
စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြချီတက်နေသော မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်းသည် ယနေ့ (မေ ၁၂) နံနက် စတင်ထွက်ခွာနေချိန်မှာပင် စစ်တပ်နှင့် ရဲက ဝင်ရောက်ဖြိုခွင်းရာ ၃၀ ကျော် အဖမ်းခံရသည်ဟု ချီတက်ရာတွင် ပါဝင်သူများက ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၈ လမ်း (၇၂ နှင့် ၇၃ ကြား) တွင် စစ်တပ်နှင့် ရဲက အိမ်စီးကား၊ ဆိုင်ကယ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ကျွန်တော် ရှေ့တည့်တည့်က လာပစ်တော့ အသက်လုပြေးရတယ်။ လူကတော့ လွတ်ခဲ့တယ်။ ဆိုင်ကယ်အသစ်လေး ပါသွားတယ်”ဟု သပိတ်စစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ပြောသည်။
အနီးအနားရှိ ငွေတော်ကြည်ကုန်း ပျံကျဈေးတွင် ရပ်နားထားသော ဆိုင်ကယ်များအပါအဝင် အစီး ၆၀ ကျော်ကို ကုန်ကားကြီး ၅ စီးဖြင့် လုယက်ယူငင်သွားကြသည်။
“ဆန္ဒပြသူမဟုတ်တဲ့ စျေးထဲကဆိုင်ကယ်တွေကိုပါ ခိုးယူနေတာ။ အခု တစ်ရပ်ကွက်လုံးကို ပိတ်ပြီး စစ်နေတယ်။ အင်အားအများကြီးပဲ”ဟု ၎င်းလူငယ်က ဆိုသည်။
တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှ ပညာရေးဝန်ထမ်းဆရာမတချို့ ရိုက်နှက်ဖမ်းဆီးခံရသည်ဟုလည်း မြို့ခံများက ပြောသည်။
အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ အများအပြားရှိနိုင်ပြီး အဖမ်းခံရသူ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ရန် Myanmar Now က ကြိုးစားနေသည်။
ပြီးခဲ့သည့် မေ ၂ ကလည်း မြတောင်သပိတ်စစ်ကြောင်း ချီတက်ရန် ပြင်ဆင်နေစဉ် လူစုခွဲခံရပြီး အရပ်သား ၄ ဦး အဖမ်းခံရကာ ထိုစဉ်ကလည်း ပြည်သူများ၏ ဆိုင်ကယ် ၇ စီးကိုပါ ယူဆောင်သွားခဲ့ကြသည်။
မန္တလေးဆန္ဒပြမှုအခြေအနေနှင့် ဆိုင်ကယ်များလုယက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
မန္တလေးတွင် ဒေါင်းစစ်သည်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ပညာရေး၊ အလုပ်သမား၊ လယ်သမား၊ မန္တလေးတက္ကသိုလ်၊ ဘုရားကြီး၊ အထက(၇)ကျောင်းသားများ၊ စိန်ပန်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ တပ်ပေါင်းစုသပိတ်စစ်ကြောင်းအဖြစ် နေ့စဉ် ဆန္ဒပြချီတက်နေကြသည်။