ကရင်နီ(ကယား)ပြည်နယ်တခုလုံးမှာ လယ်ယာစိုက်ပျိုးရေးကို အားထားလုပ်ကိုင်နေကြတဲ့ ဒေသခံ ပြည်သူတွေဟာ အခုဆို သူတို့ရဲ့ ပျိုးခင်းတွေ၊ ရိတ်သိမ်းရမယ့် လယ်တွေထားပြီး စစ်ဘေးရှောင်နေရပါတယ်။
စစ်ကော်မရှင်လို့ နာမည်ပြောင်းထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ အများပြည်သူ အသုံးပြုနေတဲ့ ဖယ်ခုံ – လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးအပြင် လမ်မကြီးနဲ့ ၁၀ မိုင်ဝန်းကျင်က ကျေးရွာချင်းဆက် လမ်းပိုင်းတွေအထိ ထိုးဖောက် ဝင်လာတာကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀ ရွာ နီးပါး ကပြည်သူတွေဟာ တိုက်ပွဲနဲ့ဝေးရာကို အရေးပေါ်တိမ်းရှောင်နေကြရတာပါ။
ဒီလို အခြေအနေမှာ လယ်စိုက်ပျိုးရေးအဓိက ပြုလုပ်ကြတဲ့ နန်းမယ်ခုံမြို့နယ်ထဲက ဆင်တောင်၊ ဘုရားဖြူ၊ မြို့မကယန်း၊ နှမ်းပြည့်နဲ့ အိုကေကျေးရွာအုပ်စုက ပြည်သူတွေရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်ခဲ့တာကြောင့် ကရင်နီပြည်နယ်ရဲ့ စားနပ်ရိက္ခာ အခက်အခဲစိန်ခေါ်မှု ဖြစ်လာစေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ကရင်နီမှာ စားနပ်ရိက္ခာဖြတ်တောက်ရေးအတွက် စစ်တပ်က အရှိန်မြှင့်လာတဲ့သဘောလို့ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။
ကိုလှိုင်း/ Myanmar Now



