အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဇနီးဖြစ်သူကို ပြန်လွှတ်ရန် ပွင့်ဖြူ NLD အမတ်ဟောင်း တောင်းဆို

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းက အာဏာသိမ်းစစ်ကောင်စီသည် သူ့ကို ဖမ်းဆီးနိုင်ခြင်း မရှိ၍ ဇနီးဖြစ်သူကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်သည်ဟု Myanmar Now ကို ပြောသည်။

စစ်​ကောင်စီက မတ်လ ၉ရက်နေ့တွင် သူ့ကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၂ ရက်နေ့တွင်  ပွင့်ဖြူမြို့နယ် မယ်ဇလီရွာရှိ နေအိမ်သို့ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ တိမ်းရှောင်လိုက်ကြောင်း၊ ဧပြီ ၂၇ရက်တွင်လည်း နေအိမ်သို့ ထပ်မံလာရောက်ရှာဖွေခဲ့သည်ဟု သိရကြောင်း ဦးထွန်းထွန်းက ပြောသည်။  

“ရှာတော့ အမျိုးသမီးနဲ့ သားက တခြားအိမ်ကို တိမ်းရှောင်တယ်။ တိမ်းရှောင်တော့ ဒလန်တွေက ဦးထွန်းထွန်းအမျိုးသမီး ဒေါ်ကေသီမိုးတိမ်းရှောင်တဲ့ အိမ်ကို လက်ညှိုးထိုးပြတော့ ပါသွားတယ်”ဟု သူက ပြောသည်။

တူမဖြစ်သူ ဆရာမတစ်ဦးနှင့် တူတစ်ဦးကိုပါ ထိုနေ့က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ညနေတွင် ပြန်လွှတ်‌ပေးခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်ကေသီမိုးကိုမူ ဦးထွန်းထွန်းရှိသည့်နေရာကို မေးမြန်းကြောင်း၊ ဦးထွန်းထွန်း လာ​ရောက်အဖမ်းခံပါက ပြန်လွှတ်ပေးမည်ဟု ပြောကြောင်း သိရသည်။

မဆိုင်သည့်သူကို ဓားစာခံအဖြစ် ခေါ်ဆောင်မထားသင့်ကြောင်း သက်ဆိုင်ရာသို့ ဆက်သွယ်ပြီး ပြောခဲ့သော်လည်း ဧပြီ ၃၀ရက် ညနေတွင် စစ်ကောင်စီ၏ ကျေးရွာအုပ်စုကောင်စီဥက္ကဋ္ဌက ဒေါ်ကေသီမိုးကို အမှုဖွင့်လိုက်ကြောင် ဦးထွန်းထွန်းက ပြောပြသည်။

“အမျိုးသမီးကို ဓားစာခံနဲ့ ခေါ်ထားတာ။ ခေါ်ရင်းနဲ့ မနေ့က ညနေမှာ သူ့ကို ၅၀၅(က)နဲ့ အမှုဖွင့်ပြီး အချုပ်ကို တင်လိုက်ပြီ။ မသက်ဆိုင်တဲ့သူကိုလည်း ဖမ်းတယ်၊ ပြီးတော့ ဦးထွန်းထွန်းမလာလို့ ဒေါ်ကေသီမိုးကို မရရအောင် ၅၀၅(က)ဖွင့်တယ်ဆိုတာ ဒါကတော့ မတရားကို ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်တာပေါ့”ဟု ဦးထွန်းထွန်းက ပြောသည်။

ဦးထွန်းထွန်း၏ ပြောဆိုမှု၊ ဒေါ်ကေသီမိုး၏ လက်ရှိအခြေအနေတို့နှင့် ပတ်သက်ပြီး ပွင့်ဖြူမြို့နယ်ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရသေးပေ။

ဦးထွန်းထွန်းသည် ၂၀၂၀ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခြင်း မရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအောင်နိုင်ရေးတွင် ကူညီ​ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကိုလည်း ဦးဆောင်ပါဝင်ခဲ့သည်။  

ပွင့်ဖြူမြို့နယ်တွင် ဦးထွန်းထွန်းအပြင် ဆန္ဒပြပွဲ ဦးဆောင်သူအချို့အပါအဝင် လူပုဂ္ဂိုလ် ၁၃ဦးထက်မနည်းကို ၅၀၅(က)ဖြင့် အမှုဖွင့်ထား‌သည်။

ဒေသတချို့တွင်လည်း အာဏာသိမ်းစစ်​ကောင်စီက ၎င်းတို့ ဖမ်းဆီးလိုသူကို မရရှိပါက မိသားစုဝင်များကို ဓားစာခံအဖြစ် ခေါ်ဆောင်လျက်ရှိသည်။

 နေ့ရောညပါ ဖမ်းဆီးနှိပ်စက်မှုများရှိနေလင့်ကစား ဒေသအသီးသီးမှ ပြည်သူတို့က အာဏာသိမ်းစစ်ကောင်စီကို နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်နေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button