အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထီးလင်းမြို့နယ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား၊ ဒေသခံများတိမ်းရှောင်နေရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် ယနေ့ (မေ ၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံများ တိုက်ပွဲထပ်မံဖြစ်ပွားသဖြင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ယမန်နေ့ နံနက်ပိုင်းက ထီးလင်းမြို့နယ် ပညာရေးမှူးရုံးတွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ ထီးလင်းမြို့မှ ၃ မိုင်ခန့်အကွာရှိ ထန်းပင်ကုန်းရွာသို့ ရဲနှင့် စစ်တပ်က လာရောက်ရှာဖွေရာတွင် ဒေသခံ ရွာသားများနှင့် အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်။ 

ယမန်နေ့က အပြန်အလှန်ပစ်ခတ်မှုအတွင်း ရွာသားနှစ်ဦးနှင့် စစ်ကောင်စီဘက်မှ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက Myanmar Now ကို ပြောကြားထားသည်။ 

သေဆုံးသူ ရွာသားတစ်ဦးမှာ အသက် ၄၀ အရွယ် ကိုဇော်လင်းဦးဖြစ်ပြီး နံကြားနှင့် ပခုံးတွင် ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ နာရေးကို ဆွေမျိုးများနှင့် အကျဉ်းရုံးပြုလုပ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကိုဇော်လင်းဦး၏ ဇနီးသည်က ပြောသည်။ 

“မနေ့ကတော့ ဆွေမျိုးသားချင်းတွေနဲ့ နာရေးလုပ်တယ်။ ညကျတော့ ရွာမှာ မနေရဲဘူး။ ရှောင်နေရတယ်။ ဒီနေ့မနက်လည်း တိုက်ပွဲဖြစ်သံတွေ၊ ပစ်ခတ်သံတွေ ကြားရတယ်” ဟု ၎င်းက ပြောသည်။ 

ကိုဇော်လင်းဦးတွင် သားသမီး ၃ ဦး ကျန်ရှိခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူနည်းတူ ကျန်ထန်းပင်ကုန်းရွာခံများလည်း နီးစပ်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

ထီးလင်းမြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ရန်ပြုတိုက်ခိုက်ကြောင်း၊ အကြမ်းဖက်အဖွဲ့မှ အမျိုးသားသုံးဦး သေဆုံးပြီး ထန်းပင်ကုန်းရွာမှ အသက် ၂၉ နှစ်အရွယ် နေမျိုးအောင်ဆိုသူအား ဒဏ်ရာများဖြင့် ဖမ်းမိကြောင်း စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်ထားသည်။ 

မကွေးတိုင်းအနောက်မြောက်ပိုင်းရှိ ထီးလင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ မြို့နယ်များအပါအဝင် ဆက်စပ်လျက်ရှိသော ချင်းပြည်နယ် မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များကို ဒေသခံများက ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံ တော်လှန်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button