အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပြန်ပေးဆွဲမှုများ

နွေဦးတော်လှန်ရေးတွင်ပါဝင်သူတို့၏ မိသားစုဝင်များအား ဓားစာခံအဖြစ် လိုက်လံဖမ်းဆီးမှုကို စစ်ကောင်စီက ဆက်တိုက်ကျူးလွန်လျက်ရှိသည်။ 

ယင်းအမှုများအနက် ပဲခူးတိုင်း ပဲခူးမြို့နှင့် ပြည်မြို့တွင် မိသားစု ၃ စု၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် မိသားစု ၁ စု၊ မ​ကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် မိသားစုတစ်စုနှင့် ရှမ်းပြည်နယ်ရှိ မိသားစုတစ်စုတို့အပေါ် အာဏာသိမ်းစစ်​ကောင်စီက ကျူးလွန်ခဲ့သည့် ဓားစာခံဖမ်းဆီးမှုများကို Myanmar Now က အတည်ပြုနိုင်သည်။

အမှုဖွင့်ခံရသော ပွင့်ဖြူမှ ဓားစာခံ

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းကို ဖမ်းဆီးရန် အာဏာသိမ်းစစ်ကောင်စီက ရှာ​ဖွေရာ မတွေ့သဖြင့် ဇနီးဖြစ်သူကို ဧပြီ ၂၇ ရက်တွင် ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးထွန်းထွန်းသည် ၂၀၂၀ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခြင်း မရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကူညီ​ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌လည်း ဦးဆောင်ပါဝင်ခဲ့သည်။  

စစ်​ကောင်စီက မတ်လ ၉ရက်တွင် ဦးထွန်းထွန်းကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် မတ်လ ၂၂  တွင် ပွင့်ဖြူမြို့နယ် မယ်ဇလီရွာရှိ နေအိမ်သို့ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု ကြိုတင်တိမ်းရှောင်နေသည့် ဦးထွန်းထွန်းက ပြောသည်။

ထို့နောက် ဧပြီ ၂၇ တွင် စစ်ကောင်စီတပ်များ နေအိမ်သို့ ထပ်မံ လာရောက်ရှာဖွေရာတွင် ဦးထွန်းထွန်းကို မတွေ့သဖြင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွားသည်။

“ရှာတော့ အမျိုးသမီးနဲ့ သားက တခြားအိမ်ကို တိမ်းရှောင်တယ်။ တိမ်းရှောင်တော့ ဒလန်တွေက ဒေါ်ကေသီမိုးတိမ်းရှောင်တဲ့ အိမ်ကို လက်ညှိုးထိုးပြတော့ ပါသွားတယ်”ဟု ဦးထွန်းထွန်းက ပြောသည်။

​ဒေါ်​ကေသီမိုးအပြင် တူမဖြစ်သူ ဆရာမတစ်ဦးနှင့် တူတစ်ဦးတို့ကိုပါ ထိုနေ့က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ညနေတွင်မှ ပြန်လွှတ်ပေးခဲ့သည်။ ဒေါ်ကေသီမိုးကိုမူ ဦးထွန်းထွန်းရှိသည့်နေရာကို မေးမြန်းကြောင်း၊ ဦးထွန်းထွန်း လာ​ရောက်အဖမ်းခံပါက ပြန်လွှတ်ပေးမည်ဟု စစ်ကောင်စီက ကမ်းလှမ်းခဲ့​သေးသည်။ ဖမ်းဆီးခံရပြီး သုံးရက်အကြာ ဧပြီ ၃၀တွင် မယ်ဇလီကျေးရွာအုပ်စု စစ်ကောင်စီဥက္ကဋ္ဌက တရားလိုလုပ်၍ ဒေါ်ကေသီမိုးကို ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့သည်။

“အမျိုးသမီးကို ဓားစာခံနဲ့ ခေါ်ထားတာ။ မသက်ဆိုင်တဲ့သူကိုလည်း ဖမ်းတယ်၊ ပြီးတော့ ဦးထွန်းထွန်းမလာလို့ ဒေါ်ကေသီမိုးကို မရရအောင် ၅၀၅(က)ဖွင့်တယ်ဆိုတာ ဒါကတော့ မတရားကို ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်တာပေါ့”ဟု ဦးထွန်းထွန်းက ပြောသည်။

ပဲခူးနှင့် ပြည်မြို့မှ ဓားစာခံများ

ပဲခူးမြို့တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့်အထဲတွင် စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ မဂ္ဂတစ်လမ်းခံတပ်အနီးရပ်ကွက်နေ မိသားစုများပါဝင်ခဲ့သည်။ 

ဆိုရှယ်လစ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး၊ ပုဏ္ဏားစုရပ်ကွက်နေ အမျိုးသမီးနှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

အထက်ပါ အမျိုးသမီးသုံးဦးတွင် တစ်ဦးမှာ စစ်ကောင်စီအလိုရှိသည့် သားဖြစ်သူကို နေအိမ်တွင်မတွေ့၍ ဓားစာခံအဖြစ် အဖမ်းခံရခြင်းဖြစ်သည်။

အခြားအမျိုးသမီးနှစ်ဦးမှာ ခင်ပွန်းနှင့် သားဖြစ်သူတို့ကို စစ်သားနှင့် ရဲတို့ လာရောက်ရှာဖွေစဉ် မတွေ့သဖြင့် နေအိမ်တွင်ရှိနေသည့် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

အထက်ပါအမျိုးသမီးသုံးဦးစလုံးသည် ဧပြီ ၁၉ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ကာ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်သွားကာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းမှုများကို ခံခဲ့ကြရသည်ဟု ကာယကံရှင်များ၏ မိသားစုဝင်အချို့ကပြောသည်။ 

“ကျွန်တော့်မိန်းမနဲ့ သမီးကို ငါးရက်ဆက်တိုက်စစ်ဆေးတယ်။ ဖုန်းတွေသိမ်းပြီး Contact ထဲရှိတဲ့ ဖုန်းနံပါတ်တွေ လိုက်ဆက်တယ်။ ပြီးတော့ ခင်ဗျားယောက်ျား ဘယ်မှာရှောင်နေတယ်ဆိုတာ သိလားဆိုပြီး ခဏခဏစစ်မေးတယ်လို့ ပြန်သိရတယ်”ဟု ဇနီးနှင့် သမီးတို့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

လိုချင်သည့် အဖြေမရသည့်နောက် ဧပြီ ၂၃ တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ သို့သော် သားဖြစ်သူ နေအိမ်၌ မတွေ့၍ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဆိုရှယ်လစ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးမှာ ယနေ့တိုင် ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း အထက်ပါအမျိုးသားက အတည်ပြုသည်။

ပြည်မြို့တွင် ပေါ်ပေါက်ခဲ့သည့် ဓားစာခံဖမ်းဆီးခံရမှုဖြစ်စဉ်မှာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် လူဦးငယ်တစ်ဦးကို ဖမ်းမမိသဖြင့် မိခင်နှင့် ညီဖြစ်သူတို့ကို စစ်ကောင်စီတပ်က ဧပြီ ၁၆ က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့အလိုရှိနေသည့် လူငယ်မှာ ဖောက်ခွဲရေးပစ္စည်းပြုလုပ်သူဟု စွပ်စွဲထားကာ  ကာယကံရှင်ကို မတွေ့၍ ဓားစာခံအဖြစ် ဖမ်းသွားသည့် မိခင်နှင့် ညီဖြစ်သူတို့ကို ယနေ့တိုင် ပြန်မလွှတ်သေးဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

ရှမ်းပြည်နယ်မှ ဓားစာခံ

နွေဦးတော်လှန်ရေးနှင့် ဆက်နွှယ်ပြီး ဓားစာခံအဖြစ် မတရားဖမ်းဆီးခံရသူများတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လုံခြုံရေးအရ နာမည်ဖော်ပြနိုင်ခြင်းမရှိသည့် နယ်မြို့လေးတစ်မြို့မှ ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးလည်း ပါဝင်သည်။ မတ်လ ၂၇ ရက်က နေအိမ်၌ရှိနေစဉ် စစ်ကောင်စီက အလိုရှိနေသော ခင်ပွန်းသည်ကို မတွေ့ရှိသောကြောင့် ဓားစာခံအဖြစ် ဖမ်းခံရခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသူမိသားစုသည် လူမှုရေးလုပ်ငန်းများလုပ်ကိုင်ပြီး ၎င်းတို့နေထိုင်ရာ နယ်မြို့လေးတွင် လူသိများသူများဖြစ်သည်။ ထို့အပြင် ဖမ်းဆီးခံအမျိုးသမီး၏ ခင်ပွန်းမှာ NLD အစိုးရလက်ထက် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ကာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတာဝန် ဆက်လက်ထမ်းဆောင်ရန် ကမ်းလှမ်းမှုကို လက်သင့်မခံခဲ့သူဖြစ်သည်။

ထို့နောက် နွေဦးတော်လှန်ရေးဆန္ဒပြသပိတ်စစ်ကြောင်းတွင် ပါဝင်သည့် လူငယ်များထံ နှာခေါင်းစည်းများ ဝေငှခြင်းကြောင့် လူစုလူဝေးဖြစ်သည်ဆိုကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။ ထို့ကြောင့် ရှောင်တိမ်းနေစဉ် နေအိမ်၌ ဆက်လက်နေထိုင်ခဲ့သည့် ဇနီးဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

ဇနီးသည်ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရကြောင်း တိမ်းရှောင်နေရသည့် ၎င်း၏အမျိုးသားက ပြောသည်။ 

ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားသူ CDM ဝန်ထမ်းများအပါအဝင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအပေါ် ဓားစာခံအဖြစ် မတရားဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏လုပ်ရပ်မှာ ဥပဒေမဲ့ပြုမူခြင်းသာဖြစ်ပြီး သိက္ခာမဲ့သည့်လုပ်ရပ်ဖြစ်သည်ဟု အထက်ပါ အမျိုးသားက မှတ်ချက်ပေးသည်။

ထိုသို့သောဖြစ်စဉ်များအပေါ် ဥပဒေကြောင်းအရ ကြည့်မည်ဆိုလျှင် အမှန်တကယ်အလိုရှိသူကို ဖမ်းဆီးရမိပြီးနောက် စစ်ဆေးပေါ်ပေါက်ချက်အပေါ်မူတည်ကာ ဝန်းရံကူညီသူတို့ကို ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်းများသာ ပြုလုပ်ခွင့်ရှိသဖြင့် စစ်ကောင်စီတပ်သားများ၏ အထက်ပါ ထင်ရာစိုင်းလုပ်ရပ်များမှာ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ဥပဒေအကြံပေးတစ်ဦးက မှတ်ချက်ပေးသည်။

ပြည်သူများ လက်ရှိရင်ဆိုင်နေရသော ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံရမှုများမှာ ၁၉၆၂ နောက်ပိုင်း ၁၉၈၈ မှ ၁၉၉၇ ခုနှစ်ဝန်းကျင်အထိ ဖြစ်စဉ်များနှင့် ဆင်တူနေသည်ဟု ဥပဒေပညာရှင်အချို့က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မေ ၁၀ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁မှစ၍ စစ်ကောင်စီက ပြည်သူ ၃၈၄၃ ဦးကို ဖမ်းဆီးထားပြီး ၈၆ ဦးကို ထောင်ဒဏ်ချမှတ်ထားပြီးဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ရေးမှာ အရပ်ဘက်အဖွဲ့များ၊ သတင်းဌာနများကိုယ်တိုင် ရန်ပြုခံနေရသဖြင့် ဖြစ်ရပ်များကို မှတ်တမ်းတင်ရန် ခက်ခဲနေသည်။

စစ်ကောင်စီကမူ ဆူပူအကြမ်းဖက်သူတို့ကိုသာ ဥပဒေအရအရေးယူခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အသက် ၆၅ နှစ်ပြည့်ခါနီး ပင်စင်ယူရတော့မည့်အချိန်တွင် အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။ နိုင်ငံအတွက် အရေးပေါ်အခြေအနေဖြစ်နေသည်ဟုဆိုကာ ပင်စင်မယူဘဲ ရာထူးတွင် ဆက်လက်ရှိနေဦးမည်ဟု အများက ယူဆကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button