး အများစုမှာ ခေါင်း၊ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် လက်နက်ကြီးထိမှန် ဒဏ်ရာများဖြစ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် မောင်ထန်းဟုန်းထန်းသည် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုအပြီး ဒဏ်ရာရ သေဆုံးခဲ့သည်။

မင်းတပ်မြို့ အရှေ့ဘက်တွင် ထိုသို့ တိုက်ပွဲများပြင်းထန်နေချိန်တွင် မင်းတပ်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးတွင်လည်း ယနေ့နေ့လယ် ၂ နာရီ ဝန်းကျင်မှစ၍ ဒေသခံတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားနေသည်။
ရိုးရာလက်လုပ် တူမီးသေနတ်များ၊ နှစ်လုံးပြူးသေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ခုခံနေသော မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက လက်နက်ကြီးပါသုံး၍ အလုံးအရင်းဖြင့် ပစ်ခတ်နေသဖြင့် အင်အားမမျှဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။
“ကျန်တဲ့မြို့တွေပါ ထကြွပြီး သူတို့ရဲ့အင်အားကို ခွဲဖို့ပေါ့။ (စစ်တပ်က) နောက်ထပ် စစ်ကူတွေ လာမယ်လို့လည်း ကျွန်တော်တို့ကြားနေတယ်။ အဲဒါကို ဖြတ်တိုက်ဖို့၊ လမ်းမှာ ခုခံတားဆီးပေးဖို့၊ ကျန်တဲ့ဒေသတွေပေါ့။ ယောဒေသမြို့တွေကပါ အဲလိုမျိုးလုပ်ပေးနိုင်ရင် စစ်ကောင်စီကို တိုက်ထုတ်နိုင်မှာပေါ့” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မင်းတပ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရန် ဒေသခံများ၏ တောင်းဆိုမှုကို စစ်ကောင်စီက လိုက်လျောခြင်းမရှိသည့် ဧပြီလကုန်ပိုင်းကတည်းက တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်သည်။
လေးရက်ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ သေဆုံးမှုမရှိသော်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင် ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကာ စစ်တပ်က အထိနာခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့သည်ဟု ဒေသခံတို့က ပြောထားသည်။
ထို့နောက် ဖမ်းဆီးခံထားရသူ ဒေသခံငါးဦးကို မေလ ၁၂ ရက်နေ့ (ယမန်နေ့) မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားပြီး ပြန်လွှတ်ပေးရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်က တောင်းဆိုခဲ့သည်။
စစ်ကောင်စီကမူ ဖမ်းဆီးထားသူ ငါးဦးအနက် လေးဦးကို ပြန်လွှတ်ပေးမည်ဖြစ်သော်လည်း မတူပီမြို့ဘက်မှ လာမည့် စစ်ကား ၁၇ စီးကို မင်းတပ်မြို့တွင်းမှ ဖြတ်သန်းခွင့်ပြုရမည်ဟု တောင်းဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် စစ်ကောင်စီတို့အကြား ၁၀ ရက်ကျော်ကြာ ဆွေးနွေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီးနောက် ယမန်နေ့ (မေ ၁၂) ည ၇နာရီမှစ၍ မင်းတပ်မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ တစ်ကျော့ပြန်ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယမန်နေ့၌ ပြန်လည်စတင်ခဲ့သည့် မင်းတပ်မြို့တိုက်ပွဲများနှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိသေးပေ။