
ဗီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့်သာ သုံးလကျော် ရုံးထုတ်စစ်ဆေးခံရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ရုံးချိန်းများတွင် ၎င်းနေထိုင်ရာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်းနေအိမ်အနီးတွင် သီးသန့်တရားရုံးဖွင့်ကာ စစ်ဆေးရန် အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေသည်ဟု သိရကြောင်း ရှေ့နေက ပြောသည်။
“ဘယ်လိုစစ်မှာလဲဆိုတာတော့ အတိအကျမသိရသေးဘူး။ အရင်လို Video Conferencing နဲ့ မဟုတ်တော့ဘူး။ လူကိုယ်တိုင် တရားခွင်တွေ့ရမှာပါ”ဟု ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။
ဇဗ္ဗူသီရိမြို့နယ်တရားရုံး၌ Video Conferencing ဖြင့် ခြောက်ကြိမ်မြောက်ရုံးချိန်းအဖြစ် ယနေ့ (မေ ၁၀) စစ်ဆေးစဉ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မေ ၇ ရက်စွဲပါ ညွှန်ကြားစာအရ ထိုသို့စီစဉ်ထားသည့်အကြောင်း တရားသူကြီးက အသိပေးခြင်းဖြစ်သည်။
လေ့လာသူများဝင်ရောက်ခွင့်ရှိမရှိ၊ တရားခွင်မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့တွေ့ ခွင့်ရမရမှာမူ ဖေဖော်ဝါရီ ၂ရက်မှစသည့် ရုံးချိန်းမှစ၍ ယနေ့တိုင် တိကျရေရာစွာမသိရသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ် မင်းမင်းစိုးက ပြောသည်။
“ဒီနေ့ရုံးချိန်းမှာဆိုရင် ရှေ့နေနဲ့ တွေ့ခွင့်ရဖို့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်က နှစ်ကြိမ်တောင်ပြောတယ်” ဟု ၎င်းက ဆိုသည်။
တရားသူကြီးက နောက်တစ်ကြိမ်ရုံးချိန်း၌ လူတွေ့ရုံးထုတ်စစ်ဆေးမည်ဖြစ်၍ ရှေ့နေနှင့် တွေ့ခွင့်ကိစ္စ အဆင်ပြေသွားနိုင်ကြောင်းပြောသည့်အခါ ရှင်းလင်းသည့်အဖြေမဟုတ်၍ ပြန်လည်ရှင်းပြရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ထို့ကြောင့် တရားသူကြီးက ရဲတပ်ဖွဲ့ထံ သဘောထားတောင်းရာ အမြန်ဆုံးဆောင်ရွက်ပေးပါမည်ဟူသည့် အဖြေသာရခဲ့သည်ဟု ၎င်းကဆိုသည်။
“စွပ်စွဲခံရသူနဲ့ တွေ့ပြီးတော့မှ ဘယ်လိုခုခံကာကွယ်မလဲဆိုတာ ဆက်ပြီးဆောင်ရွက်လို့ရမှာပါ”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာမြင်တွေ့ရသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့်ပစ္စည်း လက်ဝယ်ကိုင်ဆောင်မှု ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇တို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။
ထို့အတူ ၎င်း၏ အနီးကပ်လုံခြုံရေးတပ်ဖွဲ့မှ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင် တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် စစ်ကောင်စီကတစ်မှု၊ ဦးညီညီဆိုသူကတစ်မှု တရားစွဲထားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံနိုင်သည့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် မတ် ၂၅ တွင် ရန်ကုန်မြို့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးး၌လည်း တရားစွဲဆိုထားသလို ပြစ်ဒဏ်ကြီးလေးသည့် အဂတိလိုက်စားမှုဆိုင်ရာ ကိစ္စများကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု စစ်ကောင်စီက ဆိုထားသည်။
ဥပဒေချိုးဖောက်ပြီး အာဏာသိမ်းယူထားသည့် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိုသို့ပုဒ်မပေါင်းများစွာတပ်၍ စွပ်စွဲနေသော်လည်း နိုင်ငံအနှံ့မှ လူထုက ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များကို ချက်ချင်းးလွှတ်ပေးရန် ဆန္ဒပြတောင်းဆိုနေကြဆဲဖြစ်သည်။