သတင်း

စစ်တပ်ကဖမ်းဆီးပြီး သေဆုံးသွားသည့် ပြည်မြို့ခံတစ်ဦး သင်္ဂြိုဟ်ခွင့်ပင်မရ

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့၌ ရိုက်နှက်ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် သေဆုံးသွားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခွင့်ပြုရန် စစ်ကောင်စီတပ်ဖွဲ့က ငြင်းဆန်ခဲ့ကြောင်း ကွယ်လွန်သူ၏ မိသားစုဝင်များက Myanmar Now ကို ပြောသည်။

“အလောင်းကို အခေါင်းထဲထည့်ပြီးတော့မှ ခေါင်းပိုင်းလောက်ပဲခေါ်ပြတယ်။ မျက်နှာရယ်၊ လည်မျိုရယ်၊ ပါးစောင်တွေရယ်မှာ ညိုမည်းတွေစွဲနေတာ။ တွေ့ပြီးသွားရင် ခင်ဗျားတို့ပြန်တော့ ဒီမှာကျင်းတူးပြီးသားတဲ့ စစ်သားတွေက အဲဒီလိုပြောတယ်” ဟု သေဆုံးသူ၏ ညီမဖြစ်သူက ပြောသည်။

သေဆုံးသွားသူမှာ မေ ၄ ရက် ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်လှိုင်(ခ) ကိုကျေးဖြစ်ပြီး နောက်တစ်ရက်တွင် ရွှေတောင်မြို့ရှိ စစ်ဆေးရုံ၌ အလောင်းလာကြည့်ရန် ပြည်မြို့အမှတ်(၁) ရဲစခန်းက မိသားစုထံ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 

ပြည်မြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့၌ ဧပြီ ၂၄ ရက်က ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ဆေးရန်ရှိသည်ဆိုကာ ကိုအောင်မြင့်လှိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် ကားပေါ်မှ ခုန်ချ၍ အသက်ဆုံးခဲ့ရခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့က အကြောင်းပြခဲ့သည်ဟု သေဆုံးသူ၏ ညီမက ပြောသည်။

“မင်းကို စစ်ဆေးစရာရှိတယ်ပေါ့နော်။ စစ်ဆေးပြီးရင် ပြန်ပို့ပေးမှာတဲ့။ အဲဒီမှာပါတဲ့ ဗိုလ်တစ်ယောက်က ပြောတယ် သူ့အသက်နဲ့လဲပြီး အာမခံတယ် ဘာမှမဖြစ်စေရပါဘူးဆိုပြီး ခေါ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းခေါ်သွားပြီးနောက် တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့များက ရပ်ကွက်အတွင်းသို့ ကိုအောင်မြင့်လှိုင်ကို မော်တော်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာကာ အခြားသုံးဦးကို ထပ်မံရိုက်နှက် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ 

“ရိုက်တဲ့အချိန်မှာ အမေရေ သားသေပါပြီ၊ သားကိုကယ်ပါဦး အသံအကျယ်ကြီး ကျွန်မတို့ ကြားလိုက်တယ်။ နောက်တော့ အသံပျောက်သွားတယ်။ အဲဒါက ပါးစပ်ထဲကို အဝတ်ထိုးထည့်ပြီး တောက်လျှောက်ရိုက်တာတဲ့” ဟု ညီမဖြစ်သူက ပြောသည်။

ထိုသို့ ရပ်ကွက်အတွင်းသို့ နောက်တစ်ကြိမ်ပြန်ရောက်လာချိန်တွင် ရိုက်နှက်ခံရသည့်ဒဏ်ဖြင့် ကိုအောင်မြင့်လှိုင် လဲကျသွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပေါ်၌ တရွတ်တိုက်ဆွဲခေါ်သွားသည်ကို တွေ့မြင်လိုက်သည့် အိမ်နီးချင်းများလည်းရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စုံစမ်းမေးမြန်းမည်ဟု ဖမ်းခေါ်ခံရပြီးနောက် သေဆုံးသွားသည့် ကိုအောင်မြင့်လှိုင်မှာ ဗုံးပေါက်သည့်နေ့တွင် ဒုလ္လဘရဟန်းဝတ်နေသဖြင့် ဗုံးပေါက်ကွဲမှုနှင့် သက်ဆိုင်ခြင်းမရှိသည်ကို သက်သေပြနိုင်ကြောင်း မိသားစုဝင်များက အခိုင်အမာပြောသည်။

ကိုအောင်မြင့်လှိုင်အတွက် ရက်လည်ဆွမ်းကျွေးကို မေလ ၈ ရက်တွင် ပြုလုပ်ရန် မိသားစုဝင်များက စီစဉ်ထားသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီးနောက် အလောင်းသာပြန်ရသည့် ဖြစ်စဉ်အများအပြားရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များဖြစ်သော ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်နှင့် ‘စု’ အသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်းတို့မှာ မတ်လအတွင်းက ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မေလ ၅ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၇၆၉ ဦးရှိပြီး ၄,၈၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။ 

Show More

Related Articles

Back to top button