
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ကွတ်ခိုင်မြို့နယ်အတွင်း မေ ၅ ရက်ကတည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
ကွတ်ခိုင်မြို့နယ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ ယမန်နေ့ (မေ ၇) မွန်းလွဲပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ပန်ဆေးဆိုတဲ့ ပလောင်ရွာရှိတယ်။ အဲဒီဘေးကရွာမှာဖြစ်တယ်လို့ ပြောတယ်။ အဲဒီမှာဖြစ်တော့ ဒီကွတ်ခိုင်မှာရှိတဲ့ ဗျူဟာတပ်ကနေ လက်နက်ကြီးပစ်တာပေါ့။ ဗျူဟာတပ်က ပစ်တာဆိုတော့ လက်နက်ကြီးသံတော့ ကြားရတယ်” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
ကွတ်ခိုင်မြို့နယ် နမ့်ခုံကျေးရွာအနောက်ဘက်တွင် စစ်ကောင်စီတပ်နှင့် MNDAA၊ TNLA ပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ရုပ်သံဖိုင်အရ သိရသည်။
ရှမ်းမြောက်တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကမူ အောက်ခြေသတင်းများ တက်လာခြင်း မရှိသေးဟု ပြောသည်။
“ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ ကွတ်ခိုင်၊ မန်ဘန်နားမှာ ဖြစ်တာရှိတယ်။ အဲဒီတုန်းက နှစ်နေရာ ဖြစ်တာပေါ့။ ဟိုနေ့က ဖြစ်တာက သူတို့ ထိုးစစ်ဆင် ပြီး လာတိုက်လို့ တိုက်ပွဲဖြစ်တာ။ သူတို့ လာတိုက်ရင်တော့ တိုက်ပွဲဖြစ်တာပေါ့။ ဒီနေ့ကတော့ ကျွန်တော်တို့ဆီ သတင်းတက်လာတာ မရှိသေးဘူး”ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ယမန်နေ့ (မေ ၇) တွင် ပြောသည်။
မေလ ၅ ရက်က MNDAA တပ်နှင့် စစ်ကောင်စီတပ် ခမရ (၃၆၉)တို့ ကွတ်ခိုင်မြို့နယ် ပိန်းဟွယ်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၇)ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရရှိကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
မေ ၅ ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။