သတင်း

တိုက်ပွဲဖြစ်နေဆဲ ဟားခါးမြို့တွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိလာ 

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယမန်နေ့ (မေ ၄) ညပိုင်းတွင် စစ်တပ်မှ တစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိလာသည်။ 

ဟားခါးမြို့ မြို့ပတ်လမ်းပေါ်ရှိ အင်းဝဘဏ်အနီးတွင် ယမန်နေ့ ည ၈ နာရီခွဲခန့်၌ စစ်တပ်နှင့် CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“အင်းဝဘဏ်ရှေ့ ဘီအိုစီဘေးနားမှာ အမြဲတမ်းကင်းစောင့်နေတဲ့ စစ်သားနှစ်ယောက်ကို သွားပစ်တယ်။ အဲ့ဒီမှာ တစ်ယောက်က ပွဲချင်းပြီးကျတယ်။ တစ်ယောက် ကျည်ထိတယ်” ဟု CDF (ဟားခါး) မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီက ဖမ်းဆီးထားသည့် ဟားခါးမြို့ခံ ၆၀ နီးပါးကို မေ ၂ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြန်လွှတ်ပေးရန် CDF က တောင်းဆိုခဲ့ရာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခြင်း မရှိသဖြင့် သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ 

မေ ၂ ညပိုင်းတွင် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်၊ လုံခြုံရေးဂိတ်စခန်းကို CDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်မှ ၄ ဦး သေဆုံးသည်။ မေ ၃ ညတွင်လည်း အမှတ် ၆ လမ်းဆုံရှိ လုံခြုံရေးဂိတ်ကို CDF က ဝင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသည်ဟု CDF ဘက်က ဆိုသည်။ 

ဟားခါးမြို့ ညပိုင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိလာသော်လည်း ၎င်းတို့ဒေသခံများဘက်မှ ထိခိုက်ကျဆုံးသူမရှိဟု CDF က ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် ယမန်နေ့မှစ၍ ဟားခါးမြို့အဝင်အထွက်ဂိတ်များကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ 

“လုံခြုံရေးက တအားတင်းကျပ်တယ်။ ရဲစခန်းမှာတောင် သေနတ်နဲ့ကိုင်ပြီး ကင်းစောင့်နေတာ။ စစ်သားတွေက ကားနဲ့ ကင်းလှည့်တာမျိုးတင်မဟုတ်ဘဲ လမ်းလျှောက်ပြီး မြို့ထဲမှာ ကင်းလှည့်တာမျိုးရှိတယ်။ မြို့ထဲကတော့ ပုံမှန်အတိုင်း အသွားအလာရှိတယ်။ စျေးဆိုင်တွေလည်း ဖွင့်တယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့နံနက်ကလည်း ပစ်ခတ်မှုဖြစ်ခဲ့သော အင်းဝဘဏ်အနီး၌ နေထိုင်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခုခံတော်လှန်ရန် ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုနှင့် ပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ စုစည်းကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force) ကို ဧပြီလဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ 

ဧပြီလကုန်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများကြား ၄ ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ နီးပါး သေဆုံးခဲ့သည်။ 

Show More

Related Articles

Back to top button