ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြအပြီး လူစုခွဲသွားသော လူငယ် ၈ ဦးထက်မနည်း ယနေ့ (မေ ၇) နံနက်ပိုင်းတွင် အဖမ်းခံရသည်ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးက ပြောသည်။
ဗျိုင်းရေအိုးစင်လမ်း အထပ်မြင့်တိုက်များပေါ် တက်သွားသည့် လူငယ်များကို ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။
“ပွဲအပြီး လမ်းထဲကို လူစုခွဲဝင်တဲ့အခါမှာ အိမ်ပေါ်ကနေ ဆင်းခိုင်းပြီးတော့ ပြေးတက်တဲ့နေရာတွေကို လိုက်ဖမ်းတာပါ။ ဒါက လမ်းတစ်လမ်းအနေနဲ့ပဲ သိရသေးတယ်။ ၈ ယောက်လောက်တော့ ပါတယ်လို့တော့ သိရတယ်”ဟု ၎င်းက ပြောသည်။
အနည်းဆုံး ရာဂဏန်းရှိသည့် စစ်ကောင်စီဆန့်ကျင်သူ ဆန္ဒပြလူငယ်များသည် “ရဲဘော် ချိုင်းထောက်၊ အရာရှိ တိုက်ဆောက်” “ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး” “စစ်အာဏာရှင် ကျဆုံးရေး” စသည့် ကြွေးကြော်သံများဖြင့် တာမွေဈေးအနီးတစ်ဝိုက် ပြောက်ကျားစနစ်ဖြင့် ချီတက်ခဲ့ကြသည်။
ယနေ့ တာမွေပြောက်ကျားလှုပ်ရှားမှုတွင် ရန်ကုန်မြို့၏ မြို့နယ်အသီးသီးမှ လူငယ်များ ပါဝင်ကြ၍ မည်သည့်မြို့နယ်မှ လူငယ်များ အဖမ်းခံရသည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ထိုဆန္ဒပြခေါင်းဆောင်က ပြောသည်။
ပြောက်ကျားဆန္ဒပြပွဲများဖြစ်၍ လူငယ်များပါဝင်နိုင်စွမ်း ပိုမိုကောင်းမွန်လာသော်လည်း စစ်ကောင်စီတပ်များ၏ အရပ်ဝတ်ဖြင့် စောင့်ကြည့်နေမှုများကို သတိထား၊ ရှောင်ရှားနေရသည်ဟု ၎င်းက ပြောသည်။
“ဒါပေမယ့် သတိထားရတာ တစ်ခုက ဟိုဘက်ကနေပြီးတော့ ဖမ်းဆီးမှုပုံစံနဲ့ အရပ်ဝတ်နဲ့ စောင့်ကြည့်နေတဲ့ ပုံစံကတော့ ကျပ်တည်းသွားတာမျိုးရှိတဲ့အတွက် ပိုပြီးတော့ ဂရုစိုက်ရတာမျိုးတော့ ရှိပါတယ်။ လှုပ်ရှားမှုတွေကတော့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ပြီးတော့ ရှိနေဦးမှာပါပဲ”ဟု ၎င်းက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းချိန်မှာ မေ ၅ အထိ ပစ်ခတ်နှိမ်နင်းမှုများကြောင့် ပြည်သူ ၇၇၂ ဦး သေဆုံးသွားခဲ့ပြီး အမှန်တကယ်သေဆုံးသူအရေအတွက်မှာ ထို့ထက်ပိုနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (မေ ၆)၌ ထုတ်ပြန်ထားသည်။
AAPP ၏မှတ်တမ်းများအရ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသူ ၃၇၃၈ ဦးထက်မနည်း ရှိနေပြီဖြစ်ပြီး ၈၄ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။
စစ်ကောင်စီတပ်များ၏ နေ့ရော၊ ညပါ ဖိနှိပ်အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲများ နည်းပါးသွားသော်လည်း ပြီးခဲ့သည့် ဧပြီ ၂၄ မှစ၍ လမ်းမများပေါ် ပြန်ထွက်၍ ပြောက်ကျားနည်းဖြင့် ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ထွက်လာသည်။
ယမန်နေ့ (မေ ၆) ညနေပိုင်းကလည်း တိုင်းရင်းသားပေါင်းစုံနှင့် လူငယ်များပါဝင်သည့် ပြောက်ကျားဆန္ဒပြပွဲကို ရန်ကုန်မြို့လယ်တွင် ပြုလုပ်ခဲ့ကြသည်။



