သတင်း

စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားမည်ဟု DRPA ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးရုံးများကို ပစ်မှတ်ထားပြီး ရန်ကုန်၊ မန္တလေး၊ မြင်းခြံနှင့် တောင်ငူမြို့တို့တွင် ဧပြီ ၂၈၊ ၃၀၊ မေ ၁ နှင့် ၂ တို့၌ ဖောက်ခွဲရေးများ လုပ်ဆောင်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) ဆိုသည့် အဖွဲ့က ယနေ့ (မေ ၉) တွင် ကြေညာလိုက်သည်။  

ရန်ကုန်တိုင်းအတွင်း ရန်ကင်း၊ ကမာရွတ်၊ သာကေတ၊ စမ်းချောင်း၊ တောင်ဥက္ကလာပနှင့် မြောက်ဒဂုံ စသည့် မြို့နယ် ၆ ခုတွင် ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း DRPA အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ဖုန်းဆက်ပြောကြားသည်။ 

“အဓိကကတော့ဗျာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အထိုင်ချတဲ့နေရာတွေပေါ့။ စစ်ကောင်စီက တပ်စွဲထားတဲ့နေရာတွေကို ဖောက်ခွဲတာပေါ့” ဟု ထိုအမျိုးသားက ပြောသည်။

“စစ်ကောင်စီက အုပ်ချုပ်ရေးနဲ့ လုပ်ငန်းတွေ လည်ပတ်နေတဲ့နေရာတွေ ပါတယ်။ သူတို့တပ်စွဲထားတဲ့နေရာတွေ ပါတယ်။ ကျွန်တော်တို့ အဲ့ဒီနေရာတွေကို အဓိကထားပြီး သူတို့ အလုပ်လုပ်လို့မရအောင်၊ အုပ်ချုပ်လို့မရအောင် ဖောက်ခွဲမှုတွေ လုပ်ဆောင်တာပါ” 

ယနေ့တွင် မရမ်းကုန်း သမိုင်းလမ်းဆုံရှိ မီတာရုံး၊ လှိုင်မြို့နယ် အထက ၂ ကျောင်းနား၊ ကမာရွတ် ဂမုန်းပွင့်ရှေ့၊ စမ်းချောင်း ဟံသာဝတီအဝိုင်းအနီး ယာဉ်ထိန်းရဲရုံး၊ မင်းလမ်းထိပ်ရှိ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။  

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့် တိုက်ခိုက်ရေးလုပ်ငန်းစဉ်များဆွေးနွေးလျက်ရှိပြီး တောတွင်းတိုက်ပွဲနှင့် မြို့ပေါ်တိုက်ပွဲများ ပူးတွဲလုပ်ဆောင်ရန်ရှိသည်ဟုလည်း အဆိုပါအဖွဲ့က ဆိုသည်။  

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနေမှုများ ရပ်တန့်ရန်လည်း ၎င်းတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို တောင်းဆိုထားသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ယမန်နေ့ (မေ ၈) အထိ စစ်ကောင်စီလက်နက်ကိုင်များက ၇၇၆ ဦးကို ပစ်သတ်ခဲ့ပြီး ၃၈၁၃ ဦးကို ထိန်းသိမ်းထားသည်။ ထိုကိန်းဂဏန်းမှာ AAPP က ဆက်သွယ်စုံစမ်းထားသည့် အရေအတွက်သာဖြစ်သည်။

AAPP ၏ စာရင်း မှားယွင်းနေကြောင်း၊ စာရင်းထဲရှိ ၇ ဦးမှာ ၎င်းတို့လက်ချက်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ သတင်းစာများတွင် ဧပြီ ၃၀နှင့် မေ ၂ ရက်နေ့များက ငြင်းဆိုသည်။

ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင်မူ စစ်ကောင်စီပြောခွင့်ရအရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦးအပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။

စစ်ကောင်စီ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာရှိ သတင်းတစ်ပုဒ်တွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများသုံးကာ အကြမ်းဖက်နေသည်ဟု ဖော်ပြထားသည်။

ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် စုံစမ်းဖော်ထုတ်နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button